News

POST TYPE

ENTERTAINMENT

သက္ကမိုးညို ခေါ် ဒေါက်တာဝင်းကိုကိုသိန်းနှင့် တွေ့ဆုံခြင်း
16-Jul-2019

“CCTV မှတ်တမ်းက အပြည့်အဝ ယုံကြည်လို့မရနိုင်ဘူး”



ဗစ်တိုးရီးယား၏ အမှုကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားသည်ဟုဆိုကာ အီလက်ထရောနစ် ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူ သက္ကမိုးညို ခေါ် ဒေါက်တာဝင်းကိုကိုသိန်းကို The Voice Daily က သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည့် အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယားဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လိုအကြောင်းတရားမျိုးကြောင့် ကလေးရဲ့ မိသားစုဘက်ကနေ ရပ်တည်ပေးဖြစ်ခဲ့တယ်ဆိုတာ သိပါရစေ။
WKKT : ဒီဖြစ်စဉ်ကို အွန်လိုင်းပေါ်ကနေ စတွေ့မိခဲ့တာ။ ဒီပို့စ်ကို စတင်ခဲ့တာ ပိုးဖြူအကောင့်က စတင်ခဲ့တယ်။ ပိုးဖြူတင်တာက တစ်ပိုင်းပေါ့။ ဒါပေမဲ့ မအေးမျိုးဆက်က ကလေးရဲ့ဖအေနဲ့ ဖုန်းပြောခွင့်ရခဲ့ပြီး သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ စတင်ခဲ့တာပါ။ ကလေးရဲ့ အမည်ကိုလည်း ဗစ်တိုးရီးယားဆိုပြီး သူပဲ စပေးခဲ့တာပါ။ မအေးမျိုးဆက်ဘက်ဆီသွားမိတယ်၊ ကလေးမိဘနဲ့ အဆက်အသွယ်ရအောင်၊ ဘာလို့ဆို ပိုးဖြူတင်ထားတဲ့အပိုင်းမှာ လွဲမှားမှုတွေရှိနေတယ်။ ကလေးမှာ သွေးထွက်နေတယ်၊ စအိုကွဲထားတယ်ဆိုတာပေါ့။ ဒါကြောင့် မအေးမျိုးဆက်ဆီကနေ ကလေးမိဘတွေနဲ့ ချိတ်ဆက်ရအောင် ကျွန်တော် လုပ်ခဲ့တယ်။ ကျွန်တော့်သမီးကလည်း ဒီ Wisdom Hill ကျောင်းမှာ တက်နေတဲ့ကလေးပါ။ ဒါကြောင့် ဒီကိစ္စအပေါ် ပိုစိတ်ဝင်တစားဖြစ်လာမိတယ်။ ဗစ်တိုးရီးယားလေးနဲ့ သူ့မိဘတွေမှာ နောက်ထပ် ထိခိုက်မှုတွေမရှိအောင် ဘယ်လိုအကူအညီများ လိုအပ်နေမလဲ အတွေးစိတ်ကြောင့် မအေးမျိုးဆက်ဆီကနေ ကလေးမိဘနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တောင်းခဲ့တယ်။ ဗစ်တိုးရီးယားလေးရဲ့ ဖအေဖြစ်သူကလည်း ကျွန်တော့်ဆီ အကူအညီပေးဖို့ မက်ဆေ့ခ်ပြန်ပို့လာတယ်။ ဒါနဲ့ပဲ ကလေးအဖေနဲ့ ကျွန်တော် စာတိုက်ကြီးနားက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စဆုံဖြစ်ခဲ့တာ။ အဲဒီနေ့က သမ္မတကြီးထံ တိုင်ကြားစာ ပေးပို့တဲ့နေ့။

