News

POST TYPE

ENTERTAINMENT

နှိုင်းယှဉ်မြင့်မိုရ်နဲ့ တွေ့ဆုံခြင်း
17-Jul-2019
“အခုချိန်မှာ ပိုက်ဆံထက် အလုပ်လုပ်ချင်နေတဲ့ စိတ်က ပိုလိုအပ်နေတယ်။ အခုနေရိုက်မယ်လို့သာပြောလိုက် အထုပ်ဆွဲပြီး လာဖို့ အဆင်သင့်ပဲ”



ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်နဲ့ တွေ့ဆုံခိုက် ကားရိုက်မရှိတဲ့ ဇာတ်ပို့ဇာတ်ရံတွေ အတွက် အလုပ်ရဖို့ ကြိုးစားနေတဲ့အကြောင်းနဲ့ သရုပ်ဆောင်နေထူးနိုင်နဲ့အတူ ကားရိုက်ရရေးအတွက် စီစဉ်ထားတာတွေကို မေးမြန်းထားပါတယ်။ 

Voice : လက်ထပ်ပါရစေ ကားမှာလည်း သရုပ်ဆောင်ထားတယ်ဆိုတော့ ဇာတ်ကားလေးအကြောင်း ပြောပြပါဦး။
NS : ဒီကားလေးကို ရိုက်ကတည်းက စိတ်ဝင်စားတယ်။ နှိုင်းယှဉ်ကိုလည်း သေချာနေရာလေး ပေးထားတယ်ပေါ့နော်။ ဒီကားလေးကသွက်တယ်။ ပြီးတော့ မထင်မှတ်တဲ့ဟာလေးတွေလည်း ပါတယ်။ ဒီကားထဲက မင်းသမီးပေါ့ မအားဝေ။ မအားဝေက သူသရုပ်ဆောင်တာကျတော့ နှိုင်းယှဉ်တို့ကြည့်နေတဲ့ မင်းသမီးတွေလိုတော့ အက်တင်မလုပ်ဘူး။ အပြင်မှာ နေတဲ့ထိုင်တဲ့ပုံ စကားပြောတဲ့ပုံအတိုင်းကို သွားတာ။ အဲဒီအတွက်ကို အက်တင်လုပ်နေတယ်လို့ကိုမမြင်ဘူး။ မခံစားရဘူး။ ပေါ့ပေါ့ပါးပါးနဲ့ Relax ဖြစ်တယ်။ နှိုင်းယှဉ်တို့အတွက်ကတော့ ထူးဆန်းနေတာပေါ့နော်။ 

Voice : ဇာတ်ပို့ဇာတ်ရံတွေအတွက် အလုပ်ရဖို့အတွက်ကို အင်တိုက်အားတိုက်လုပ်နေတာ တွေ့ရတယ်။ ဘာတွေလုပ်ဖို့ ရှိနေတာလဲ။
NS : နှိုင်းယှဉ်က ဦးဆောင်တာတော့မဟုတ်ဘူး။ နှိုင်းယှဉ်လည်း ဘာမှမလုပ်တတ်ဘူး။ ဘာမှမလုပ်တတ်လို့ ကိုယ်လည်း ဒီလိုပဲနေနေတာ။ အပြင်မှာ ဇာတ်ပို့ဇာတ်ရံတွေ မကြာခဏတွေ့ ဖြစ်ကြပါတယ်။ လက်ဖက်ရည်သောက်ရင်း မုန့်စားရင်းနဲ့ သူများအလှူတွေ မင်္ဂလာဆောင်တွေမှာ တွေ့ဖြစ်ကြတယ်။ ဘာမှမပြောဖြစ်ကြဘူးလေ။ တွေ့လိုက်ရင် အဆင်မပြေဘူး၊ ကားရိုက်မရှိဘူး၊ အဲလိုမျိုးတွေပဲပြောပြီး ပြန်ပြန်သွားကြတယ်။ နှိုင်းယှဉ်တို့ ဇာတ်ပို့တွေ တစ်ယောက်ပြီးတစ်ယောက် ရေးပြီးတင်လာကြတော့ မနေနိုင်တော့ ကိုနေထူးနိုင်က ဇာတ်ပို့တွေကိုလှမ်းပြီးတော့ ဆက်သွယ်တယ်။ နှိုင်းယှဉ်တို့အဆင့်နဲ့တန်တဲ့ မုန့်တီဆိုင်မှာပဲ စကားပဲပြောကြတာ။ အစည်းအဝေးလုပ်တာလည်း မဟုတ်ဘူး။ ဆွေးနွေးပွဲတွေလုပ်တာလည်း မဟုတ်ဘူး။ အဲလိုမျိုးလည်း နှိုင်းယှဉ်တို့မှာ လုပ်ခွင့်လည်းမရှိပါဘူး။ တစ်ယောက်ချင်းစီရဲ့ ခံစားချက်ကိုမေးတယ်။ ပြီးတော့ ဘယ်လိုတွေလုပ်လို့ရပါတယ်။ ဒီလမ်းကြောင်းလေးက ဘယ်လိုသွားလို့ရတယ်။ ကိုနေထူးနိုင်ကနေပြီးတော့ လမ်းကြောင်းလေးကို ချပြတယ်။ လူအများကြီလည်း မလာကြဘူး။ နှိုင်းယှဉ်တို့ ၈ ယောက်လောက်ပဲ စကားပြောဖြစ်ကြတယ်။ နားလည်တဲ့သူ လက်တွဲပြီးလုပ်မယ်။ နားမလည်တဲ့သူ မလုပ်ဘဲ နေလိမ့်မယ်။ အတင်းလာပါလို့လည်း မခေါ်ဘူး။ ဘာမှလည်း ချုပ်ကိုင်ထားတာမရှိဘူး။ ရိုးရိုးတန်းတန်းတွေ့ ပြီးစကားပြောကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေကို ရှယ်ကြတယ်။ ဒီလောက်ပါပဲ။

