News

POST TYPE

ENTERTAINMENT

ဒေါက်တာသက်ဇော်နှင့် တွေ့ဆုံခြင်း
03-Apr-2019

အတက်ရောဂါ

“အတက်ရောဂါဖြစ်ရတဲ့အကြောင်းက ဦးနှောက်ရဲ့ ဖွဲ့စည်းပုံ၊ တည်ဆောက်ပုံမှာ သွားထိခိုက်တာကြောင့်ပေါ့”



ရောဂါသည် လူမျိုးစုံတွင် ဖြစ်ပွားနိုင်ပြီး စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ၏ သန်းငါးဆယ်ကျော်တွင် တွေ့ရှိရသည်။ ထို့ပြင် အတက်ရောဂါဖြစ်ပွားသူ ၈၀ ရာခိုင်နှုန်းခန့်သည် ဝင်ငွေနည်းသည့်နိုင်ငံတွေမှာ အဖြစ်များပြီး အတက်ရောဂါ၏ နောက်ဆက်တွဲအနေနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများကိုပါ ခံစားရနိုင်သည် စသည်ဖြင့် အတက်ရောဂါနှင့် ဆက်စပ်သည်များကို စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အတက်ရောဂါ ဖြစ်တာဘာကြောင့်လဲ ဆရာ။
Dr.TZ : အတက်ရောဂါဆိုတာ ဦးနှောက်ကို ထိခိုက် လို့ဖြစ်တဲ့ ရောဂါတစ်မျိုးပေါ့။ အတက်ရောဂါဖြစ်ရ တဲ့အကြောင်းက ဦးနှောက်ရဲ့ ဖွဲ့စည်းပုံ၊ တည်ဆောက်ပုံမှာ သွားထိခိုက်တာကြောင့်ပေါ့။ ဥပမာ - တချို့ ကလေးမွေးတဲ့အချိန်မှာ ခေါင်းကိုခိုက်မိတာမျိုးရှိတယ်။ တချို့ကျတော့လည်း မွေးရာပါ ခေါင်းခိုက်မိတာရှိတယ်။ ကလေးမွေးတဲ့အချိန်မှာ အောက်ဆီဂျင်တွေ ပြတ်လပ်တာရှိတယ်။ အဲဒါတွေကြောင့် ဦးနှောက်ကို သွားထိခိုက်တာမျိုးပေါ့။ နောက်ပြီး လေဖြတ်တဲ့အခါမှာ ဦးနှောက်ကို သွားထိတယ်။ ဦးခေါင်းဒဏ်ရာရတာတွေ ရှိတယ်။ အဲဒီအခါ ဦးနှောက်က ဖွဲ့စည်းပုံပြောင်းပြီးတော့ အတက်ရောဂါရတယ်။ တချို့လည်း မျိုးရိုး ဗီဇပြောင်းလဲမှုကြောင့် ဖြစ်တတ်တာမျိုးလည်း ရှိပါတယ်။ နောက်တစ်ခုက ရောဂါပိုးကူးစက်တာကြောင့် ဖြစ်တယ်။ ဥပမာ - ဦးနှောက်အမြှေးပါး ရောင်ရမ်းတာကြောင့်လည်း ဖြစ်တတ်တယ်၊ တီဘီကြောင့်လည်း ဖြစ်တတ်တယ်၊ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်တဲ့အခါမှာလည်း ဖြစ်နိုင်တာရှိတယ်၊ နောက်ပြီးသွေးထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကများပြီးတော့ ဦးနှောက်ထဲရောက်တာမျိုးတွေဖြစ်တတ်တယ်။ ဒီလိုအကြောင်းအရာတွေကြောင့် ဖြစ်တာက ၄၀ ရာခိုင်နှုန်းလောက်ရှိပြီးတော့ ၆၀ ရာခိုင်နှုန်းက ဘာအကြောင်းအရာကြောင့်မှန်း မသိကြဘူး။