Voice : ကလေးမိဘဆီကနေ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ဆရာသိရှိထားတဲ့ အချက်အလက်တွေထဲက ပြောလို့ရနိုင်မယ့်စကားမျိုးရှိရင် စာဖတ်သူတွေ သိရှိရအောင် ပြောပြပေးစေချင်ပါတယ်။ 
WKKT : အစပိုင်းမှာ ကလေးသည် လက်နဲ့လုပ်ခံရတယ်လို့ ပြောတယ်။ ကျွန်တော်လည်း သေချာမသိခဲ့ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး ကျောင်းဘက်ကလည်း အဲဒီအချိန်က ငြင်းဆိုနေတာပေါ့။ ဘာတွေငြင်းဆိုခဲ့လဲဆို သူတို့ကို ကလေးရဲ့မှတ်တမ်းလာပြချိန်မှာ ကလေးရဲ့ မိန်းမကိုယ် ပွတ်မဆေးရဘူး။ အကယ်၍ ပွတ်ဆေးမိရင် ရောင်တတ်တယ်ပေါ့။ အဲဒီတော့ ဒီဘက်ကလည်း ပြန်စဉ်းစားရတယ် တစ်စုံတစ်ယောက်နဲ့များ ဆော့လိုက်မိလို့ ဒါမှမဟုတ် ကလေးဟာ မတော်တဆ ခုံစောင်းနဲ့ တိုက်မိလို့ သွေးများထွက်ခဲ့တာလား အတွေးဝင်မိတယ်။ ဘာလို့ဆို ကလေးအရွယ်မို့ ပြောသမျှ ယုံလို့မရနိုင်တာကြောင့်ပါ။ ဒါပေမဲ့ ဆေးစစ်ချက်အရ ကလေးရဲ့ မိန်းမကိုယ်မှာ သုက်ရည်သုက်ပိုး အနည်းငယ်တွေ့ရှိတယ်ဆိုတဲ့အဖြေကြောင့် ဒါဟာ Rape မှုဆိုတာ အသေအချာကို သိလိုက်ရတယ်။

Voice : လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လက်ရှိ အခြေအနေအရဆို Wisdom Hill ကျောင်းဘက်က ဒီဖြစ်စဉ်ဟာ သူတို့ကျောင်းဆီမှာ မဖြစ်ခဲ့ဘူးသဘော သက်ရောက်မှုပုံစံမျိုး လုပ်ဆောင်နေတယ်လို့ ဝေဖန်မှုတွေ မြင့်တက်လာတယ် ဆရာ။ ကျောင်းမှာရှိတဲ့ ဆရာမတွေကလည်း ကလေးငယ်တွေဟာ သူတို့ရဲ့ ရင်အုပ်မကွာ စောင့်ကြည့်မှုရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်စေတဲ့ စကားမျိုး မီဒီယာကနေတစ်ဆင့် ပြည်သူအပေါ် ချပြထားတယ်။ နောက်ဆုံး ကျောင်းဘက်က ရရှိတဲ့ CCTV မှတ်တမ်းကို မီဒီယာကနေတစ်ဆင့် အောင်ကြီး ကျောင်းထဲလှုပ်ရှားသွားလာမှုပုံရိပ်တွေကို ချပြခဲ့တယ်။ ဒါကလည်း အောင်ကြီးကို မုဒိမ်းမှုနဲ့ ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲတင်ပြီးနောက်ပိုင်း အခြေအနေတွေပေါ့။ အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆရာတို့ဘက်ကရော ဘာများ ပြောချင်တာရှိလဲခင်ဗျာ။
