News

POST TYPE

ENTERTAINMENT

ဇဏ်ခီ၊ ခရစ္စတီးနားခီတို့နဲ့ တွေ့ဆုံခြင်း
02-Apr-2019



“ကျွန်တော့် ပရိသတ်တွေကို သိစေချင်တာကတော့ သူတို့ရဲ့ အားပေးမှုသည် ကျွန်တော်တို့အတွက် ဆုပါပဲ” (ဇဏ်ခီ)

“အကယ်ဒမီဆုရွေးချယ်တဲ့ ပုံစံတွေကတော့ အရင်အတိုင်းပါပဲ။ အရင်ကလည်း ဒီလိုပဲ ပေးနေကျဆိုတော့လေ” (ခရစ္စတီးနားခီ)

ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင် ဇဏ်ခီ၊ ဒါရိုက်တာခရစ္စတီးနားခီတို့  ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီး အကယ်ဒမီဆုပေးပွဲရဲ့ နောက်ဆက်တွဲဂယက်တွေပေါ်အမြင်၊ ပရိသတ်တွေက သီးခြားဆုချီးမြှင့်ဖို့  စီစဉ်နေတဲ့အပေါ် ခံစားမှုနဲ့  ထာဝရနှောင်ကြိုးရုပ်ရှင်အကြောင်းတို့ကို မေးမြန်းဖော် ပြထားပါတယ်။ 

Voice : အကယ်ဒမီဆုပေးပွဲရဲ့ နောက်ဆက်တွဲဂယက်တွေက တော်တော်ကြီးခဲ့တယ်နော်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။
CK : ဒီနှစ် အကယ်ဒမီပေးပွဲမှာတော့ ကိုယ်ရိုက်ထားတဲ့ ဇာတ်ကားရော၊ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်အမျိုးသားကရော ဆန်ခါတင်စာရင်းမှာ ပါနေတဲ့အတွက် အစ်မရဲ့  Ethic အရ ဘာမှ ဝေဖန်ပိုင်ခွင့် မရှိတော့ဘူးပေါ့နော်။ အစ်မအနေနဲ့ ပြောချင်တာကတော့ အကယ်ဒမီဆုရွေးချယ်တဲ့ ပုံစံတွေက သူတို့သဘော၊ သူတို့ဆန္ဒပေါ့။ အစ်မရဲ့ အနုပညာကလည်း အစ်မသဘောအစ်မဆန္ဒပေါ့။ အကယ်ဒမီဆုရွေးချယ်တဲ့ ပုံစံတွေကတော့ အရင်အတိုင်းပါပဲ။ အရင်ကလည်း ဒီလိုပဲ ပေးနေကျဆိုတော့လေ။
ZK : ကျွန်တော်တို့ ရိုက်ကူးရေးသမားတွေအနေနဲ့  ဖန်တီးသူတွေအနေနဲ့ အသစ်တွေတော့ ထွက်လာတယ်။ ဒါပေမဲ့ အကယ်ဒမီဘုတ် အဖွဲ့ရဲ့ ဆုပေးမှုပုံစံတွေက အရင်တုန်းကအတိုင်း သွားနေပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆုရတဲ့အထဲမှာ လူငယ်တွေ ဘယ်သူမှ မဝင်သွားဘူးဆိုတော့လေ။ ကျွန်တော့်အနေနဲ့ကတော့ ဘာမှ စိတ်ထဲမှာ မရှိပါဘူး။ သုံးသပ်ရမယ်ဆိုရင်တော့ သူတို့ ဆုပေးတဲ့ ပုံစံတွေက အရင်တုန်းက အတိုင်းပါပဲ။ ဘာမှ မမျှော်လင့်ထားတဲ့အတွက် ဆုမရတာကိုလည်း ဘာမှ မထိခိုက်ပါဘူး။ 

