News

POST TYPE

ENTERTAINMENT

ဝါဆိုမိုးဦးနဲ့ တွေ့ဆုံခြင်း
11-Aug-2019
“မြန်မာလူမျိုးတွေအနေနဲ့ ဒီလိုဇာတ်ကားကောင်းကို ဂုဏ်ယူပြီး ကြည့်သင့်တယ်”



သရုပ်ဆောင် ဝါဆိုမိုးဦးနဲ့ တွေ့ဆုံခိုက် ကြီးမြတ်သော မြန်မာရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ အမှတ်တရများအပြင် မဏိစန္ဒာအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေကိုလည်း မေးမြန်းခဲ့ပါတယ်။ 

Voice : ကြီးမြတ်သောမြန်မာရုပ်ရှင်ဇာတ်ကားအကြောင်းလေးလည်း ပြောပါဦး။
WSMO : ဇာတ်လမ်းလေးကတော့ Documentary လေးနဲ့ ပေါင်းထားတယ်။ နောက်ပြီးတော့ ပုဂံခေတ်က အကြောင်းတွေရော မြန်မာနိုင်ငံက အရမ်းလှပတဲ့နေရာတွေလည်း အများကြီးပါတယ်။ ဝါဆိုကတော့ ပုဂံခေတ်က ဇာတ်ကောင်နေရာက သရုပ်ဆောင်ရတာပေါ့နော်။ မဏိစန္ဒာပေါ့။ ရိုက်ကွင်းပေါ်ရောက်တဲ့အထ် အကုန်လုံးသူတို့ပဲ စီစဉ်ပေးတာ။ ဝါဆိုတို့က လူပဲသွားရုံပဲ။ ကာရိုက်တာ ဘယ်လိုသရုပ်ဆောင်ရမလဲ။ ဇာတ်ညွှန်းကို ပေးထားတယ်။ 

Voice : ရိုက်ကူးရေးအတွေ့အကြုံလေးတွေရှိခဲ့ရင်လည်း ပြောပြပေးပါဦး။
WSMO : အမှတ်တရတွေကတော့ အရမ်းများပါတယ်။ ဒီကားလေးရိုက်ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်ကဆိုတော့ အမှတ်တရတွေအနေနဲ့က ကိုရီးယားတွေနဲ့ ပူးပေါင်းပြီးတော့ အလုပ်လုပ်ရတာရယ်။ နိုင်ငံခြားသားတွေဆိုတော့ အရမ်းတိကျတယ်။ မနက်ငါးနာရီဆိုအသင့်ရှိနေရတယ်။ မိတ်ကပ်တွေ၊ ဆံပင်တွေ ပြင်ဆင်ပြီးပေါ့နော်။ MRTV4 အဖွဲ့ကလည်း အရင်ကတည်းက ဝါဆိုနဲ့ ခင်မင်ရင်းနှီးနေကြတယ်။ အမှတ်တရဆိုရင် ပျော်စရာတွေချည်းပဲ များပါတယ်။ အခက်အခဲတွေရှိရင်လည်း ပျော်စရာတွေ အနေနဲ့ပဲ ဖြစ်သွားတယ်။ 

Voice : မဏိစန္ဒာက အရှေ့မှာလည်း ဝါရင့်သရုပ်ဆောင်တွေလည်းလုပ်ထားဖူးတော့ ကိုယ်အလှည့်ကျတော့ ဘယ်လိုတွေ ဖြစ်သေးလဲ။ 
WSMO : တာဝန်တော့ ကြီးတာပေါ့လေ။ မဏိစန္ဒာအတွက် ဝါဆိုကလည်း အဲတုန်းကငယ်သေးတာကိုး လွန်ခဲ့သော ငါးနှစ်ကဆိုတော့ ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကိုယ့်ကို တာဝန်ပေးတော့ အရမ်းလည်း ပျော်တယ်။ သရုပ်ဆောင်အနေနဲ့ပေါ့နော်။ ဒီလိုကားမျိုးကိုလည်း ပထမဦးဆုံး အနေနဲ့လည်း ရိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူတယ်။ မဏိစန္ဒာနေရာ ကနေ အရင်ခေတ်ကပုံစံမျိုးတွေကို ဝတ်ဆင်ရတယ်။ ပုဂံခေတ်က ပုံစံမျိုး တွေဝတ်ရတော့ ကိုယ့်ကို ကျက်သရေ ရှိတယ်လို့ ခံစားရတယ်။ ရိုက်နေကျကားတွေနဲ့တော့ မတူဘူး။ ပိုပြီး ထူးခြားတယ်။ ဝါဆိုဘဝမှာ မမေ့နိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