WKKT : ပထမဆုံးအပိုင်းအနေနဲ့ CCTV ကိစ္စ ကျွန်တော်စပြောချင်တယ်။ အမှန်တကယ်တော့ CCTV ဆိုတာ အထောက်အကူပြုပစ္စည်းအဖြစ် သဘောသက်ရောက်စေတယ်။ ကျောင်းမှာရှိတဲ့ CCTV ရဲ့ သတ်မှတ်အချိန်က မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ရှိတယ်။ ဒါက တစ်ပိုင်းပေါ့၊ ပြီးတော့ CCTV ဟာ ဒီမူကြိုကျောင်းမှာရှိတဲ့ CCTV မဟုတ်ဘူး။ ဟိုဘက်ကျောင်းကနေ လှမ်းထိုးထားတဲ့ CCTV၊ ဆိုလိုတာက ဒီမူကြိုကျောင်းအတွက် လုံခြုံစေဖို့အတွက် လုပ်ထားတဲ့ CCTV မဟုတ်ဘူး။ အဲဒါက တစ်ပိုင်းပေါ့၊ နောက်တစ်ခု ထပ်ပြောချင်တာက CCTV မှတ်တမ်းကို စယူကတည်းက Head Disk ကို ယူခဲ့တာမဟုတ်ဘူး။ ကျွန်တော့်ကို လက်ရှိ ရဲတပ်ဖွဲ့က တရားစွဲတဲ့အထဲမှာ အဲဒါလည်းပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒေါင်းလော့ဆွဲရယူခဲ့တာ။ ကိုပညာလည်း ဖြေထားတယ်။ ဒေါင်းလော့ဆွဲ ယူခဲ့တဲ့အပိုင်းမှာ CCTV ဟာ ပြတ်တဲ့အပိုင်းမှာ အချိန်အများကြီး ပါလာတယ်။ ကျွန်တော်ရေးထားတဲ့ စာပိုဒ်ထဲမှာလည်း ပါတယ်။ တစ်နာရီနီးပါးကြာ ပြတ်တာ။ နောက်တစ်ပိုင်းက တစ်နာရီကျော် အချိန်ကြာ ပြတ်တာပါတယ်။ နောက် ပြန်ရတယ်။ ပြန်ရတော့လည်းပဲ လုံးဝ “အစိ”မဟုတ်ဘူး။ “ဟ” ပြီး ကျန်နေရစ်တယ်။ ပြတ်သွားသောအပိုင်းကို ပြန်ရခဲ့တယ်ဆိုသော်လည်း ဥပမာပေါ့ ကျွန်တော်ပြောပြမယ် CCTV က ၁၂ နာရီကနေ တစ်နာရီ လေးမိနစ်အထိ ပြတ်သွားတယ်။ ဒါပေမဲ့ ပြန်ရတာက ၁၂ နာရီကနေ ၁၂ နာရီ ၅၀ မိနစ်အထိ ဆိုပါတော့။ ဒါဆို ၁၄ မိနစ်က “ဟ” ကျန်နေခဲ့တယ်။ အဲဒါက “ဟ”ကျန်နေရစ်ခဲ့တဲ့အပိုင်းပေါ့။ အကုန်လုံး ပြန်ရတာမဟုတ်ဘူး။ ဒီ “ဟ”ကျန်နေခဲ့တာကိုက မသင်္ကာစရာအပိုင်းပေါ့။ “ဟ”နေတဲ့ ငါးမိနစ်အတွင်းမှာ လူဝင်သွားနိုင်တယ်။ ဘာကြောင့်လဲဆို ကျောင်းထဲ အောင်ကြီးဝင်လာတယ်လို့ ပြောမယ်ဆို တကယ်တမ်းပြောရရင် စဝင်လာတဲ့ ငါးမိနစ်အချိန်ပိုင်း ဖြတ်ထားလို့ရတယ်။ အခုန “ဟ” နေတဲ့ ငါးမိနစ်အချိန်အတွင်းမှာပဲ လူတစ်ဦးတစ်ယောက်ကလည်း ဝင်သွားနိုင်တယ်။ နောက်တစ်ချက်က ဟိုတစ်နေ့က ဂျိမ်းဂျက်ဆိုတဲ့ အကောင့်တစ်ခုက Live လွှင့်ခဲ့တယ်။ ကျွန်တော်တို့ မသိခဲ့တာတွေ အဲဒီမှာ ထပ်သိခဲ့ရတယ်။ ဘာလို့ဆိုတော့ ကျောင်းရဲ့ နောက်ကျောဘက်မှာ တံခါးပေါက်ရှိတယ်။ အဲတော့ နောက်ကျောဘက်က တံခါးပေါက်ကနေ လူဝင်ထွက်လို့ရတယ်။ နောက်ထပ် သိရတာ တစ်ခုရှိတယ်။ အပေါ်ထပ်အဆောင်မှာ ဆရာမတွေနေတယ်။ ဆိုတော့ ဆရာမတွေနေတဲ့ အထပ်မှာ တစ်ယောက်ယောက်က ပျင်းလို့ တက်အိပ်နေလို့ရတယ်။ ဆရာမတွေနဲ့ ကျွမ်းဝင်သော လူတစ်ယောက် ဆရာမတွေအပေါ် အန္တရာယ်မပေးနိုင်သော လူတစ်ယောက် အလွန်အကျွံဆုံးပြောရရင် ဆရာမတွေရဲ့ ရည်းစားတွေကအစ တက်အိပ်နေလို့ရတယ်။ နောက်ကျောပေါက်ကနေ ဝင်ပြီးတော့ပေါ့။ ဒါဆို CCTV မှတ်တမ်းထဲမှာ မဝင်နိုင်ဘူး။ အဲဒီတော့ CCTV မှတ်တမ်းက အပြည့်အဝယုံကြည်လို့မရနိုင်ဘူး။ ပြီးတော့ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာဟာ ကျောင်းဆင်းချိန် ညနေ ငါးနာရီခွဲမှ ပြန်မယ်ဆို ဒေါ်ဥမ္မာရော သူ့သားနှစ်ယောက်ပါ CCTV မှတ်တမ်းထဲမှာ မပါနိုင်တော့ဘူး။ ဒေါ်ဥမ္မာရဲ့ ကလေးနှစ်ယောက်အပေါ် စွပ်စွဲတာတော့ မဟုတ်ဘူးပေါ့နော်။ ဘာလို့ဆို ဒေါ်ဥမ္မာ တစ်ယောက်ဟာ CCTV မှတ်တမ်းကို အသိနိုင်ဆုံး လူတစ်ယောက်ဖြစ်နေလို့ပါ။ အခု ကျွန်တော်ပြောနေတာတွေက ဘယ်သူ့အပေါ်မှ စွပ်စွဲနေတာ မဟုတ်ဘူး။ Weak Point တွေ ဖြစ်သွားနိုင်တဲ့နေရာကို ရှင်းပြတာ။ ကျွန်တော်သိသလောက်တော့ အဲလောက်ပဲ။

Voice : ဒုရဲချုပ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောထားတာရှိတယ်။ အောင်ကြီးဟာ ဒီအမှု ကျူးလွန်ခဲ့ကြောင်း ခိုင်မာတဲ့အချက်တွေထဲမှာ တစ်ခုပါဝင်ခဲ့တာက ဗစ်တိုးရီးယားလေးဟာ သူ့အပေါ် မဖွယ်မရာ ပြုကျင့်ခဲ့သူက အောင်ကြီးပါဆိုပြီး ထိုးပြခဲ့တယ်လို့ သိရတယ်။ ဆရာက ကလေးမိသားစုနဲ့ အနီးကပ်ဆုံး ပတ်သက်ဆက်နွှယ်နေသူဖြစ်တာကြောင့် အဲဒီအဖြေက ကလေးဟာ တကယ်ရော ပြောခဲ့တာလား သိပါရစေ။
WKKT : ပြောခဲ့တယ်။ ကျန်တာတွေ ပြောခဲ့တာလည်းရှိတယ်။ ကျွန်တော် ထုတ်ပြောလို့ မရဘူး။ ဆိုလိုတာက ကလေးဟာ အောင်ကြီးအပေါ် ကြောက်ခြင်း မကြောက်ခြင်း ဆိုတာထက် ဒီဟာမှာ အောင်ကြီးပါလို့ ထိုးပြခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့ ငြင်းစရာမရှိဘူး။ ကျန်တာတွေ ပြောခဲ့တာလည်း ရှိသေးတယ်။