Voice : သူ့ရဲ့ ရောဂါလက္ခဏာတွေကရော။
Dr.TZ : ရောဂါလက္ခဏာတွေက တစ်ခုနဲ့တစ်ခုတော့ မတူဘူး။ အတွင်းတက်ဆိုရင် လူကတောင့်သွားတာမျိုးလောက်ပဲ ဖြစ်သွားတာရှိတယ်။ ခဏတစ်ဖြုတ်ပေါ့။ တချို့ကျတော့လည်း အဲဒီလိုမဟုတ်ဘူး။ အကြောတွေ တင်းပြီးတောင့်တယ်၊ အံကြိတ်တာတို့၊ လက်တွေ၊ ခြေတွေက ခါတာမျိုး စတဲ့ သိသာထင်ရှားတဲ့ အတက်ရောဂါလည်း ရှိတယ်။ တချို့ဆို တက်ပြီး သတိလစ်သွားတာရှိတယ်။ အဲဒီအချိန် မရှိတာတွေမြင်တယ်၊ မပြောဘဲနဲ့အသံတွေကြားရတာမျိုးတွေ ဖြစ်တတ်တယ်။ နောက်ပြီး ကလေးတွေငယ်ငယ်တုန်းက အဖျားကြီးတာတို့၊ အရက်သောက်ရင်းက အရက်ဖြတ် လိုက်ရင်လည်း အတက်ရောဂါတွေဖြစ်တာမျိုး ရှိတတ်ပါသေးတယ်။

Voice : ဒီလို အတက်ရောဂါတွေမဖြစ်အောင် ဘယ်လိုသတိပြုလို့ရမလဲဆရာ။
Dr.TZ : ဒီတော့ အပေါ်ကပြောခဲ့သလို ဘာကြောင့် ဖြစ်နိုင်သလဲဆိုတဲ့အချက်တွေကို သတိထား ကာကွယ်ရမှာပေါ့။ ကလေးမွေးတဲ့အချိန်မှာ ကလေးငယ်တွေမှာ ဦးနှောက်သွားထိခိုက်တာမျိုး၊ မွေးချိန်ကြာလို့ အောက်ဆီဂျင်ပြတ်လပ်တာမျိုး မဖြစ်အောင် ကလေးမွေးတဲ့အချိန်မှာ လွယ်လွယ်ကူကူမွေးနိုင်ဖို့ သင်တန်းတွေပေးတာမျိုးလုပ်လို့ရတယ်။ နောက်ပြီးတော့ လုပ်ငန်းခွင်တွေမှာ ဦးနှောက်မထိခိုက်အောင် ကာကွယ်တာမျိုး၊ ဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်ဆောင်းတာမျိုးစသဖြင့် ကာကွယ်လို့ရမယ်။

Voice : ဟုတ်ကဲ့၊ အရက်ဖြတ်တဲ့သူတွေမှာလည်း အတက်ရောဂါဖြစ်နိုင်တယ်ဆိုတာလေးကို ရှင်းပြပေးပါဦး ဆရာ။
Dr.TZ : အရက်သောက်ရင် ဦးနှောက်မှာ အတက်ရောဂါကို ထိန်းချုပ်တဲ့ဓာတ်တစ်မျိုးက ထွက်လာတယ်။ အရက်ဖြတ်လိုက်တဲ့အခါ အဲဒီဓာတ်က မရှိတော့ ဦးနှောက်ရဲ့လှုပ်ရှားမှုတွေက လိုတာထက် ပိုပြီးတော့ လှုံ့ဆော်မှုတွေ အရမ်းမြန်သွားတယ်။ အဲဒီတော့ မလိုလားအပ်တဲ့ ဦးနှောက်ရဲ့လျှပ်စီးတွေပေါ်ပြီး အတက်ရောဂါတွေ ဖြစ်တတ်တာမျိုးပေါ့။ ဒါက အရက်အများကြီးသောက်ပြီး ရုတ်တရက်ဖြတ်လိုက်တဲ့သူတွေမှာ ဖြစ်တတ်တယ်။ ခဏခဏတက်ရင်းက ဦးနှောက်ကိုထိတော့ သာမန်အတက်ကနေ အတက်ရောဂါအထိ ပြောင်းသွားတဲ့သူလည်းရှိပါတယ်။ ပထမတစ်ကြိမ်လောက်ဖြစ်တာကို အတက်ရောဂါလို့ မသတ်မှတ်ဘူး။ နှစ်ကြိမ်နဲ့အထက် ဖြစ်ပြီဆိုရင် အတက်ရောဂါလို့ သတ်မှတ်တာပေါ့။ 

