News

POST TYPE

ENTERTAINMENT

မင်းဦးနဲ့ တွေ့ဆုံခြင်း
31-Mar-2019
“အစ်ကိုတို့ကိုယ်တိုင်လည်း ကြည့်ရတဲ့၊ ကြိုက်ခဲ့တဲ့ ဇာတ်ကားတွေက ဆုပေးတဲ့အခါမှာ တစ်ကားမှ ပါမလာဘူး” 



ဝါရင့်သရုပ်ဆောင်မင်းဦးနဲ့ တွေ့ဆုံပြီး အကယ်ဒမီဆုပေးပွဲရဲ့ နောက်ဆက်တွဲ ဂယက်တွေအကြောင်း၊ ဆုရွေးချယ်မှုပုံစံတွေအပေါ် အမြင်နဲ့ အကယ်ဒမီဘုတ်အဖွဲ့နဲ့ပတ်သက်ပြီး အကြံပြုချက်တွေကို မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ တချို့သော ဆုတွေက ပရိသတ်ဆန္ဒနဲ့ ထပ်တူမကျခဲ့တဲ့အပေါ် အနုပညာရှင်တစ်ယောက်အနေနဲ့ရော ဘယ်လိုမြင်မိလဲ။
MO : အခုလို ပရိသတ်တွေဆီက ဝေဖန်သံတွေကို ပြန်ကြားရတဲ့အတွက် စိတ်မကောင်းဘူးပေါ့နော်။ အစ်ကိုတို့ ကိုယ်တိုင်လည်းကြည့်ရတဲ့၊ ကြိုက်ခဲ့တဲ့ ဇာတ်ကားတွေက ဆုပေးတဲ့အခါမှာ တစ်ကားမှ ပါမလာဘူး။ ကိုယ်ကိုယ်တိုင်အနေနဲ့လည်း ပရိသတ်တွေဝေဖန်နေကြတဲ့ ခေါက်ရိုးကျိုးနေတဲ့ အက်တင်တွေ မလုပ်ချင်တော့ဘူး။ ဒီလိုဇာတ်ကားတွေရိုက်မှ၊ ဒီလို အက်တင်တွေလုပ်မှ အကယ်ဒမီပေးမှာလားလို့ ပရိသတ်တွေက ပြောလာခဲ့တာ နှစ်ပေါင်းကြာနေပါပြီ။

Voice : ဒီလိုမျိုး ခေါက်ရိုးကျိုးနေတဲ့ အက်တင်တွေ၊ ရိုက်ကူးမှုတွေကနေ ရုန်းထွက်ဖို့ ကိုယ်တိုင်ရော ဆန္ဒရှိလား။
MO : ဒီလိုအက်တင်တွေကို အကယ်ဒမီပေးနေတာက နှစ်တွေအများကြီး ကြာနေပြီလေ။ ဒါတွေကို မပြောင်းနိုင်သရွေ့တော့ ကိုယ်တို့တွေ အပြောခံနေရဦးမှာပါပဲ။ အက်တင်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေတော့ ရှိရမှာပေါ့နော်။ ဒီနှစ်မှာ ဆုပေးတဲ့ ဇာတ်ကားပုံစံတွေက ဟိုးတုန်းကအတိုင်းပဲ ဆိုတော့၊ အစ်ကိုတို့ကိုယ်တိုင်လည်း အံ့ဩတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ အဲဒီလိုတွေလုပ်လိုက်တဲ့အတွက် အစ်ကိုတို့ရဲ့အနုပညာလောကက သူများတွေ အပြစ်ပြောစရာလောကတစ်ခုတော့ ဖြစ်သွားတယ်။ 

Voice : မြန်မာ့ရုပ်ရှင်လောက ပြောင်းလဲဖို့ဘယ်အချက်တွေက စပြီးပြင်ဆင်ရမယ်ထင်လဲ။
MO : ကိုယ်တို့ရုပ်ရှင်လောကကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူငယ်တွေလည်း ရှိကြပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က ကြိုးစားနေကြတာပေါ့နော်။ ဝိုင်းဆဲခံရတဲ့ အချိန်ကျတော့ အနုပညာလောကတစ်ခုလုံး ပါနေတော့ တော်တော်လေး စိတ်မကောင်းပါဘူး။ အစ်ကိုတို့တွေက ဒီထက်ပိုပြီး အခြေအနေမဆိုးခင်မှာ ဘာတွေလုပ်ကြမလဲ။ ပရိသတ်တွေရဲ့ ယုံကြည်မှုတစ်ခုရအောင် ဘယ်လိုဆက်သွားမလဲ၊ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ စဉ်းစားရမယ့် အချိန်တော့ ရောက်နေပါပြီ။ 