Voice : ဒါဆို အခု ရဲကနေ အောင်ကြီးကို ဖမ်းဆီးပြီး တရားစွဲတင်လိုက်ပြီ။ ဒါနဲ့ပတ်သက်ပြီး ကလေးမိသားစုဘက်ကရော ရဲစစ်ဆေးဖော်ထုတ်ချက်အပေါ် ကျေနပ်မှုရှိခဲ့လား။ ဒါမှမဟုတ် အခုအချိန်ထိ ကလေးမိသားစုမှာ တရားခံအစစ်နဲ့ပတ်သက်ပြီး သံသယတွေ ထပ်ဝင်နေသေးလား။
WKKT : ရှိတာပေါ့။ သံသယဆိုတာ ရှိတာပေါ့။ ဘာကြောင့်လဲဆို ကျွန်တော့်အတွေးနဲ့ ကလေး အဖေအတွေးက အတော်ကိုနီးစပ်တယ်။ အောင်ကြီးမဟုတ်ဘူးလို့ ပြောတာမဟုတ်ဘူးဗျ။ အောင်ကြီး ဟုတ်တယ် ဆိုရင်လည်း ပိုထင်ရှားသော စစ်ဆေးပေါ်ပေါက်ချက် သက်သေအထောက်အထားတွေ ပြရမယ်။ ဆိုလိုတာက ကျောင်းထဲမှာ ကလေးဟာ ဆရာမတွေနဲ့ ရင်အုပ်မကွာရှိနေသူ ဒါဆို ဒီကိစ္စကို ဆရာမတွေ မမြင်မတွေ့နိုင်တာ မဖြစ်နိုင်ဘူး။ တကယ်လို့သာ ဆရာမ နှင်းနုက အောင်ကြီးလုပ်တာပါဆိုပြီး ပြောခဲ့မယ်ဆိုရင် သူ (ကလေးအဖေ) သည် ကျေနပ်သွားမှာပဲ၊ အောင်ကြီးလုပ်တာ မဟုတ်ဘူးလို့ ပြောလိုက်ရင်လည်း ကျေနပ်သွားမှာပဲ။ ဆိုလိုတာက ကလေးဟာ ဆရာမနှင်းနုနဲ့ ပတ်သက်ပြီး တောက်လျှောက်ပြောခဲ့တာတွေ ရှိတယ်။ နောက်တစ်ချက် သံသယဝင်စေတာက အောင်ကြီးကို ဘာကြောင့် လွှတ်ပေးခဲ့တာလဲ။ အောင်ကြီးကို လွှတ်ပေးခြင်းသည် အဂတိကြောင့်လွှတ်ပေးတာလား။ တကယ်ပဲ သံသယဝင်စရာမရှိလို့ လွှတ်ပေးခဲ့တာလား။ ဘာလို့ ပြန်ဖမ်းရလဲ။ တကယ်ပဲ သံသယဝင်စရာရှိလို့ ပြန်ဖမ်းတာလား။ ဒါမှမဟုတ် တရားခံအစစ်အမှန်ကို ရှာမတွေ့လို့ ပြန်ဖမ်းတာလား။ ကျွန်တော်တို့မှာ တွေးစရာတွေ အများကြီး ဖြစ်လာခဲ့တယ်။ ဆိုလိုတာက Weak ဖြစ်နေတာပေါ့ဗျာ။ ရဲက အမှုကိုတည်ဆောက်တယ်။ ဥပဒေအကြံပြုချက်ရမှ တရားစွဲဆိုခွင့်ရှိတယ်။ ဥပဒေအကြံပြုချက်ဘက်က အောင်ကြီးကို စွဲလောက်စရာ အထောက်အထား မခိုင်လုံလို့ ပြန်လွှတ်လိုက်တယ်။ ရက်ပိုင်းပဲ ကြာတယ် နောက်တစ်ခေါက် ပြန်ဖမ်းတယ်။ ကြားထဲမှာ လွှတ်လိုက်တာ ကိုးရက်လောက်ပဲကြာမယ်။ ဒီကိုးရက်အတွင်းမှာ အမှုနဲ့ပတ်သက်ပြီး အောင်ကြီး ကျူးလွန်ကြောင်း သက်သေအထောက်အထား ခိုင်မာလို့ ထပ်ဆွဲတာလား၊ ဖော်ကောင်ရှိလို့ ဆွဲတာလား ဒါကိုမှ ရှင်းလင်းအောင် မပြနိုင်ဘဲနဲ့ အောင်ကြီးကို ဘာကြောင့် ပြန်ဆွဲရတာလဲ။ ကလေးက အောင်ကြီးပါဆိုပြီး ထိုးပြတာနဲ့ ကြုံသလို အမှုကို ဖော်ထုတ်လိုက်သလို