News

POST TYPE

ENTERTAINMENT

ပြေတီဦးနဲ့ တွေ့ဆုံခြင်း
13-Mar-2019



“အိမ်က ယောကျာ်းတွေနဲ့ ရန်ဖြစ်တာထက်၊ အမျိုးသမီးအချင်းချင်းကို ဝိဝါဒ ကွဲကြမယ်”

နာမည်ကျော် သရုပ်ဆောင် ပြေတီဦးနဲ့တွေ့ဆုံပြီး ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ အိမ်ထောင်ရေးဒရာမာ ဇာတ်လမ်းတွေ ရိုက်ဖြစ်တဲ့အကြောင်း၊ ယခုလအတွင်း ရုံတင်ပြသမယ့် “ကျွန်မအချစ်ဆုံး ယောကျာ်း သုံးယောက်” ရုပ်ရှင်အကြောင်းနဲ့ ယခုနှစ်အတွင်း ရိုက်ကူးမယ့် ဇာတ်ကားတွေအကြောင်းကို မေးမြန်းဖော်ပြထားပါတယ်။

Voice : ကိုယ့်ရဲ့ ဇနီးသည်ဖြစ်တဲ့ မအူဝဲနဲ့ကျတော့ အိမ်ထောင်ရေး ဒရာမာ ရုပ်ရှင်တွေပဲ ရိုက်မှာလား။ တခြားဇာတ်လမ်းအမျိုးအစားတွေ ရိုက်ဖို့ ရှိဦးမလား။
PTO : အဲ့ဒါကတော့ သူ့ဟာနဲ့ သူအကျိုးအကြောင်း တိုက်ဆိုင်ပြီးတော့ အိမ်ထောင်ရေးဇာတ်တွေပဲ ရိုက်ဖြစ်သွားတာပါ။ ကျွန်တော်တို့ကတော့ တမင်တကာ အိမ်ထောင်ရေးဇာတ်ပဲ ရိုက်မယ်လို့  ဆုံးဖြတ်ထားတာမျိုး မဟုတ်ပါဘူး။ နောက်ထပ်လည်း အူဝဲနဲ့ရိုက်ဖို့ စီစဉ်ထားတဲ့ ဇာတ်ကားတွေ ရှိပါသေးတယ်။ ဇာတ်လမ်း တစ်ခုကတော့ အစ်ကိုတို့ တည်ထောင်ထားတဲ့ သုဒြာထုတ်လုပ်ရေးကနေ ရိုက်ပါမယ်။ နောက်ထပ်ဇာတ်လမ်းတစ်ခုကတော့ အစ်ကိုတို့ ကုမ္ပဏီကပဲ ရိုက်ဖြစ်မလား၊ အပြင်ကုမ္ပဏီနဲ့ ရိုက်ဖြစ်မလားဆိုတာ မသိသေးပါဘူး။

Voice : အိမ်ထောင်ရေး ဇာတ်တွေဆို မအူဝဲက ကိုပြေတီဦးနဲ့ရိုက်ရင် ပိုကောင်းတယ်လို့ တချို့ပရိသတ်တွေလည်း ပြောကြတာရှိတယ်။ အဲ့ဒါကျတော့ရော ဘာကြောင့်ဖြစ်မလဲ။
PTO : အဲ့ဒါကတော့ အစ်ကိုတို့ နှစ်ယောက်က အပြင်မှာလည်း တကယ်အိမ်ထောင်သည် ဖြစ်နေကြတာလည်းပါမယ်။ နောက်တစ်ချက်က ကျတော့ အစ်ကိုက ဒရာမာဇာတ်၊ အိမ်ထောင်ရေးဇာတ်တွေနဲ့ ပိုလိုက်တာကြောင့်လည်း ပါပါလိမ့်မယ်။ အူဝဲ သေချာလုပ်ခွင့်ရတဲ့ ဇာတ်ကားတွေမှာ အစ်ကိုတို့အနေနဲ့ကလည်း သေချာအင်တိုက်၊ အားတိုက် ပါဝင်ပေးလိုက်တော့ ကြည့်ရတာ မြိုင်သွားတာပေါ့နော်။ အဲ့ဒါကြောင့် ထွက်လာတဲ့ ဇာတ်ကားလေးတွေက ကားကောင်းလေးတွေဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို ခံခဲ့ရတာပါ။