Voice : ဒီဇာတ်ကားလေးက ကမ္ဘာမှာ မြန်မာရယ်လို့ ဂုဏ်ယူရမယ့်ဇာတ်ကားမျိုး ဖြစ်မလား။ 
WSMO : သေချာတာပေါ့။ ဘာလို့လဲဆိုရင် မြန်မာလူမျိုးတိုင်းက ဒီဇာတ်ကား ကြီးမြတ်သော မြန်မာဆိုတဲ့ ဇာတ်ကားကို ဂုဏ်ယူပြီး ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ဝါဆိုတို့ မြန်မာနိုင်ငံကြီး ဘယ်လောက်လှပကြောင်း၊ ဘာသာရေးဘယ်လောက်ထွန်းကားကြောင်း ဒီကားမှာပဲ သက်သေထူပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ နောက်ပြီး Documentary ဆိုတဲ့ သဘောအရပေါ့နော်။ တချို့မသိသေးတဲ့ လူကြီးတွေတောင် မသိသေးတဲ့အရာတွေအားလုံးကို ဝါဆိုတို့ မြန်မာနိုင်ငံကြီး သမိုင်းကြောင်းအရာအားလုံးကို သူတို့က မြန်မာစကားပြောနဲ့တင် အကုန်လုံး ရိုက်ကူးရေးနဲ့အတူတူ ပြောပြထားတယ်။ မြန်မာလူမျိးတွေအနေနဲ့ ဒီလိုဇာတ်ကားကောင်းကို ဂုဏ်ယူပြီး ကြည့်သင့်တယ်လို့ ဝါဆိုက ထင်ပါတယ်။ 

Voice : အခု ရုပ်ရှင်ပိတ်ကားထက်မှာ မြင်ရတော့မယ်ဆိုတော့ ရင်ခုန်မှုက။ 
WSMO : ဝါဆိုတို့က ကိုယ်ပါရတဲ့ အခန်းပဲသိတာလေ။ ကျန်ခဲ့တဲ့ဟာတွေက ဘယ်လိုရိုက်ခဲ့ရလဲဆိုတာ၊ ဘယ်လိုအခက်အခဲတွေ ကြုံရလဲဆိုတာမသိခဲ့ရဘူး။ အခုဇာတ်ကားရုံတင်ပြီး ခမ်းခမ်းနားနားတွေ တကယ်ရိုက်ခဲ့ပါတယ်။ အရမ်းလည်းပင်ပန်းတယ်။ ကြည့်တဲ့သူတွေ တစ်မိနစ်စာလေးကတောင် ခဏလေးသာဆိုပေမယ့် တကယ့်ရိုက်ကူးပုံဖော်မယ်ဆိုတော့ အခက်အခဲပေါင်းများစွာ၊ လူအင်အားပေါ့နော်။ ရုန်းကန်ပြီး ဖန်တီးခဲ့ရတာဖြစ်ပါတယ်။ ကြည့်ရှုသူတွေ၊ အားပေးမှုတွေများတယ်ဆိုရင် ဖန်တီးရတဲ့သူတွေ ပင်ပန်းရကျိုးနပ်တယ်လို့ ပြောချင်ပါတယ်။

ခင်ညိုညိုသိမ့်