ဖြစ်နေတယ်။ ရဲက ရဲလုပ်ငန်းစဉ်ကို ကုန်စင်အောင် မလုပ်နိုင်ခဲ့ဘူး။ အခန်းကျဉ်းကျဉ်းလေးထဲမှာ အောင်ကြီးအပါအဝင် သက်သေ ၁၀ ယောက်က လာထိုင်နေမယ်။ အောင်ကြီးနဲ့ ကလေး မျက်နှာချင်းဆိုင်ပေးတွေ့မယ်ဆိုတဲ့ ကိစ္စအပေါ်တော့ ကလေးအဖေက ငြင်းပယ်ခဲ့တယ်။ အမှန်လုပ်ရမယ်ဆို မှန်ကာလိုက် မှန်ရဲ့တစ်ဖက်နဲ့ အောင်ကြီးအပါအဝင် အောင်ကြီးနဲ့ဆင်တူ သက်တူရွယ်တူတွေကို အစဉ်အလိုက်ရပ်ပြီး ပြခိုင်းလိုက်။ နောက်တစ်ခုက အများပြည်သူက ဒီအမှုနဲ့ပတ်သက်ပြီး သံသယဝင်နေတဲ့ ကလေးနှစ်ယောက်ကိုပါ ခေါ်ပြလိုက်။ ဒီကလေးနှစ်ယောက်ကို လုံးလုံးမပြခဲ့ဘူး။ ဓာတ်ပုံလေးတောင် မပြခဲ့ဘူး။ နောက်တစ်ခုကျတော့ အောင်ကြီးကျ ကလေးနဲ့ မျက်နှာချင်းဆိုင်ပေးတွေ့မယ်ဆိုတာကိုက ရဲသည် ရဲလုပ်ငန်းစဉ်ကို ပြီးပြတ်အောင် မလုပ်ခဲ့ခြင်းကြောင့် ဒီပြဿနာတွေ ပေါ်လာတာ။ ကျွန်တော်က အဲလိုပဲမြင်တယ်။ 

Voice : ဗစ်တိုးရီးယားလေးဟာ လက်ရှိ သုံးနှစ်တောင် မပြည့်သေးဘူးပေါ့ ဆရာ။ ဒီအရွယ်လေးက သမီးအပေါ် ကိုကိုလုပ်တယ် ဆရာမ နှင်းနု သိတယ် ဆရာမ ကိုကို့ကို ခေါ်ဆူတယ်လို့ ကနဦး ပြောစကားတွေက ယေဘုယျအားဖြင့် လိမ်ညာမှုကင်းမဲ့နိုင်တယ်လို့ လူအများစုက မှတ်ချက်ပြုထားကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကလေးမိသားစုနဲ့ နီးစပ်ပတ်သက်နေသူ ဆရာ့ဘက်ကရော ဘာများမှတ်ချက်ပြုချင်လဲ ခင်ဗျာ။
WKKT : မုသားကင်းတယ်ဆိုတဲ့အပြင် ကလေးက ၂ နှစ်နဲ့ ၁၁ လလေး ဉာဏ်ရည်ဉာဏ်သွေးအရ ပြောရမယ်ဆို သက်သေခံထိုက်သောသူအဖြစ် ရတယ်။ သို့သော် သူက Weak ဖြစ်တယ်ဗျ။ ဒီအရွယ်ကလေးက ကိုကိုလုပ်တာလားမေးရင် ကိုကိုလုပ်တာလို့ ပြောသွားနိုင်သောအရွယ်။ သူလုပ်တာလား သမီးဆို သူလုပ်တာလို့ ပြောနိုင်တဲ့အရွယ်။ သူမလုပ်ဘူးနော် သမီးဆို သူမလုပ်ဘူးလို့ ပြောတဲ့အရွယ်။ ဆိုလိုတာက တစ်ယောက်ယောက်ဟာ ကလေးအပေါ် ခြောက်ထားတာများ ရှိနေမလား။ သမီး ဒါမျိုး မပြောရဘူးနော် ပြောရင် ဆရာမ ရိုက်မယ်ဆိုတာမျိုးပေါ့ ဥပမာပြောတာနော်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကလေးက မလိမ်ဘူးပေါ့၊ ထားပါ၊ ဒါပေမဲ့ တစ်ယောက်ယောက်က လိမ်လည်လုပ်ခဲ့တာမျိုးရှိရင် လေယူရာ တိမ်းသွားနိုင်တာမျိုး