Voice : အကယ်ဒမီအကဲဖြတ်အဖွဲ့မှာ လူငယ်တွေကို နေရာပေးသင့်ပြီလို့ ပြောကြတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။
MO : အကဲဖြတ်အဖွဲ့မှာပါတဲ့ လူကြီးတွေကလည်း သူတို့လုပ်တာကို မကြိုက်ရင် လူငယ်တွေလုပ်ပါလို့ ပြောကြတာတွေရှိတယ်။ လူငယ်တွေလုပ်မယ်ဆိုရင်လည်း ဘယ်လိုပုံစံတွေလုပ်ကြမလဲ၊ ဆွေးနွေးတိုင်ပင်ရမယ်။ အဖြေရှာရမယ်။ လူကြီးတွေနဲ့ လူငယ်တွေပေါင်းပြီး ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်စေချင်ပါတယ်။ အစ်ကိုတို့ဝင်ပါရမယ်ဆိုရင်လည်း ဘယ်လိုနေရာကနေ ဝင်ပါပေးရမလဲပြောပါ။ ကိုယ့်အနုပညာလောကတိုးတက်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့အသင့်ပါပဲ။

Voice : အကယ်ဒမီပေးပွဲက ဒီနှစ်မှာ ဝေဖန်ခံရဆုံး၊ ဂယက်တွေအကြီးဆုံး ဖြစ်သွားတယ်နော်။
MO : အစ်ကို့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာတော့ ဒီနှစ်လောက် ရုန်းရင်းဆန်ခတ်နဲ့ အပြောခံ၊ အဆိုခံရတာမျိုး တစ်ခါမှမမြင်ဖူးဘူး။ အစ်ကိုတို့လည်း အနုပညာလောကမှာ ကျင်လည်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒီလိုဖြစ်တာ တစ်ခါမှ မမြင်ဖူးဘူး။ စိတ်လည်း တကယ်မကောင်းပါဘူး။ ဒါပေမဲ့ ကိုယ်ခံစားရတာတွေကို ဖေ့စ်ဘွတ်ခ်မှာတော့မရေးပါဘူး။ ဘာမှလည်း မပြောပါဘူး။ အရင်နှစ်ကလည်း ဂယက်တွေရှိခဲ့တယ်။ ဒီနှစ်မှာတော့ ဂယက်က ပိုကြီးသွားတာပေါ့နော်။

Voice : ရုပ်ရှင်လောကက အရှိန်ကောင်းနေတယ်လို့ ပြောရမယ်နော်။ အကယ်ဒမီပေးပွဲရဲ့ ဂယက်က ရုပ်ရှင်လောကအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။
MO : ရုပ်ရှင်လောကက အရင်တုန်းကဆို တစ်နှစ်ကို ဆယ်ကားကျော်လောက်ပဲ ရုံတင်နိုင်တယ်။ အခုဆို တစ်နှစ်ကို ဇာတ်ကား ၈၀ ကျော်တောင် ရုံတင်လာနိုင်ပြီပေါ့နော်။ ရုံတင်တဲ့ဇာတ်ကားတွေ အားလုံးကို ကောင်းတယ်လို့မဆိုလိုချင်ပါဘူး။ မကောင်းတဲ့ ဇာတ်ကားတွေလည်းရှိပါတယ်။ အစ်ကိုပြောချင်တာကလေ ရုပ်ရှင်လောက အခြေအနေကောင်းနေရင် ဝင်လာကြတဲ့ထုတ်လုပ်သူတွေရှိတယ်။ ဒီကားကိုဒီလောက်နဲ့ရအောင် ရိုက်ပေးပါလို့ပြောကြတာတွေရှိတယ်။ ခြုံပြောရရင် ပရိသတ်လက်မခံရင် ကိုယ်တို့ရုပ်ရှင်လောကကလည်း ဆပ်ပြာပူဖောင်းလိုပဲ ပျောက်သွားမှာပါပဲ။ အခုဆိုဇာတ်ကားကောင်းတွေကို ကြိုးစားရိုက်လာတဲ့သူတွေ များလာပြီ။ ကိုယ်တို့က ရုပ်ရှင်လောက ဒီထက်ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်ခဲ့တာလေ။ အခုလို ပရိသတ်တွေက ဝေဖန်စရာဖြစ်သွားတာတော့ စိတ်မကောင်းပါဘူး။

Voice : အကယ်ဒမီဆုရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေအကြံပြုချင်တာများရှိလဲ။
MO : အကယ်ဒမီဘုတ်အဖွဲ့ကနေ ထုတ်ထားတဲ့ တချို့စည်းကမ်းတွေကို အစ်ကိုတို့လည်း မသိပါဘူး။ အစ်ကို ပြောချင်တာကတော့ တစ်သက်လုံး ဒီလိုအက်တင်တွေကိုပဲ ဆုပေးမလားပေါ့နော်။ ငိုယိုအော်ဟစ်ပြီး လုပ်ပြတဲ့ အက်တင်မျိုးကိုမှ ဆုပေးတာလားလို့မေးချင်တယ်။ အက်တင်တွေတစ်ခုနဲ့ တစ်ခုမတူအောင် ကြိုးစားနေတဲ့သူတွေရှိတယ်လေ။ ဒီလိုလူတွေက ခေါက်ရိုးကျိုးနေတဲ့ အက်တင်မျိုးတွေလုပ်မှ ဆုရမယ်ဆိုရင် ကိုယ်တို့ အနုပညာလောကအတွက်လည်း မကောင်းဘူး။ ကြိုးစားနေတဲ့သူတွေလည်း စိတ်ပျက်သွားလိမ့်မယ်။

သန့်ဇင်ဦး