News

POST TYPE

ENTERTAINMENT

မိုးအောင်ရင်နဲ့ တွေ့ဆုံခြင်း
08-Jul-2019

“ နောင်တဆိုတာတော့ လောလောဆယ်မှာ ကျွန်တော် ကြိုးစားမယ်။ ဒါကို အဆိုးထဲက အကောင်းပဲလို့ ကျွန်တော်မြင်လိုက်တယ်”



မူးယစ်ဆေးဝါးအမှုနဲ့ ပြစ်ဒဏ်ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ သရုပ်ဆောင်မိုးအောင်ရင်နဲ့ တွေ့ဆုံခိုက် ရှေ့ဆက်လုပ်ကိုင်သွားမယ့် အနုပညာအကြောင်းနဲ့ ပြောင်းလဲလာပြီး နောက် ရှေ့ဆက်ပြီး ကြိုးစားသွားမယ့်အကြောင်း၊ သူငယ်ချင်းဖြစ်သူ မြင့်မြတ်နဲ့ ရုပ်ရှင်တွေ ရိုက်တော့မယ့် အကြောင်းတွေကို မေးမြန်းထားပါတယ်။

Voice : မိုးအောင်ရင် အရင်ဆုံး အပြင်ရောက်ပြီးတော့ ပွဲတက်ပြီး ချာလီဘရုပ်ရှင်ကားကို အားပေးဖြစ်တဲ့အကြောင်းလေး ပြောပါဦး။
MAY : ဒါကတော့ ကျွန်တော် အပြင်ပြန်ရောက်ပြီး ပထမဆုံး ကြည့်ရတဲ့ ရုပ်ရှင်ဖြစ်တာပေါ့နော်။ အဲဒီရုပ်ရှင်ကားမှာထူးခြားတာက ကျွန်တော့်ရဲ့ ပရိုဂျူဆာကိုအုန်းဝင်းကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးတော့ ရိုက်ထားတဲ့ကားဆိုတော့ ကျွန်တော် အားကို အားပေးရမယ့်ကားပါ။ သူ မဖိတ်ရင်တောင် အတင်းဖုန်းဆက်ပြီးတော့ ကျွန်တော့်ကို ဖိတ်ပါဆိုပြီး ပြောမှာ။ အခု သူကိုယ်တိုင် ဖိတ်တော့ ပိုပြီးတော့ ဝမ်းသာတာပေါ့။

Voice : လက်ရှိ ရုပ်ရှင်လောကလည်း ပြောင်းလဲသွားတာရော သိလား။
MAY : ဘာတွေ ပြောင်းလဲသွားလဲဆိုတော့ ဗီဒီယိုမရှိတော့ဘူးဆိုပြီး ကျွန်တော် သိလိုက်ရတယ်။ ငါကော ရိုက်လို့ရပါ့မလား။ အခု ကျွန်တော့်ပရိုဂျူဆာက ကျွန်တော့်ကိုခေါ်တဲ့အတွက် အရမ်းကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်ခင်ဗျ၊ ပြောင်းလဲသွားတာတွေ ပြောရမယ်ဆိုရင်တော့ ပြောမကုန်ဘူး။ အများကြီးပဲ။ ဘယ်ကစပြီး ပြောရမလဲမသိဘူး။ 

Voice : အခုလက်ရှိကနေစပြီး ဘာတွေလုပ်သွားဖို့ရှိမလဲ။
MAY : အထဲမှာလည်း ကျွန်တော် သုံးနှစ်တောင် အချိန်ယူခဲ့ရတာ။ အဲဒီ သုံးနှစ်အတွက် အများကြီး ကျွန်တော် ကြိုးစားမယ်လို့ ကျွန်တော့်ကိုကျွန်တော် ဆုံးဖြတ်ထားတယ်။ ပရိသတ်ကိုလည်း အများကြီး ကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် အပြောထက်ကို အလုပ်နဲ့ပဲ သက်သေပြချင်ပါတယ်။ 