အများကြီးဖြစ်နိုင်တယ်။ ဒီကိစ္စက အားသာချက်လည်း ဖြစ်နိုင်သလို အားနည်းချက်လည်း ဖြစ်နေတယ်။ ကလေးဟာ သက်သေခံထိုက်သော အရွယ်လို့ တရားသူကြီးက ယူဆနိုင်သလို မယူဆသင့်ဘူးလို့လည်း ဆုံးဖြတ်လာနိုင်တယ်။ ဒါက တရားသူကြီးက ဆုံးဖြတ်ရမယ့်ကိစ္စပေါ့။ အကယ်လို့များ ကလေးကို သက်သေခံထိုက်သောသူအဖြစ် တရားသူကြီးက ဆုံးဖြတ်ခဲ့ရင် အဲဒီအချိန် ကလေးက ဘယ်အရွယ်ရောက်နေပြီလဲ လတ်တလော မသိနိုင်သေးဘူး။ ဆိုလိုတာက ကလေးဟာ သမီး ဖင်ဖုကို အောင်ကြီး လုပ်ခဲ့တာပါလို့ ပြခဲ့တဲ့အချိန်က ကျွန်တော်တို့ ယုံခဲ့တယ်။ ဆရာမ နှင်းနု သိပါတယ်လို့ ကလေးက အကြိမ်ကြိမ် ပြောနေတာကျ ဘာလို့ မယုံခဲ့တာလဲ။ ဒါက ကျွန်တော်တို့ တွေးရမယ့် အချက်တွေ ဖြစ်သွားပြီ။ ကလေးက တောက်လျှောက် ပြောခဲ့တာဗျ။ ဆိုလိုတာက ကလေးစကားကို ယုံထိုက်တယ် မယုံထိုက်ဘူးဆိုတာက တစ်ပိုင်း၊ ကလေးပြောတာကို ဒီတစ်ခုတော့ ယုံ ဒီတစ်ခုတော့ မယုံနဲ့ ဆိုတာက နှစ်ဖက်လုံးအတွက် သံသယရှိနေမှာပဲ။ ဒါကို ရဲက ပိုထင်ရှားတဲ့ သက်သေအထောက်အထားခိုင်လုံစွာနဲ့ ဖော်ထုတ်ချပြသင့်တယ်။ ဒီလောက်လေးနဲ့ ထိုးချပြသွားတာ။ 

Voice : ပထမတစ်ကြိမ် ရဲက အောင်ကြီးကို ဖမ်းဆီးစစ်ဆေးခဲ့ချိန်မှာ တရားရုံးကနေ အမှုနဲ့ပတ်သက်ပြီး သက်သေအထောက်အထား မခိုင်လုံလို့ ပြန်လွှတ်ခဲ့တယ်။ ဒုတိယအကြိမ် အောင်ကြီးကို ထပ်ဖမ်းဆီးပြီး ရဲက ဆေးစစ်ခဲ့ချိန်မှာ မုဒိမ်းမှုကျူးလွန်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ခရိုင်တရားရုံးမှာ တရားစွဲတင်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး အောင်ကြီးအပေါ် ပထမဆေးစစ်ချက်နဲ့ ဒုတိယဆေးစက်ချက် အဖြေရရှိမှုတွေအပေါ် ဗစ်တိုးရီးယားလေးရဲ့ မိသားစုတွေမှာ သိခွင့်ရခဲ့တာမျိုး ရှိခဲ့လား ဆရာ။
WKKT : ဒုတိယအကြိမ် ရဲက ဆေးစာထပ်စစ်ခဲ့သေးတယ်ဆိုတာ ကျွန်တော်တို့ဘက်က မသိခဲ့ဘူး။ ပထမအကြိမ် ဆေးစစ်တာတော့ သိတယ်။ ဒုတိယဟာ ကျွန်တော်တို့ မသိဘူး။ ဒီကိစ္စမှာ ရဲလုပ်ငန်းက အတော်လေး Weak ဖြစ်တာတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ကို အသိပေးရမှာပေါ့လေ။ 

