News

POST TYPE

ENTERTAINMENT

ဦးကြည်စိုးထွန်းနဲ့ တွေ့ဆုံခြင်း
07-Nov-2019
“အမှန်တော့ ခေါင်းတွဲပြောင်းသွားတာပေါ့လေ။ ကျွန်တော်တို့အနေနဲ့တော့ မပြောင်းစေချင်ဘူး။ တောက်လျှောက်သက်တမ်းကုန်တဲ့အထိ၊ သွားစေချင်တာပေါ့” 



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးကြည်စိုးထွန်းနဲ့ တွေ့ဆုံခိုက် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း တာဝန်မှ နုတ်ထွက်သွားတဲ့အကြောင်းရင်းနဲ့ ဥက္ကဋ္ဌအသစ် ဦးညီညီထွန်းလွင်အပေါ် အမြင်တွေကို မေးမြန်းထားပါတယ်။ 

Voice : မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အပြောင်းအလဲဖြစ်သွားတဲ့အပေါ်မှာ နာယကတစ်ဦးအနေနဲ့ ဘယ်လိုမျိုး ပြောချင်ပါလဲ။ 
KST : အမှန်တော့ ခေါင်းတွဲ ပြောင်းသွားတာပေါ့လေ။ ကျွန်တော်တို့အနေနဲ့တော့ မပြောင်းစေချင်ဘူး။ တောက်လျှောက် သက်တမ်းကုန်တဲ့အထိ သွားစေချင်တာပေါ့။ မေတ္တာလည်းရပ်ခံပါတယ်။ ပြီးတဲ့အထိအောင် လုပ်လိုက်ပါလား။ အဲဒါက ပိုပြီးတော့ ကောင်းတယ်။ အကြံပေးကြပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။ သူ့မှာလည်း (ဦးဇင်ဝိုင်း)၊ အခက်အခဲတွေ ရှိတယ်ပေါ့လေ။ သူလည်း ဆန္ဒမရှိတော့ဘူး။ ကျွန်တော်တို့ကလည်း သူ့အခက်အခဲဆိုတာ ဖြေရှင်းပေးနိုင်တဲ့ အနေအထားမျိုးမှာ မရှိတဲ့အခါကျတော့ ဒါကတော့ သူ့ရဲ့ ဆန္ဒအတိုင်း အနားယူလိုက်တာပေါ့နော်။ နောက်ခေါင်းတွဲအသစ် ပြောင်းရတာပေါ့။ အဆင်ပြေပါတယ်။ ဦးညီညီထွန်းလွင်ကို ဥက္ကဋ္ဌတင်မြှောက်ပြီးတော့ ညီညွတ်တာလေးအတွက်တော့ ဝမ်းသာတာပေါ့။ နာယကအဖွဲ့ကတော့ မီးရထားတွဲကြီးမောင်းတဲ့နေရာမှာ ဘယ်နေရာမှ မပါဘူး။ နောက်တွဲလည်းမပါဘူး။ ရှေ့တွဲလည်းမပါဘူး။ ဒါပေမဲ့ မီးရထားတွဲကြီးသွားနိုင်အောင်လို့တော့ အကြံဉာဏ်ပေးလို့ရတယ်။ ဘာကိုတိုက်တွန်းချင်လဲဆိုတော့ ဒီထက်ပိုပြီး စည်းစည်းလုံးလုံးရှိကြဖို့ ပိုပြီးတော့ အားထုတ်ကြဖို့ပါပဲ။ 

