News

POST TYPE

ENTERTAINMENT

နေခြည်ဦးနဲ့ တွေ့ဆုံခြင်း
06-Oct-2019
“အပြင်မှာဆိုရင် နေခြည်ဦး ချေတယ်။ Brand တွေသုံးတယ်။ မီးပူဇောက်ထိုး မျိုးစုံပြောကြတယ်”



Beauty Blogger အဖြစ်မှ နာမည်ကြီး သရုပ်ဆောင်ဖြစ်လာတဲ့ နေခြည်ဦးနဲ့ တွေ့ဆုံခိုက် Paris Fashion Week တက်ရောက်ခဲ့တဲ့ အတွေ့အကြုံအကြောင်း၊ အခမ်းနားဆုံး မေတ္တာရုပ်ရှင်အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : Paris Fashion Week တက်ရောက်ခဲ့တဲ့ အတွေ့အကြုံလေးလည်း ပြောပြပါဦး။
NCO : နေခြည်ကြိုက်တဲ့ ဒီဇိုင်နာတွေနဲ့ ကပ်ပြီးတော့ စကားပြောခွင့်ရခဲ့တဲ့ ဖီလင်ပေါ့နော်။ ကမ္ဘာကျော် တကယ့်အနုပညာရှင်တွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။ နောက်ပြီးတော့ After Party ကတော့ နေခြည့်အတွက် လုံးဝ မမေ့နိုင်ဘူးပေါ့။ အပြင်မှာ သူငယ်ချင်းတွေနဲ့ စကားပြောနေသလို ကမ္ဘာကျော်တွေနဲ့ စကားပြောခွင့်ရခဲ့တယ်။ ဓာတ်ပုံတွေလည်း ရိုက်ခွင့်ရတယ်။ ဒီနှစ်ကတော့ နေခြည် တော်တော်လေးကို အားရတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရတယ်။

Voice : နေခြည်က ဘယ်လို Brand တွေ အဝတ်များလဲ။ ၅၇ သိန်းတန် ညဝတ်အင်္ကျီအကြောင်းလည်း ပြောပါဦး။
NCO : နေခြည်ကတော့ နေခြည်ဝတ်တဲ့အင်္ကျီက ဘယ်ဟာက ဘယ်လောက်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ကိုယ်က လူတွေစောင့်ကြည့်ခံနေရတဲ့အတွက် ဘာလေးပဲဖြစ်ဖြစ်ပေါ့နော်။ ဈေးနဲ့ပတ်သက်ပြီးတော့ ဝေဖန်တဲ့သူလည်းရှိတယ်။ အားပေးတဲ့သူလည်းရှိတယ်။ ရယ်တယ်လို့ ပြောတဲ့သူရှိတယ်။ ငိုတယ်လို့ပြောတဲ့သူ ရှိတယ်။ နေခြည်က အဓိကတော့ Fashion Week သွားတာ ကိုယ်က မိုက်နေရမယ်။ မြန်မာနိုင်ငံကဆိုပြီး လုံးဝအထာကျနေရမယ်။ ဒါက ဘယ်နိုင်ငံက စော်လဲဆိုပြီးတော့ ဖြစ်စေချင်တယ်။ တကယ်လည်း အပြင်မှာ ဖြစ်တယ်ပေါ့နော်။ နေခြည်က ဟိုမှာ အခုထွက်တာမျိုး ဝတ်တာမျိုး မဟုတ်ဘူး။ နင်ဘယ်နိုင်ငံကလဲလာမေးတယ်။ တချို့ဆို မြန်မာနိုင်ငံကို မသိသေးတဲ့သူတွေ အများကြီးရှိသေးတယ်ပေါ့နော်။ ဒါမျိုးတွေမှာ ကိုယ်က Attending လေးတစ်ခုရတယ်ဆိုရင် နေခြည်က ပျော်တယ်။ ကိုယ့်နိုင်ငံမှာ ဒီလိုဈေးကြီးတာမျိုး ဝတ်သွားတယ်ဆိုတာ နေခြည်စခဲ့တာမဟုတ်ပါဘူး။ ဟိုမှာ ကိုယ့်ရဲ့ ချပြတဲ့ ကွန်တက်တွေက Attending လေးတစ်ခုရဖို့အတွက် နေခြည်လုပ်ခဲ့တာပါ။