Voice : ဒါဆို ကိုနေထူးနိုင်ပြတဲ့လမ်းကြောင်းက အထောက်အကူပြုနိုင်ပါ့မလား။
NS : ပြုပါတယ်။ နှိုင်းယှဉ်တို့ သွားနားထောင်တဲ့ ရှစ်ယောက်၊ ကိုးယောက်စလုံးက အရမ်းကို အားတက်လာခဲ့ရပါတယ်။ အရမ်းလည်း ကျေနပ်ပါတယ်။ ဘာမှမသိ၊ ဘာမှ နားမလည်၊ ဘယ်သူမှ လမ်းပြမှုမရှိ၊ ဘယ်သူမှ ဦးဆောင်မှုမရှိတာထက်စာရင် အစ်ကိုက ဖျတ်ခနဲ အလင်းလေးတစ်ချက် ပေးလိုက်သလိုပါပဲ ခံစားရပါတယ်။ 

Voice : အဲဒီအစီအစဉ်တွေကဘာများလဲ။ ဘယ်တော့လောက် အကောင်အထည်ဖော်မလဲ။
NS : အစီအစဉ်တွေကတော့ ပြောလို့မရသေးပါဘူး။ တဖြည်းဖြည်းနဲ့ သွားမှာပါ။ အခုလည်း နှိုင်းယှဉ်တို့ လူလည်း သိပ်မစုံသေးဘူး။ အပြင်မှာ မကြာမကြာလေးတော့ တွေ့ပြီးတော့ စကားပြောရမှာပေါ့။ 

Voice : အလုပ်မရတော့ စိတ်ဓာတ်ကျနေပြီလား။
NS : အဲဒါကြောင့် ကိုနေထူးနိုင်ကို ပြောတယ်။ တစ်နေ့တစ်နေ့ ဘာကိုမှန်းမသိဘူး၊ စောင့်နေရတာ မဖြစ်ချင်ဘူး။ အခုချိန်မှာ ပိုက်ဆံထက် အလုပ်လုပ်ချင်နေတဲ့စိတ်က ပိုလိုအပ်နေတယ်။ အခုနေ ရိုက်မယ်လို့သာပြောလိုက် အထုပ်ဆွဲပြီး လာဖို့အဆင်သင့်ပဲ။ အလုပ်လုပ်ချင်စိတ်တွေ ဖြစ်မယ်။ အဲဒါမှ ကျနေတဲ့စိတ်တွေ ပြန်တင်လို့ရမယ်။ အကုန်လုံးက စိတ်က အောက်ဆုံးဆင့်ကိုကျနေပြီ။ ဘယ်လောက်ထိဆိုးလဲဆိုရင် နှိုင်းယှဉ်နဲ့ အမျိုးသားက သရုပ်ဆောင်တွေပဲ။ ဒါပေမဲ့ အိမ်မှာသရုပ်ဆောင်မယ့်အကြောင်း၊ ကားရိုက်ရတဲ့အကြောင်း တစ်ခွန်းမှ မပြောကြဘူး။
 
ခင်ညိုညိုသိမ့်