Voice : ဦးဇင်ဝိုင်းက ဘယ်လိုမျိုးအခက်အခဲတွေရှိလို့ ရုတ်တရက် နုတ်ထွက်သွားလဲဆိုတာကို ခန့်မှန်းမိလား။ 
KST : သူ့ဆန္ဒအတိုင်းပါပဲ။ ဒါကအမှန်ဆုံးပဲ။ ပရိသတ်တွေအနေနဲ့ရော၊ မီဒီယာတွေအနေနဲ့ရော နားလည်ပေးကြဖို့ပါပဲ။ ကျွန်တော်တို့ နာယကအဖွဲ့တွေကတော့ ဒါအမှန်ပြောရရင်တော့ မထွက်စေချင်ဘူး။ ထွက်တယ်ဆိုတာ နားတယ်ဆိုတာ မပြီးသေးခင်နားတာ သိပ်မကောင်းဘူးလေ။ သို့သော်လည်း သူ့အခက်အခဲရှိမှာပါ။ 

Voice : ဆိုရှယ်မီဒီယာတွေက ဝေဖန်နေကြတာကတော့ ပထမတစ်ခါတုန်းကလည်း သက်တမ်းမကုန်ခင် နုတ်ထွက်တယ်။ အခုလည်း အကြောင်းပြချက်ကိုမသိလိုက်ရတဲ့အတွက် ဦးဇင်ဝိုင်းဘက်ကနေ ရပ်တည်ပြီး ပြောချင်တဲ့စကားများရှိလား။ 
KST : သူက ကျွန်တော်တို့ထက် ဘာတာဝန်ရှိလဲ။ ကျွန်တော်တို့က လောကသားတွေ တင်မြှောက်ထားတဲ့ နာယကမဟုတ်ဘူး။ ရုပ်ရှင်လောကသားတွေ တင်မြှောက်ထားတဲ့ အဖွဲ့ကနေပြီးတော့ တင်မြှောက်ထားတဲ့ နာယကဖြစ်တယ်။ သူတို့မှာတော့ တာဝန်ရှိတယ်။ တာဝန်ပိုကြီးတယ်။ အဲဒါကို ဝေဖန်လို့တော့ မရဘူး။ သူ့စိတ်နဲ့သူ သူ့ဆန္ဒအလျောက်ပါ။ မထွက်ရင်တော့ ကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူမြင်လို့ကောင်းတယ်။ လူကြည့်လို့လည်း ကောင်းတယ်။ သူ့အနေနဲ့လည်း ကောင်းတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း ကောင်းတယ်။ ဒီစကားတော့ ပြောပါတယ်။ 

Voice : ဥက္ကဋ္ဌအသစ် ဦးညီညီထွန်းလွင်အပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးချင်ပါလဲ။
KST : ကျေနပ်ပါတယ်။ သူက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လည်းဖြစ်တယ်။ ဇာတ်ညွှန်းရေးဆရာ တစ်ယောက်လည်းဖြစ်တယ်။ အကယ်ဒမီဆုရှင်လည်းဖြစ်တယ်။ အနှောင်အဖွဲ့လည်း နည်းတာပေါ့နော်။ အဲဒီအတွက် အချိန်ပိုပေးနိုင်တယ်။ ကျေနပ်စရာဝမ်းသာစရာကောင်းပါတယ်။ ယဉ်ကျေးတယ်။ သိမ်မွေ့တယ်။ ဂါဝရတရား၊ နိဝါတ တရားလည်းရှိတယ်။ အစဉ်အဆက်အားဖြင့်ကြည့်ရင်လည်း အဖေကလည်း ဇာတ်ညွှန်းရေးဆရာ၊ အစ်ကိုကလည်းဇာတ်ညွှန်းသရုပ်ဆောင်တစ်ယောက်လည်းဖြစ်တယ်။ ရုပ်ရှင်မျိုးရိုးလို့တောင် ပြောလို့ရတယ်။ ဇာတ်ညွှန်းဆရာ များများကတော့ စာဖတ်ရတယ်။ စာပေလည်း နှံ့စပ်တော့ လူမှုဆက်ဆံရေးလည်းကောင်းတယ်။ လောကကြီးလည်း ကောင်းအောင် လုပ်ပေးနိုင်မယ်။ အဲတော့ ကိုညီညီထွန်းလွင်ကို အများကြီးမျှော်လင့်ထားပါတယ်။ 

ခင်ညိုညိုသိမ့်