Voice : ပဲရစ်မှာ အတွင်းခံဖက်ရှင်တွေ ဝတ်ဖြစ်တာကရော။
NCO : ဒီနိုင်ငံမှာ အဲလိုဝတ်လိုက်ရင် ဒီမှာက ဘယ်သူမှ အားပေးမှာ မဟုတ်ဘူးလေ။ ရန်ကုန်နဲ့ ဘန်ကောက်သွားတာတောင် မရဘူးလေ။ ဟိုမှာကျတော့ တကယ်လည်း လုပ်သင့်တဲ့ နေရာမှာ လုပ်သင့်လုပ်ထိုက်တယ်လို့ နေခြည်ထင်တယ်။ ကိုယ်အားစိုက်ထုတ်နိုင်မယ့် အခြေအနေအခွင့်အရေးတွေ အများကြီးရှိတယ်။ မိဘပံ့ပိုးမှုလည်း ရှိတယ်။ ကိုယ်တိုင်ကလည်း ကြိုးစားချင်စိတ်ရှိတယ်ဆိုရင် အဲလိုမျိုး Fashion Week ကို သေချာလေးပြင်ဆင်ပြီးသွားချင်တယ်။ အဲလိုမဟုတ်ဘဲနဲ့ နေခြည်အိမ်မှာရှိတာ အဆင်ပြေတာလေး ဝတ်သွားလို့ရတယ်။ အဲလိုမဟုတ်ဘဲ နေခြည် သေချာကိုပြင်ဆင်သွားတယ်။ ပြင်ဆင်သွားတဲ့အတွက် ကိုယ်ရတဲ့ Attending တွေ ပြန်ဖိတ်ကြားတဲ့ပွဲတွေ ပြန်ရတဲ့ကွန်တက်တွေက တန်ဖိုးမဖြတ်နိုင်ပါဘူး။ 

Voice : အခမ်းနားဆုံးမေတ္တာလည်း နေခြည်ပရိသတ်တွေ ကြည့်ဖို့နီးလာပြီနော်။
NCO : နေခြည်ကလေ ရိုက်ထားတာ ခြောက်ကားပဲရှိသေးတယ်။ ရုပ်ရှင်တွေ အများကြီးရိုက်ထားတဲ့ မင်းသမီးလည်းမဟုတ်ဘူး။ ကံကောင်းတာပေါ့နော်။ နေခြည်ရိုက်တဲ့ကားတွေက ကိုယ်နဲ့ပါတဲ့ မင်းသမီးတွေ၊ မင်းသားတွေက အကြီးတွေဖြစ်တော့ ချက်ချင်းကို ရုံတင်ရတဲ့အတွက် နေခြည့်မှာ ချပြချင်တာဆိုရင် ဖက်ရှင်ကအစ စကားလုံးတွေကအစ ချက်ချင်း ပြန်တက်တော့ ကိုယ့်အတွက် အရမ်းကောင်းတယ်။ ဒါပေမဲ့ ကိုယ်ကသရုပ်ဆောင်မကောင်းလို့ရှိရင် ပရိသတ်ဆီ ချက်ချင်းတုံ့ပြန်တာ ပြန်ကြားရတယ်။ ဒီကားလေးမှာလည်း နေခြည်အရှေ့မှာ လေးကားလောက်ရိုက်ပြီးတဲ့ချိန်မှာ ကိုနေတိုးနဲ့ တွဲရမယ်ဆိုတော့ စိတ်လှုပ်ရှားနေတာ အကောင်းဆုံးလည်း ပြင်ဆင်ခဲ့တယ်။ အပြင်မှာဆိုရင် နေခြည်ဦး ချေတယ်။ Brand တွေသုံးတယ်။ မီးပူဇောက်ထိုး မျိုးစုံပြောကြတယ်။ ဒါပေမဲ့ နေခြည် လိပ်ပြာကာရိုက်တာကို ရအောင်ချိုးထားတယ်။ ငါစွဲကို ဖျောက်ထားတယ်။

ခင်ညိုညိုသိမ့်