News

POST TYPE

ENTERTAINMENT

အလင်းရောင်နဲ့ တွေ့ဆုံခြင်း
13-Aug-2019

“ကိုယ့်အမေ မဟုတ်ပေမယ့် ရိုင်းစိုင်းတဲ့စိတ်နဲ့ သရုပ်ဆောင်မှာဆိုတော့ လန့်တော့လည်း လန့်တယ်”



သရုပ်ဆောင်အလင်းရောင်နဲ့ တွေ့ဆုံခိုက် လက်ခံထားသော ရုပ်ရှင်ဇာတ်ကားများအကြောင်းနဲ့ မကြာခင် ရုံတင်ပြသတော့မယ့် ပပဝတီစီရင်ခန်း ရုပ်ရှင်ဇာတ်ကားအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : လက်ရှိ အနုပညာလှုပ်ရှားမှုလေးအကြောင်း ပြောပေးပါဦး။
ALY : ငါတို့သည်ဆိုတဲ့ ရုပ်ရှင်ကားလေးရိုက်ထားတယ်။ နောက်ထပ်က အမေကြောင့်ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးပါမယ်။ 

Voice : အမေ့ကြောင့် ရုပ်ရှင်ဇာတ်ကားက ဘယ်လိုပုံစံမျိုး ဖြစ်မှာလဲ။
ALY : အမေ့ကြောင့်ကတော့ အဓိကအမေနဲ့သားနဲ့ ဇာတ်ပေါ့နော်။ ပရိသတ်အရမ်းမုန်းမယ့် ကာရိုက်တာမျိုးပါ။ အမေ့ကို ရက်ရက်စက်စက် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတဲ့ သားတစ်ယောက်အနေနဲ့ ပါဝင်ရမှာပါ။ 

Voice : အမေ့ကြောင့် ရုပ်ရှင်မှာလုပ်ရမယ့် ကိုယ့်ကာရိုက်တာ မြန်မာအမြင်နဲ့ကြည့်ရင် လက်ခံနိုင်ဖို့ ခဲယဉ်းမယ်နော်။ စိန်ခေါ်မှုများလား။ 
ALY : ဒီကားက ဘယ်လိုမျိုး စိန်ခေါ်မှုရှိမလဲဆိုတော့ ဟိုးအရင်ကတည်းကလည်း ကျွန်တော်အတွက် ချဲလင့်န်ဖြစ်မယ့် ကာရိုက်တာမျိုးတွေကို ကျွန်တော် ပိုပြီး စိတ်ဝင်စားတယ်။ အခု တော်တော်များများက ဒီလို ကာရိုက်တာမျိုးကျတော့ မရိုက်စေချင်ကြဘူး။ ဝိုင်းတားကြတာမျိုးလည်း ရှိတယ်။ ကိုယ်တိုင်လည်း အဲလိုမျိုး အကြောင်းအရာ တွေးလိုက်ပြီဆိုရင် ကြက်သီးထတဲ့အထိ ဖြစ်တယ်။ ဇာတ်ကားထဲက အမေက ကိုယ့်အမေ မဟုတ်ပေမယ့် ရိုင်းစိုင်းတဲ့ စိတ်နဲ့ သရုပ်ဆောင်မှာဆိုတော့ လန့်တော့လည်းလန့်တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် ချဲလင့်န်ဖြစ်မယ်လို့ ထင်လို့ ကျွန်တော်လက်ခံဖြစ်တာပါ။ 

Voice : ဒါဆို ဒုတိယမြောက်ဗီလိန် ဇာတ်ရုပ်ဖြစ်နေမလား။
ALY : ကာဗွန်ဒိုင်အောက်ဆိုဒ်တုန်းကတော့ အချစ်ရဖို့ လုပ်တာပေါ့နော်။ ဒါကတော့ ငယ်ငယ်လေးကတည်းက မိဘမေတ္တာမရခဲ့ဘူး။ အမေက တခြားမိဘမဲ့ကလေးတွေကို ပိုပြီးတော့ ဂရုစိုက်တယ်။ ကိုယ့်ကိုဆို ဂရုမစိုက်တာတွေ များလာတဲ့ချိန်မှာ စိတ်ဒဏ်ရာရတဲ့ ကလေးတစ်ယောက်အနေနဲ့ပေါ့နော်။ ဟဲဗီးဒရာမာလို့ ပြောလို့ရပါတယ်။

Voice : ပပဝတီစီရင်ခန်းကလည်း ရုံတင်တော့မယ်ဆိုတော့ ရင်ခုန်သံကရော။
ALY : ပပဝတီစီရင်ခန်းက မမိုးနဲ့ (မိုးဟေကို) ၊ မဖွေးနဲ့ နှစ်ယောက် အားပြိုင်တဲ့ကား ကျွန်တော်နဲ့ ကိုထွန်း (ထွန်းထွန်း) နဲ့က ဇာတ်ကို ဘေးကနေပြီးတော့ ပံ့ပိုးပေးရတာပေါ့နော်။ ဒီကားကထွက်လာရင်လည်း ပရိသတ်တွေ တော်တော်များများ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။ အောက်လမ်းတွေလည်းပါတယ်။ 

Voice : မမိုးနဲ့ မောင်နှမ သရုပ်ဆောင်ရတာဆိုတာ့ ကာရိုက်တာစိတ်ဝင်စားဖို့ ကောင်းနေပြီနော်။ 
ALY : ကျွန်တော်က မမိုးအစ်ကိုလုပ်တာဆိုတော့ အဲကားမှာ ရှိန်တာတော့ ရှိန်တယ်။ ဒါပေမဲ့ မမိုးက Actor အကြီးတွေဆိုတော့ အသစ်တွေနဲ့ ခင်သွားအောင် လိုက်ပြီးတော့ စကားပြောပေးတယ်။ လိုက်ပြီးတော့ နောက်ပြောင်နေတော့ စိတ်ကအရမ်းကြီး ဖိအားမရှိတော့ဘဲ နည်းနည်းလျော့လျော့လာတာပေါ့။ မမိုးနဲ့ ဇာတ်ကားတွေလည်း ပြောဖြစ်တယ်။ အဲကားပြီးတော့လည်း မမိုးထုတ်လုပ်ရေးနဲ့ပဲ ဇာတ်ကားထပ်ရိုက်ဖြစ်သေးတယ်။ အရမ်းကြီးတော့ မစိမ်းတော့ဘူး။ ကျွန်တော် ပပဝတီစီရင်ခန်းမှာ ကျွန်တော် လူကြီးလိုမျိုးဖြစ်အောင် လုပ်ထားတယ်။ မမိုးနဲ့ သရုပ်ဆောင်တဲ့အချိန်မှာ အစ်ကိုတစ်ယောက်အနေနဲ့ ဖြစ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။

ခင်ညိုညိုသိမ့်