POST TYPE

ENTERTAINMENT

ဖွေးဖွေးနဲ့ တွေ့ဆုံခြင်း
06-Nov-2019

“ဟာသက ဖွေးအတွက် ထွေထွေထူးထူး အားထုတ်ရတာမရှိဘူး။ အပြင်မှာလည်း ပေါတောတောနဲ့ ပျော်ပျော်ပဲနေတာ” 



သရုပ်ဆောင်ဖွေးဖွေးနဲ့ တွေ့ဆုံခိုက် ရောသမမွှေ ရုပ်ရှင်ဇာတ်ကားကြီး အကြောင်း၊ ဟာသကို တစ်နှစ်တစ်ကားသာ ရိုက်ဖြစ်တဲ့အကြောင်းနဲ့ ဇာတ်အပေါ်ထားတဲ့ ယုံကြည်ချက်တွေကို မေးမြန်းထားပါတယ်။

Voice : ရောသမမွှေရိုက်ဖို့ ဘယ်အချက်တွေကိုသဘောကျလို့ လက်ခံဖြစ်တာလဲ။
PP : ဒီကားလေးရိုက်ဖို့ပြောထားတာ တစ်နှစ်ကျော်လောက်ရှိပြီ။ ပြီးတော့ ဖွေးဆုံးဖြတ်ထားတာက တစ်နှစ်မှာ ဟာသကားတစ်ကားကောင်းကောင်းရိုက်မယ်။ တစ်ကားဆို တစ်ကားဆိုသလောက်ပေါ့နော်။ တစ်ကားကိုပဲ အရမ်း ကိုယ်တိုင်ပါကြည့်ချင်တဲ့ကား၊ ဟာသကားမျိုးရိုက်မယ်ပေါ့နော်။ ရောသမမွှေက လာခေါ်တော့ ပါမယ့်သူတွေကလည်း အကုန် ရုပ်ရှင်သရုပ်ဆောင်တွေရော၊ ဂီတလောက,က အဆိုတော်တွေရော၊ Fcaebook က ဆယ်လီတွေရော အကုန်လုံးပါတယ်။ ဒီနာမည်နဲ့လည်း လိုက်တယ်။ အခု ရွေးချယ်ထားတဲ့သူ အကုန်လုံးကို ဖွေးကိုယ်တိုင်က ချစ်လို့ လက်ခံခဲ့တာပါ။ 

Voice : ထုတ်လုပ်သူက ကိုသားစိုးလည်းဖြစ်တယ်။ သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ဆိုတော့ ဘယ်လိုမျိုး ဖြစ်မယ်ထင်လဲ။
PP : ဇာတ်လမ်းကတော့ လျှို့ဝှက်ခိုင်းထားသေးတယ်ပေါ့နော်။ တစ်ခုပြောတာနဲ့ အကုန်လုံး ပေါ်သွားမှာဆိုတော့ ဇာတ်လမ်းက ထူးထူးဆန်းဆန်းလေးပါ။ သဘာဝလွန်ဇာတ်လမ်းလေးပေါ့နော်။ အဲလောက်လေးတော့ ပြောလို့ရတယ်။
ကိုသားစိုး ရေးထားတယ်ဆိုပေမယ့် လိုအပ်တာလေးတွေ တချို့နေရာလေးမှာ ဦးဇော်က ပြင်မှာပေါ့နော်။ နှစ်ယောက်ပေါင်းပြီးတော့ ဖန်တီးမှာပေါ့။ 

Voice : ဖွေးက ဇာတ်လည်းရွေးတယ်။ ကိုယ့်နေရာလည်း အရမ်းကြည့်တယ်ဆိုတော့ ဘယ်လိုမျိုး ယုံကြည်ချက်ရှိမှ ရိုက်တာလဲ။ 
PP : ရှင်းရှင်းလေးပါပဲ။ ဖွေးကိုယ်တိုင် ကြည့်ချင်တာ။ ရုပ်ရှင်ဆို အကုန်ကြိုက်တယ်။ ဘိုဆန်ဆန်ကားလေးတွေလည်း ကြိုက်တယ်။ ဒရာမာ အရမ်းနက်နက်နဲနဲတွေလည်း ဖွေးကြိုက်တယ်။ ဟာသလည်း ကြိုက်တယ်။ ကောင်းရင် အကုန်ကြိုက်တယ်။ 

Voice : ဟာသဆိုရင်ရော ဘယ်လိုမျိုးတွေ လုပ်တာ ကြိုက်တာလဲ။ 
PP : ဟာသက ဖွေးအတွက် ထွေထွေထူးထူး အားထုတ်ရတာမရှိဘူး။ အပြင်မှာလည်း ပေါတောတောနဲ့ ပျော်ပျော်ပဲနေတာ။ အလုပ်မှာသာ တည်တည်နေတာ။ အိမ်မှာဆို ပျော်ပျော်ပဲနေတယ်။ ဟာသသိပ်ပြီးတော့ အားထုတ်စရာမလိုဘူး။ ဟာသဆိုပြီးတော့ လုပ်ကွက်လည်းမရှိဘဲနဲ့ အာပြဲကြီးတွေနဲ့ အရမ်းအော်နေလို့လည်းမဖြစ်ပြန်ဘူးလေ။ ပလော့ခ်လေးတွေလည်း ကောင်းတယ်။ ပရိသတ်က ရယ်အောင် လုပ်ရတာလည်း ခက်တယ်။ ငိုအောင်လုပ်ရတာလည်း ခက်တယ်။ တကယ့်ကို ပီပြင်မှရမှာပေါ့နော်။ ဟာသ ဇာတ်ကိုတော့ အဲလိုလေးတွေတော့ ရွေးချယ်ရပါတယ်။ 

ခင်ညိုညိုသိမ့်