POST TYPE

ENTERTAINMENT

ယောက်ျားယူတော့မယ့် အပျိုကြီးချစ်စနိုးဦး
15-May-2019


ရန်ကုန်၊ မေ ၁၄ 

လာမယ့် အောက်တိုဘာလမှာ ချစ်သူဖြစ်သူ ဖိုးသားနဲ့ ရွှေလက်တွဲတော့မှာ ဖြစ်ပြီးတော့ ချစ်သူသက်တမ်း ငါးနှစ်မှာ အိမ်ထောင်ပြုဖြစ်တာပါလို့ သရုပ်ဆောင်ချစ်စနိုးဦးက ပြောပါတယ်။

“မင်္ဂလာကိစ္စက စီစဉ်နေပါပြီ။ တချို့ဟာတွေက လွယ်လွယ်ထင်ထားပေမယ့် တကယ်မင်္ဂလာဆောင်တော့မှ ဘယ်လိုကြိုယူရတယ်၊ ကြိုလုပ်ရတယ်ဆိုတာ အခုမှသိတယ်။ နှစ်ယောက်သား ရန်ဖြစ်လိုက်နဲ့ တိုင်ပင်ပြီးတော့ လုပ်တော့ လုပ်နေကြတာပဲ။ ပထမတုန်းက နိုဝင်ဘာမှန်းတယ်။ ဟိုတယ်တွေက ဒိတ်ကမရဘူး။ အောက်တိုဘာကိုပဲ ရွှေ့လိုက်ရတယ်။ ဒီနှစ်ထဲလည်း ဖြစ်ချင်တော့ ရတဲ့ရက်ယူလိုက်တယ်။ အောက်တိုဘာထဲ ပြောင်းလိုက်တယ်။ မင်္ဂလာပွဲအတွက် အသေးစိတ်သိရရင် ထပ်ပြောပါမယ်”လို့ ချစ်စနိုးဦးက ဆိုပါတယ်။

မင်္ဂလာပွဲအတွက် နှစ်ဦးသဘောတူ ဆောင်ရွက်နေတာဖြစ်ပြီးတော့ ကိုဖိုးသားဖြစ်စေချင်တဲ့အတိုင်းလည်း လိုက်လုပ်ပေးမှာဖြစ်ကြောင်း မင်္ဂလာဦး အလှူလေးတွေလည်း လုပ်ချင်သေးတယ်လို့ ချစ်စနိုးဦးက ပြောပါတယ်။

“ကိုယ်ဖြစ်ချင်တာတွေချည်းပဲ မဟုတ်ဘဲ သူဖြစ်ချင်တာရော၊ ကိုယ်ဖြစ်ချင်တာရော ပေါင်းပြီးလုပ်ရမှာပါ။ သူကတော့ စိတ်ကူးရှိထားတဲ့သူဆိုတော့ လက်မှတ်ထိုးတာရယ်၊ ဘိသိက် အခမ်းအနားလေးတွေ လုပ်ချင်တယ်။ ပြီးတော့ ဒင်နာပွဲလုပ်မယ်။ ကမ်းခြေမှာလည်း ဆောင်ချင်တယ်လို့ သူက ပြောထားတယ်။ ကလေးယူဖို့ကတော့ ကံတရားပါရင်တော့ ယူမှာပါ”လို့ ချစ်စနိုးဦးက ပြောပါတယ်။
 
ခင်ညိုညိုသိမ့်