Voice : ခဏခဏတက်တဲ့အခါ အသက်အန္တရာယ် ရှိနိုင်သလားဆရာ။
Dr.TZ : စိုးရိမ်ရတာရှိတယ်။ တချို့ဆိုရင် ဝရန်တာ မှာမှီနေရင်းရဲ့ တက်သွားတာဆိုရင် တိုက်ပေါ်က ပြုတ်ကျတာမျိုး၊ ရေကူးရင်းနဲ့တက်တာဆိုရင် ရေနစ်နိုင်တယ်။ တချို့ကားမောင်းရင်းနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်စီးရင်းဖြစ်ဖြစ် တက်သွားရင် အက်ဆီးဒင့်တွေဖြစ်တာ မျိုးတွေရှိတယ်။ ဒါကို Control မရရင် အသက် အန္တရာယ်ထိခိုက်နိုင်တယ်။

Voice : ကိုယ့်မှာအတက်ရောဂါရှိတာကို အဓိက သတိထားနိုင်မယ့် သိသာထင်ရှားတဲ့အချက်တွေရှိပါ သလား။
Dr.TZ : တချို့က ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘူး။ အိမ်ကလူတွေက သတိထားမိတာရှိတယ်။ ဥပမာ - စကားပြောနေရင်းနဲ့ သတိလစ်သွားပြီး ကြောင်တောင် တောင်ဖြစ်သွားတယ်၊ စကားပြောရင်း တစ်မိနစ်၊ နှစ်မိနစ်လောက် ရပ်ရပ်သွားတာမျိုးပေါ့။ ပြီးရင် မမှတ်မိဘူး။ အဲဒါက အတွင်းတက်လို ပုံစံမျိုးပါ။ တချို့ သိသာထင်ရှားတာက ပစ်လဲသွားတာမျိုးတို့၊ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်ဘူး။

Voice : အတက်ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုစိတ်ပိုင်းဆိုင်ရာရောဂါတွေဖြစ်လာနိုင်ပါသလဲ။
Dr.TZ : အတက်ရောဂါကို တချို့လည်း ရှက်တာ တွေရှိတယ်။ လူကြားထဲမှာ ဖြစ်တော့လေ။ တချို့ဆို အပြင်မထွက်ရဲတာတွေဖြစ်ပြီး စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်တယ်။ နောက်ပြီး ပြန်တက်မှာလားဆိုတဲ့ စိုးရိမ်စိတ်တွေများတာတွေ ဖြစ်တတ်တာရှိတယ်။ ပြီးတော့ တချို့အတက်ရောဂါတွေက စိတ်ကြွ၊ စိတ်ကျ တွေဖြစ်တတ်တယ်။ အတက်ရောဂါကြောင့် စိတ်ဖောက် တဲ့ပုံစံမျိုးတွေဖြစ်တဲ့ သံသယစိတ်တွေများတာ၊ မကြည့်ဘဲနဲ့ ကြည့်တယ်လို့ ထင်တာမျိုးတွေဖြစ်တာလည်း ရှိတတ်တယ်။ ဒါတွေကတော့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေပေါ့။ ဒါတွေကို ချက်ချင်းကုသပေးလို့ရတာလည်း ရှိပါတယ်။

Voice : ဆရာ့အနေနဲ့ အတက်ရောဂါနဲ့ပတ်သက်ပြီး လူထုကို ဘယ်လို သတင်းစကားများပါးလိုပါသလဲ။
Dr.TZ : အတက်ရောဂါက လူတစ်ရာမှာ တစ်ယောက်လောက်ဖြစ်နိုင်ခြေရှိတာဆိုတော့ အဖြစ်များတဲ့ ရောဂါထဲမှာတော့ ပါတာပေါ့။ အဲဒီတော့ သူတို့ကို ဖေးမကူညီပေးရမယ်။ မှန်ကန်တဲ့ကုသမှုရရှိဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဆီသွားပြီး ကုသမှုခံယူရမယ်။ ပြီးတော့ ဆေးကို ဆက်တိုက်သောက်ဖို့လိုတယ်။ ဆေးသောက်နေရင်းနဲ့ အတက်ရောဂါ ၃ နှစ် ဆက်တိုက် မဖြစ်တော့ဘူးလို့ယူဆရင် ဆေးရပ်လို့ရတာပေါ့။ အတက်ရောဂါ လုံးဝမရှိတော့တဲ့အထိ သောက်ဖို့လိုတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