Voice : အစ်ကိုတို့ နှစ်ယောက်က အပြင်မှာလည်း တကယ့် ဇနီးမောင်နှံတွေ ဖြစ်နေတဲ့အချက်က အိမ်ထောင်ရေး ဇာတ်ကားရိုက်တဲ့အခါမှာ အားသာချက်တစ်ခု ဖြစ်နိုင်လား။
PTO : အဲ့ဒါကတော့ အားသာချက်ရှိပါတယ်။ အပြင်မှာလည်း တကယ့် အိမ်ထောင်ဖက်တွေ ဖြစ်နေတဲ့အတွက် တချို့ဟာတွေကျတော့ အားနာစရာ မလိုဘူးပေါ့နော်။ ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ပြောလို့ရတာပေါ့။ သူစိမ်းတစ်ယောက်နဲ့ ရိုက်ရင်ကျတော့ အားနာနေရတာမျိုးတွေ ရှိချင်လည်း ရှိနိုင်တာပေါ့လေ။ ဒါပေမဲ့ အားမနာရတာ များပါတယ်။ ကျွန်တော်တို့က ကျတော့ ဘယ်မင်းသမီးနဲ့မဆို တကယ့်မောင်နှမတွေလို ဖြစ်နေတော့ ပြောမနာ ဆိုမနာတွေချည်းပါပဲ။ လင်မယားကျတော့ ပိုရင်းနှီးတာပေါ့နော်။ အဲ့ဒါလေးတော့ အားသာချက်ရှိပါတယ်။

Voice : ဒီလထဲမှာ ရုံတင်မယ့် “ကျွန်မအချစ်ဆုံး ယောကျာ်းသုံးယောက်” ဇာတ်ကားကျတော့ ပရိသတ်တွေကို ဘယ်လိုရသမျိုး ထပ်ပေးနိုင်မလဲ။
PTO : ဒီဇာတ်ကားကတော့ မိသားစုကို တအားချစ်တဲ့ အိမ်ထောင်ရှင်မတစ်ယောက် အကြောင်းကို ရိုက်ပြထားတာပါ။ မိသားစုအပေါ် အရမ်းကို ချစ်ပြီးတော့မှ တာဝန်ကျေချင်တဲ့ အိမ်ထောင်ရှင်မတစ်ယောက် ကြုံတွေ့ရတဲ့ ပြဿနာတွေ၊ ရင်ဆိုင်ရတဲ့ ဒုက္ခတွေကို ရိုက်ပြထားတာပါ။ ဒီဇာတ်ကားက အမျိုးသမီးထုရဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ဇာတ်ကား တစ်ကားဖြစ်မှာပါ။ 

