News

POST TYPE

ENTERTAINMENT

ဒါရိုက်တာ ကိုပေါက်နဲ့ တွေ့ဆုံခြင်း
15-May-2019


“ခေတ်စနစ်ကို တော်လှန်မယ့် ဇာတ်လိုက်တစ်ယောက် ပေါ်လာတယ်”

ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမယ့် အကြောင်းနဲ့ ဇာတ်လိုက် ကာရိုက်တာတွေအကြောင်း အပြင်ဆင်ဆာအကြိမ်ကြိမ် ကြိုးစားခဲ့ရပုံတွေကို The Voice က မေးမြန်းထားပါတယ်။

Voice : ဇာတ်လိုက်အကြောင်းလေး ပြောပေးပါဦး။
KP : ဒီဇာတ်လမ်းလေးက စာဖတ်ပရိသတ်တွေရော Facebook သုံးနေတဲ့ သူတွေရော၊ မီဒီယာသမားတွေရော အားလုံးသိပြီးသားဖြစ်မှာပါ။ ဆရာတင်ညွန့်ဆိုတာကလည်း စာဖတ်ပရိသတ် အခိုင်အမာရှိတဲ့ စာရေးဆရာတစ်ယောက်လည်း ဖြစ်တယ်။ သူက မှတ်တမ်းလေးတွေကို အမြဲတမ်းရေးတတ်တဲ့ ဆရာပါ။ ရိုးမပေါ်မှာကျတဲ့ မျက်ရည်ကလည်း ကျောင်းဆရာ သူဖြတ်သန်းခဲ့တဲ့ မဆလခေတ်မှာ ကျောင်းဆရာတစ်ယောက်ရဲ့ အဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ထားတဲ့ ဝတ္ထုလေးဖြစ်တယ်။ ဒါက Documeatry တစ်ခုဖြစ်တယ်။ ရုပ်ရှင်အဖြစ် အသက်သွင်းရတဲ့အခါမှာအခက်အခဲပေါ့နော်။ သူကတော့ မှတ်တမ်းသဘောမျိုးဖြစ်သွားတာတော့ ရုပ်ရှင်အဖြစ် အသက်သွင်းရင် တန်ပိုတွေက ရှေ့နောက် ပြန်ရွှေ့ရတာရှိတယ်။ ဇာတ်ညွန်းပြန်ခွဲရတော့ အချိန်ယူခဲ့ရတယ်။ 

Voice : ဆင်ဆာလည်းအကြိမ်ကြိမ် ပြန်ပြင်ရတယ်လို့ကြားတယ်။ အဲဒါလေးပြောပြပါဦး။
KP : ပြင်ရပါတယ်။ အကြိမ်ကြိမ်ပြင်ရတယ် တင်ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အခြေခံပညာဦးစီးဌာနရော မြန်မာ့ရုပ်ရှင်လုပ်ငန်းက လူကြီးတွေရော ဒီဇာတ်ကားလေးပေါ်မှာ သူတို့လည်း အာရုံထားကြတယ်။ ဖြစ်ရပ်မှန်လည်းဖြစ်တော့ မေတ္တာရှေ့ထားပြီးတော့ ဆင်ဆာကင်းလွတ်ခွင့် တော်တော်များများလေး ပေးလိုက်ပါတယ်။ အဲဒီအတွက် လူကြီးတွေကို ကျေးဇူးတင်ပါတယ်။ 

Voice : ဇာတ်လမ်းအရ ကျောင်းဆရာတစ်ယောက်က အရက်သောက်ပြီး မူးတာကို ဆင်ဆာက လက်မခံဘူးလည်း ကြားတယ်။ အဲဒါလေးလည်း ပြောပေးပါဦး။
KP : အဲဒါက နည်းနည်းလေး လွဲတာပေါ့နော်။ သူတို့ထင်တာက ကျောင်းမှာ အရက်ဝိုင်း သောက်တာ မဟုတ်ဘူး။ ကိုယ့်အိမ်မှာ ကိုယ်သောက်တာလေ။ ကျောင်းဆရာသော်လည်းကောင်း၊ ဆရာဝန် သော်လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်သော် လည်းကောင်း ကိုယ့်အိမ်မှာကိုယ် အရက်သောက်တာ သောက်လို့ရတယ်၊ နောက်တော့မှ အဲလိုဆို ရတယ်ဆိုပြီး ဖြစ်သွားတာပါ။ ပထမတုန်းကတော့ ကျောင်းဆရာက အရက်မူးလို့ မရဘူး။ အိမ်မှာပဲ သောက်တာဆိုတော့ ဆင်ဆာ အဆင်ပြေသွားပါတယ်။ 

