News

POST TYPE

ENTERTAINMENT

ဝါဝါဝင်းရွှေနဲ့ တွေ့ဆုံခြင်း
29-Nov-2019
“ဘယ်ကားရိုက်ရိုက် ကုန်ကျစရိတ်ကို အန်တီဝါ မှတ်ကို မမှတ်ဘူး။ အနုပညာကို ဖန်တီးချင်တဲ့အတွက် မှတ်လို့လည်း မရဘူး”



ဝါရင့်သရုပ်ဆောင်ဝါဝါဝင်းရွှေနဲ့ တွေ့ဆုံခိုက် ရှင်ဥပဂုတ္တ( ရဟန္တာမထေရ်)မြတ်ကြီးရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်တဲ့အကြောင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေအကြောင်းနဲ့ ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : ရှင်ဥပဂုတ္တ (ရဟန္တာမထေရ်) မြတ်ကြီး ရုပ်ရှင် ရိုက်ဖို့ ဘယ်လိုမျိုးဖြစ်ပေါ်လာတာလဲ။ စိတ်အားထက်သန်မှုကရော ဘယ်လောက်ထိရှိခဲ့လဲ။
WWWS : ဒီရုပ်ရှင်ဇာတ်ကားက အခုတော့ ပြီးသွားပြီပေါ့ နော်။ ဒီကားရိုက်ဖို့ပြီးမြောက်ဖို့က အန်တီဝါက လွန်ခဲ့တဲ့ ဆယ်နှစ်က စပြီးတော့ အန်တီဝါရဲ့ အိပ်မက်ထဲက ရဟန္တာမထေရ်မြတ်ကြီးကို ပူဇော်ခြင်းက ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ လေ့လာတယ်။ ဆည်းပူးတယ်။ ပြီးတော့ ဇာတ်ကောင်တွေကိုရွေးတယ်။ ကွန်ပျူတာနဲ့ပုံဖော်ပါ တယ်။ အဲဒီခေတ်မှာ ဘုရင်က ဘယ်လိုဝတ်တယ်။ လူများက ဘယ်လို ပဝါချတယ်။ တံငါသည်က ဘယ်လိုဝတ်တယ်။ ရဟန္တာ အပါအဝင် ရသေ့ကြီး ကလည်းပဲ ဘယ်လိုဆင်ယင်ထုံးဖွဲ့လဲဆိုတာ အမှန်တွေကို အရင်ဆုံး ဆွေးနွေးပုံဖော်ရတယ်။ မရိုက်ခင်ကတည်းက Pre Production အပိုင်းကို တစ်နှစ်လောက်လုပ်ရပါတယ်။ စရိုက်တာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်က စရိုက်တယ်။ အန်တီဝါတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်ပါ။ နေ့စဉ် နေ့တိုင်း မြတ်စွာဘုရား ဦးထိပ်ထားပြီးတော့ သရဏဂုံသုံးပါးကို ဆည်းကပ်တယ်။ ဒီရုပ်ရှင်မှာ အားလုံးဖူးမြော်နိုင်ဖို့ မြတ်စွာဘုရားကို ပူဇော်ခြင်း၊ ဖူးမြော်ခြင်း ကြီးစွာသော ကုသိုလ်တွေရကြပါစေဆိုပြီးတော့ ရိုက်ဖြစ်တာပါ။ အန်တီဝါရဲ့အနုပညာနဲ့ ပူဇော်ခြင်းပဲဖြစ်ပါတယ်။ 

Voice : ဒီရုပ်ရှင်မှာ ဘယ်လိုအထူးပြုလုပ်ချက်တွေ ပါဦးမလဲ။ 
WWWS : အထူးထူးသော CGI ဆိုတဲ့ အထူးပြုလုပ်ချက် တွေက အန်တီဝါတို့မြန်မာလေးတွေဟာ တကယ်တော့တော်ကြပါတယ်။ တော်ကြတာကိုလည်း မြင်ရမှာပါ။ နိုင်ငံခြား CGI လိုတော့ ကြည့်ပြီး တော့လို့ ဝေဖန်လို့တော့မရဘူးပေါ့။ နိုင်ငံခြား CGI ဆိုတာက ဒေါ်လာပေါင်း သန်းပေါင်းခြောက်ဆယ်လောက် ကုန်ခံပြီး ကမ္ဘာအနှံ့လည်းပြတယ်လေ။ အန်တီဝါတို့က ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ကလေးတွေကို မြှင့်တင်တာပေါ့။ သူတို့ကိုလည်း ကြိုးစားခိုင်းတယ်။ အန်တီဝါကိုယ်တိုင် ကလည်း CGI ကို ဝါသနာပါတဲ့အတွက်ကြောင့်မို့ အထူးပြုလုပ်ချက်တွေ သေချာတစ်ခါတည်းလုပ်ထားတယ်။ အနုပညာရှင်တွေကို လာကြည့်ကြမယ့် ပရိသတ်တွေကလည်း ကောင်းသောအမြင်နဲ့ ကြည့်မယ်ဆိုလို့ ရှိရင် အားလုံးကျေနပ်ကြမှာပါ။ 

Voice : အန်တီဝါရဲ့ အနုပညာမျိုးဆက်သစ်တွေလည်းပါတယ်နော်။ 
WWWS : အန်တီဝါရဲ့ မျိုးဆက်ဆိုရင် မြေးလေး ဝါရွှေနွယ်သွေးဝင်းပါ။ ငယ်ပါသေးတယ်။ အဲတုန်းကတော့ ၁၆ နှစ်ပေါ့နော်။ မြေးလေးကို မင်းသမီးလေးနေရာမှာ တစ်ခန်းပါပေးပါ။ ကူညီပေးပါဆိုလို့ သူ ပါဖြစ်သွားတယ်။ မြေးလေးကိုလည်း အန်တီဝါက ပရိသတ်ကို သူ့မျက်နှာလေးကို မိတ်ဆက်ပေးထားပါတယ်။ မင်းသမီးလေး လီလီကျော်ခိုင်ရဲ့ အငယ်ခန်းကပေါ့။ 

Voice : ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်က ဘယ်လောက် အထိ ကုန်ခဲ့သလဲ။ 
WWWS : အန်တီဝါက အမှန်ပြောရင် ဘယ်ကားရိုက်ရိုက် ကုန်ကျစရိတ်ကို အန်တီဝါ မှတ်ကို မမှတ်ဘူး။ အနုပညာကို ဖန်တီး ချင်တဲ့အတွက် မှတ်လို့လည်းမရဘူး။ အန်တီဝါတို့ ရိုက်ရိုးရိုက်စဉ် ခေတ် ဇာတ်ကားမဟုတ်တဲ့အတွက်ကြောင့် ဆက်တင်တွေ၊ ဝတ်စားဆင်ယင်မှု တွေ၊ ဒီဇိုင်နာတွေ အဖွဲ့လိုက် အဖွဲ့လိုက်တွေ မိတ်ကပ်၊ ဆံပင်အဖွဲ့ ပေါင်းစုံ အဲဒါတွေပါဝင်ပြီးတော့ တွက်ရင်တော့ သုံးကားစာလောက်တော့ရိုက်ထားတယ်။ မှန်းသာကြည့်လိုက်ပါ။

ခင်ညိုညိုသိမ့်