Voice : အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ ခံစားချက်ကို ဘယ်လောက်အထိ ထင်ဟပ်ဖော်ပြနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်မလဲ။
PTO : ဒီဇာတ်ကားမှာ ဒါရိုက်တာ ဦးမျိုးမင်းက အိမ်ထောင်ရှင် အမျိုးသမီးတွေကို မေးထားတဲ့ မေးခွန်းတွေ ရှိပါတယ်။ သူငယ်ချင်း နှစ်ယောက် လာကြည့်ကြတယ်ဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် ငြင်းရခုံရဦးမှာပဲ။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေလည်း ပါတာဆိုတော့လေ။ တိုက်ဆိုင်မှုရှိလျှင်တုန်းကလည်း ခံစားချက်နဲ့ တိုက်ဆိုင်ပြီးတော့ ပြန်သွားကြရတယ်လေ။ ကျွန်မ အချစ်ဆုံး ယောကျာ်း သုံးယောက်မှာတော့ အိမ်က ယောကျာ်းတွေနဲ့ ရန်ဖြစ်တာထက်၊ အမျိုးသမီးအချင်းချင်းကို ဝိဝါဒကွဲကြမယ်။ ဒီဇာတ်ကားထဲက သမုဒယခင်နဲ့ အူဝဲနဲ့ကလည်း တူတဲ့အချက်တွေရှိပါတယ်။ ဥပမာမိသားစုကို ချစ်တာချင်း၊ တန်ဖိုးထားတာချင်းတူပါတယ်။ အချစ်ကြီးတာချင်းလည်း တူပါတယ်။ 

Voice : ဒီနှစ်ထဲမှာရော ရုပ်ရှင်ကားကြီး ဘယ်နှကားလောက် ရိုက်ကူးဖို့ လက်ခံထားလဲ။
PTO : ဒီနှစ်ထဲမှာတော့ ကျွန်တော် ရုပ်ရှင်ကားကြီး ငါးကား၊ ခြောက်ကားလောက်ပဲ ရိုက်ဖြစ်ပါမယ်။ ကျွန်တော် မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုးတွေ၊ သေသေချာချာ ပြင်ဆင်ပြီး ရိုက်မှရမယ့် ဇာတ်လမ်းမျိုးတွေကိုပဲ ရွေးပြီး ရိုက်ဖြစ်ပါမယ်။ ရုပ်ရှင်ကားကြီး တစ်နှစ်ငါးကား၊ ခြောက်ကားဆိုတာက နည်းတော့ မနည်းပါဘူး။ ကျွန်တော် ရှေ့မှာရိုက်ထားတဲ့ ဇာတ်ကားတွေလည်း ရုံတင်ဖို့ ရှိသေးတယ်လေ။ အဲ့ဒီဇာတ်ကားတွေ ရုံတင်ဖို့အတွက်တောင် တစ်နှစ်ခွဲ၊ ၂ နှစ်လောက် စောင့်ရဦးမယ်။ နောက်ပိုင်းကျရင်တော့ ကိုယ်ရိုက်ချင်တဲ့ ဇာတ်ကားမျိုးတွေ ရိုက်ဖို့အတွက် အချိန်တစ်ခု စောင့်ရဦးမှာပေါ့။

Voice : ဒီနှစ်ထဲမှာ ရိုက်ဖို့ အားအခဲထားဆုံး ဇာတ်ကားကတော့ ကိုယ်တိုင် ထုတ်ရိုက်မယ့် “ငရဲဆိုတာ ချိုနဲ့လာ” ဖြစ်မယ်ထင်တယ်နော်။
PTO : အဲ့ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ ဒုတိယအရိုက်ချင်ဆုံး ဇာတ်ကားပေါ့နော်။ အဲ့ဒီထက် ပိုပြီး ရိုက်ချင်တဲ့ ဇာတ်ကားတစ်ကား ရှိပါသေးတယ်။ အဲ့ဒါကတော့ မလုပ်နိုင်သေးဘူးပေါ့နော်။ အဲ့ဒီကားအတွက် ကုန် ကျစရိတ်ကလည်း အရမ်းများမယ်။ အခက်အခဲတွေ ပိုများမှာဆိုတော့ လုပ်နိုင်ဖို့ သိပ်မလွယ်သေးဘူး။ ငရဲဆိုတာ ချိုနဲ့လား ဝတ္ထုကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ကျွန်တော့်ရင်ထဲမှာ ရှိခဲ့တာပါ။ အဲ့ဒီ ဇာတ်လေးရိုက်ဖို့ အတွက်ကတော့ ကျွန်တော် အားခဲထားပါတယ်။

သန့်ဇင်ဦး