Voice : မိုးအောင်ရင်အတွက်ပေါ့။ ရလိုက်တဲ့အရာတွေထဲမှာ နောင်တကောပါနေမလား
MAY : နောင်တဆိုတာတော့ လောလောဆယ်မှာ ကျွန်တော်ကြိုးစားမယ်၊ ဒါကို အဆိုးထဲက အကောင်းပဲလို့ ကျွန်တော် မြင်လိုက်တယ်။ ကျွန်တော် အများကြီးပြောင်းလဲသွားတယ်။ ဆေးလိပ်ဆိုလည်း ကျွန်တော်မသောက်တော့ဘူး။ တခြားဘာရယ်မှမလုပ်ချင်တော့ဘူး။ ရှေ့တုန်းက မှားခဲ့တဲ့အမှားတွေ ပြန်မြင်တယ်။ ကျွန်တော် အချိန်တွေအတွက် ဆုံးရှုံးသွားတယ်လို့ မမြင်ဘူး။ ကျွန်တော် အဲဒီမှာ တရားထိုင်တယ်။ စိတ်ကို တည်ငြိမ်အောင် ကြိုးစားတယ်။ အခုလည်း အဲဒီလောက်ကြိုးစားခဲ့တောင်မှ၊ အခု ဒီပရက်ရှိုးကိုလာခဲ့တာတောင်မှ စိတ်လှုပ်ရှားတာကိုဘယ်လိုမှဖျောက်လို့မရဘူး။ ဒါကတော့ လူရဲ့သဘောနဲ့ပဲတူပါတယ်။ ဒီစိတ်လှုပ်ရှားစွာနဲ့ပဲ ဆက်ပြီး ကြိုးစားသွားမယ်။

Voice : မြင့်မြတ်နဲ့ ရိုက်မယ့်ရုပ်ရှင်ကားအကြောင်းလည်း ပြောပါဦး။
MAY : ကျွန်တော့်ကိုတော့ ဩဂုတ်လလို့တော့ ပြောတယ်။ မြင့်မြတ်နဲ့ ရိုက်မယ့်ကားလို့တော့ ပြောတယ်။ မြင့်မြတ်နဲ့က အစောကြီးကတည်းက သူငယ်ချင်း၊ အပြင်မှာလည်း အရမ်းခင်တယ်။ တခြားလူထက်စာရင် မြင့်မြတ်နဲ့ အခုလိုရိုက်ရတာ ပိုပြီးတော့ ပျော်တာပေါ့နော်။ ကျွန်တော်ကိုယ်တိုင်လည်း တချို့ဟာလေးတွေ အားငယ်တာလေးတွေရှိတယ်။ ဒါအဆင်ပြေပါ့မလား၊ ငါလုပ်နိုင်ပါ့မလား။ အခုထိလည်း အဲဒါတွေ တွေးနေတယ်။ ကျွန်တော့် သူငယ်ချင်းက ဖေးမမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖေးမပေးပါလို့လည်း မြင့်မြတ်ကို ဒီကနေ ပြောချင်ပါတယ်။ 

Voice : ရုပ်ရှင်ရိုက်ဖို့အတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
MAY : ပြင်ဆင်မှုကတော့ ကိုအုန်းဝင်းနဲ့ တိုင်ပင်မယ်။ လိုအပ်တာရှိလို့ရှိရင်လည်း ကျွန်တော့်ဘက်က တခြားသော ဘာတွေဖြည့်ဆည်းလို့ရလဲ။ အက်တင်ပိုင်းဆိုင်ရာကတော့ ကျွန်တော့် ဘာသာကြိုးစားရမှာပေါ့။ တခြားသောအရာလေးတွေကတော့ သူ့ဘက်ကလိုက်ပြီးတော့ ဖြည့်ဆည်းပေးလို့ရတာလေးရှိလို့ရှိရင် ကိုအုန်းဝင်းကိုပဲ ပြောရမှာပေါ့။ 

Voice : Lucky Seven နဲ့ပဲ ရိုက်မှာလား။ တခြားထုတ်လုပ်ရေးတွေက ကမ်းလှမ်းရင်ရော။
MAY : တခြားထုတ်လုပ်ရေးက ကမ်းလှမ်းရင်လည်း ရိုက်သွားဖို့ရှိပါတယ်။

ခင်ညိုညိုသိမ့်