Voice : ဒီအမှုလမ်းကြောင်းမှာ ဗစ်တိုးရီးယားကလေးရဲ့ အဝတ်အစားကိစ္စနဲ့ပတ်သက်ပြီး ရဲစစ်ဆေးချက်၊ မိခင် ကနဦး တိုင်ကြားချက် ဒါတွေအပေါ် သိပ်နားမလည်ခဲ့ဘူး ဆရာ။ အကယ်၍ ဆရာသိထားတာရှိ အသေးစိတ် ပြောပြပေးပါလား။
WKKT : မူကြိုကလေးတွေကို ကျောင်းသွားချိန် မိဘတွေက အဝတ်နှစ်စုံထည့်ပေးတယ်။ ဒါက ပုံမှန်ပါ။ အခု ရဲကစစ်တဲ့အချိန်မှာလည်း ကလေး ကျောင်းမှာ လဲခဲ့တဲ့ အဝတ်တစ်စုံနဲ့ အိမ်ပြန်ရောက်လို့ လဲခဲ့တဲ့ အဝတ်တစ်စုံ စုစုပေါင်း နှစ်စုံပေါ့ ဒါကို ယူစစ်ဆေးခဲ့တယ်။ မူကြိုတက်နေတဲ့ကလေးဆို အမြဲတမ်း အဝတ်အစားနှစ်စုံ ထည့်ပေးရတယ်။ ဒါကလည်း ကျွန်တော့် သမီးပါ မူကြိုတက်နေတဲ့အရွယ်မို့ သိရတာပါ။ နေ့လယ်ခင်း အိပ်ချိန်ပြီးရင် အဝတ်အစားတစ်စုံ လဲပေးလေ့ရှိတယ်။ ဒါကို ကျွန်တော်တို့ လိမ်စရာအကြောင်းမရှိဘူး။ ဒါကြောင့် တရားရုံးက စစ်ဆေးခဲ့ချိန်မှာ ဒါသည် ပုံမှန် လဲပေးနေကျလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ကလေးရဲ့ အဝတ်နှစ်စုံထဲက အိမ်ရောက်မှလဲတဲ့အဝတ်ကို စစ်ခဲ့တာလား ဒါမှမဟုတ် ကျောင်းမှာလဲခဲ့တဲ့ အဝတ်တစ်စုံကို စစ်ဆေးခဲ့တာလား။ အောင်ကြီးကိုရော အဝတ်အစားစစ်ဆေးချက်က ပေါ်ပေါက်ခဲ့တာလား ဒါမှမဟုတ် အခြားအရာကလား။ ဒုရဲချုပ်က သတင်းစာရှင်းပွဲမှာ အိမ်စာမကျေဘဲ ရှင်းလင်းပွဲလုပ်ခဲ့သလို မေးတဲ့ သတင်းထောက်တွေအပိုင်းမှာလည်း လိုအပ်တဲ့မေးခွန်းအချို့ရှိခဲ့တယ်လို့ ကျွန်တော်မြင်တယ်။ ဒီကိစ္စမှာ ရဲက ကျောင်းမှာဖြစ်တာလို့ ပြောတယ်။ ကျောင်းဘက်က သူတို့ဆီမှာ မဖြစ်ခဲ့တဲ့သဘော သက်ရောက်စေမယ့် သက်ရှိသက်သေ သက်မဲ့သက်သေတွေ ကနေတစ်ဆင့် မီဒီယာနဲ့ချိတ်ဆက်ပြီး ဖော်ပြလာတယ်။ ဗစ်တိုးရီးယားလေးက အမှန်တကယ် Rape လုပ်ခံခဲ့ရပြီ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ တရားရုံးက စစ်ဆေးဖော်ထုတ်သွားမှာ တစ်ပိုင်းပေါ့။ ကျွန်တော်တို့ဘက်က ဖြစ်ခဲ့တဲ့နေရာက တာဝန်ရှိသူတွေဟာ တာဝန်ယူစိတ် တာဝန်ခံစိတ်ရှိရှိနဲ့ ဖြေရှင်းသွားခဲ့မယ်ဆို အခုကိစ္စက ဒီလောက်အထိ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော် ယူဆမိတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါဆရာ။

ခိုင်စိုးလင်း
Contributed by Aung Htet