Voice : ဒီနှစ်အကယ်ဒမီပေးပွဲမှာဆုမရခဲ့ပေမယ့် ပရိသတ်တွေ စုပေါင်းပြီး ခီမောင်နှံကိုဂုဏ်ပြုဖို့  စီစဉ်နေတယ်လို့ ကြားရတယ်။ ဒီအပေါ်မှာ ဘယ်လိုခံစားမှုရှိလဲ။ 
ZK : ဒါကတော့ အကယ်ဒမီပေးပွဲအပေါ် ပရိသတ်တွေရဲ့ Emotional  Response ခေါ်မှာပေါ့နော်။ အကယ်ဒမီနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို သူတို့ သဘောမတူဘူးပေါ့နော်။ သဘောထား ကွဲလွဲကြောင်း၊ ကျွန်တော်တို့ကို ဆုပေးချင်ကြောင်းပြသတဲ့ သဘောပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ ပရိသတ်တွေက အကယ်ဒမီ ရစေချင်တဲ့အတွက် ဂုဏ်ယူတယ်။ ဝမ်းသာတယ်ပေါ့နော်။ ကျွန်တော့် ပရိသတ်တွေကို သိစေချင်တာကတော့ သူတို့ရဲ့ အားပေးမှုသည် ကျွန်တော်တို့အတွက် ဆုပါပဲ။ သူတို့ပေးထားတဲ့နေရာလေးကို အရမ်းမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ ကျွန်တော်တို့ လုပ်ချင်တဲ့ အနုပညာကိုစိမ်ပြေနပြေ လုပ်ခွင့်ရတယ်။ ကျွန်တော်တို့အတွက်က ဒီ့ထက်ကြီးတဲ့ဆုတောင်းလို့ မရတော့ဘူးလေ။ အခုရထားတဲ့ အားပေးမှုနဲ့တင် လုံလောက်ပါတယ်။ 
CK : အနုပညာသမားတွေက ပရိသတ်မရှိလို့ရှိရင် ရပ်တည်ဖို့ အရမ်းခဲယဉ်းပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေက ပိုက်ဆံတွေကုန်ပြီး အလုပ်တွေ ရှုပ်ကုန်မှာမျိုးကိုလည်း မဖြစ်စေချင်ဘူး။ စေတနာကိုလည်း မစော်ကားမိချင်ဘူး။ ကိုယ့်အကြောင့် အနှောင့်အယှက်တွေ အရမ်းဖြစ်ကုန်မှာမျိုးကိုလည်း မဖြစ်စေချင်ဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးလမ်းကြောင်းတစ်ခုကိုတော့ အစ်မတို့ရဲ့ မန်နေဂျာနဲ့  အစ်မတို့ရဲ့ ထုတ်လုပ်သူကိုတော့ ပြောပြလိုက်တယ်။ အဲ့ဒါကြောင့် သူတို့က ပရိသတ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Voice : လက်ရှိရိုက်ကူးနေတဲ့ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကိုရော ဘယ်တော့လောက် ရုံတင်ပြသနိုင်မယ်လို့ မှန်းထားလဲ။
CK : အစ်မကတော့ ကိုယ့်ဇာတ်ကားကို အမြန်ဆုံးရုံတင်ချင်တာပေါ့နော်။ အစ်မကမုဒြာရဲ့ ခေါ်သံဇာတ်ကား ရုံတင်တုန်းကရခဲ့တဲ့ ပိုက်ဆံတွေကို ထာဝရနှောင်ကြိုးဇာတ်ကားအတွက် ပြန်သုံးထားတယ်။ အဲ့ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မကြောက်ပါတယ်။ ဒါမျိုး ပြန်ရပါ့မလား၊ ပြန်ရှာ ပေးနိုင်ပါ့မလားဆိုတာကို စိတ်ပူပါတယ်။ အစ်မမှာ နောက်တစ်ကား ဆိုတာမရှိတဲ့အတွက် ဒီတစ်ကားကိုရုံတင်တဲ့ အချိန်မှာ အဆင်ပြေချင်တယ်။ ဇာတ်ကားရိုက်ဖို့အတွက် ငွေထုတ်ပေးတဲ့ ပရိုဂျူဆာတွေအတွက် ဝင်ငွေရအောင် ပြန်ရှာပေးနိုင်တယ်ဆိုရင် အစ်မအတွက်လည်း ကောင်းတာပေါ့။

Voice : မကြာခင်ရက်ပိုင်းအတွင်းက မုဒြာရဲ့ခေါ်သံ ဇာတ်ကားက ဟောလိဝုဒ်ရုပ်ရှင် ဇာတ်ကား “Lion”ကို မှီငြမ်းထားတယ်ဆိုပြီး အမျိုးသားတစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ ရေးထားတာလည်း တွေ့ရတယ်။ ဒီအပေါ်မှာရော ဘယ်လိုဖြေရှင်းချင်လဲ။
CK : လူတော်တော်များများကတော့ မသိလိုက်ဘူးပေါ့နော်။ အစ်မတို့က မုဒြာခေါ်သံဇာတ်ကားကိုရိုက်ဖို့  ၂၀၁၃ ခုနှစ်က စလုပ်တယ်။ ၂၀၁၄ ခုနှစ်မှာ ရိုက်နေပြီ။ ဇာတ်ကားရုံတင်ပြသဖို့  တန်းစီရတဲ့စနစ်မှာ အစ်မရဲ့ကားက အရမ်းကြာသွားတယ်။ ၂၀၁၅ ခုနှစ်ကတည်းက အာဆီယံရုပ်ရှင်ပွဲတော်မှာ ပြဖို့ အစ်မရဲ့ ဇာတ်ကားက အရွေးခံရပြီးသားပါ။ ၂၀၁၆ မှ ရိုက်တဲ့ Lion ရုပ်ရှင်ဇာတ်ကားနဲ့  အစ်မဇာတ်ကားက တူသလိုလို၊ ဘာလိုလိုရေးတယ်ဆိုတော့၊ သိစေချင်တာက တစ်ခုပဲရှိပါတယ်။ တစ်ခုခုကို ရေးတော့မယ်ဆိုရင် အစ်မဆို သေချာလေ့လာတယ်။ သူတစ်ပါးကို ပြောဆိုမယ်ဆိုရင် တိတိကျကျပြောနိုင်မှ ကောင်းပါတယ်။ အစ်မရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း အားလုံးနားလည်သွားအောင် ပြန်ရှင်းပြထားပါတယ်။

သန့်ဇင်ဦး