Voice : မအူဝဲရဲ့ ယောကျာ်းလျာကာရိုက်တာကို ကိုယ်တိုင်ရွေးပေးခဲ့တာလား။
KP : အူဝဲကတော့ နဂိုကတည်းက ကိုယ့်ညီမတွေပဲ၊ ဟိုးအရင်ကတည်းက ဗီဒီယိုရိုက်ခဲ့ကြ ကတည်းက ကိုယ်ရိုက်တဲ့ကားတွေထဲမှာ စကားတွေ သိပ်အများကြီးမပြောရတဲ့ မင်းသမီးတွေထဲမှာ ပါတယ်။ နှစ်ခါ သုံးခါ မရိုက်ရတဲ့ မင်းသမီးပေါ့။ ကိုယ်လိုချင်တာကိုသာ နားလည်အောင် သဘောပေါက်အောင် ပြောပြထားရင် ဒါရိုက်တာ လိုချင်တာကို ကွက်တိလုပ်ပေးနိုင်သော မင်းသမီးဖြစ်တယ်။ ပြင်ဆင်မှုအားလည်းကောင်းတယ်။ ဇာတ်ကားပေါ် စီးမျောပါဝင်မှုအားလည်းကောင်းတယ်။ အူဝဲကတော့ ကျွန်တော်လိုချင်တဲ့ ပုံစံ ခန္ဓာကိုယ် အချိုးအစားရှိတယ်။ အူဝဲက ကိုယ်လုံးလှတဲ့ မင်းသမီးတစ်ယောက် ဖြစ်တော့ ကျွန်တော်လိုချင်တဲ့ပုံစံကို ပြင်ဆင်ခိုင်းထားတာတွေရှိတယ်။ 

Voice : ပညာရေးနောက်ခံဇာတ်ကားဖြစ်တော့ ပညာရေးအသိုင်းအဝိုင်းတွေနဲ့ ကြိုတင်ညှိရတာမျိုးကောရှိလား။ ဒီကားနဲ့ ပတ်သက်ပြီးပေးချင်တဲ့ မက်ဆေ့ချ်ကရော။
KP : ညှိရတာတွေတော့ရှိတယ်။ ပညာရေးဦးစီးညွှန်ချုပ်က ကျွန်တော်တို့ကို မေတ္တာရှေ့ထားပြီးတော့ ဆင်ဆာပေးလိုက်တယ်။ ဒါက အဲဒီခေတ်တစ်ခုကိုသာ ပီပြင်အောင်၊ ပေါ်လွင်အောင် ရိုက်ပေးဖို့ လိုတယ်။ အဲလိုပေါ်တယ်ဆိုရင် ဆင်ဆာကို ကင်းလွတ်ခွင့်ပေးမယ်ပေါ့နော်။ အခြေခံပညာဦးစီးကို ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းကတော့ အဲဒီရွာကို မင်းသားတွေချည်းပဲ ရောက်လာတယ်။ ဇာတ်လိုက်က အခုမှရောက်လာတယ်။ ရွာကို တကယ်တိုးတက်အောင်လုပ်ဖို့ ဇာတ်လိုက်တစ်ယောက်က နောက်ဆုံးမှာ ရောက်လာတယ်။ ရွာက ဝိုင်းဝန်းပံ့ပိုးကူညီကြတယ်ပေါ့။ ခေတ်စနစ်ကို တော်လှန်မယ့် ဇာတ်လိုက်တစ်ယောက် ပေါ်လာတယ်။

 ခင်ညိုညိုသိမ့်  


  • VIA