News

POST TYPE

ENTERTAINMENT

လူငယ်တွေ သူ့လိုမဖြစ်အောင် အတုယူပြီး လိမ္မာကြပါလို့ဆိုတဲ့ အေသင်ချိုဆွေ
15-May-2019


ရန်ကုန်၊ မေ ၁၄ 

Single Mother အဖြစ် ရပ်တည်နေတဲ့ အဆိုတော် အေသင်ချိုဆွေက ယခုခေတ်လူငယ်တွေ သူ့ကို အတုယူတာထက် သူ့လိုမဖြစ်အောင် လိမ္မာစေချင်ပြီး လူတစ်ယောက်ကို အပြည့်အဝ မယုံသင့်ဘူးလို့ ပြောပြခဲ့ပါတယ်။ 

“လူငယ်တွေကို မှတ်သားစေချင်တယ်။ အတုယူတာထက်ကို အေသင့်လို မဖြစ်အောင် လိမ္မာစေချင်တယ်။ လူတစ်ယောက်ကို ရမ်းပြီးမယုံစေချင်ဘူး။ အဲ့မက်ဆေ့ခ်ျလေးကိုပေးချင်တာပါ။ Single Mother ဘဝက မလွယ်ဘူးဆိုတာကို ပြောပြချင်တာပါ၊ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ဒဏ်ကို တော်တော်လေး ခံရတယ်။ တော်တော်လေး ရင်ဆိုင်ရတယ်၊ ဒါပေမဲ့ ကိုယ် မှားသွားခဲ့ပြီ။ ပြန်လည်း ပြင်လို့မရတော့ဘူး။ ဘယ်လောက်အထိ ပြောနိုင်မလဲ ပြောကြပါစေ။ ကိုယ်ယုံကြည်ရာကို ရွေးချယ်လိုက်တဲ့ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ ကလေးလေးအတွက် ယောက်ျားတစ်ယောက် တာဝန်မယူနိုင်တဲ့ တာဝန်ကြီးကို ကိုယ်က ရဲရဲရင့်ရင့် ရင်ဆိုင်တယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး အေသင်ချိုဆွေက သူ့ရဲ့အဖြစ်အပျက်ကိုလည်း အခုလို ဆက်ပြီး ပြောခဲ့ပါသေးတယ်။

“အေသင် ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်ထောင်မပြုဘူး။ မင်္ဂလာမဆောင်ဘူး။ သမီးရည်းစားဘဝ အတူတူနေကြတယ်။ ကိုရီးယားသွားတယ်။ Single Mother အဖြစ် ရပ်တည်လာတယ်။ ကိုယ်စပြီးတော့ နေထိုင်တယ်။ ဒါကတော့ နည်းနည်းခေတ်လွန်သွားတာပေါ့။ အဆင့်တွေကျော်ပြီးတော့ လေးနှစ်တာလုံး အတူတူနေထိုင်ခဲ့တယ်။ နောက်ဆုံးမှာ ဒီလိုအခြေအနေဖြစ်လာခဲ့တယ်။ ဒီကြားထဲ ဟိုဘက်က သဘောမတူတာနဲ့၊ ဒီဘက်က သဘောမတူတာနဲ့၊ ရွေးချယ်စရာမရှိတဲ့အခါမှာ ဒီဘဝကို ရွေးချယ်လိုက်တာပဲ။ ဒီလိုမျိုး မရွေးချယ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ဒီကလေးကို ကိုယ်က ဖျက်ချရမှာလား။ ကိုယ်ရွေးချယ်လိုက်တဲ့ဘဝကို ဘယ်လို အကောင်းဆုံးရင်ဆိုင်မလဲ ဆိုတာကအစ တွေးပြီးတော့ ကလေးကိုယူဖို့ ဆုံးဖြတ်လိုက်တယ်”လို့ အေသင်ချိုဆွေက ပြောပြခဲ့ပါတယ်။ 

နန္ဒာ