News

POST TYPE

ENTERTAINMENT

“လိပ်ပြာစံအိမ်”ဇာတ်ကားကို ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတာပါ ဆိုတဲ့ ပြည့်ပြည့်
11-Feb-2019


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ထိတ်လန့်ချောက်ချားစရာ ဇာတ်ဝင်ခန်းတွေပါဝင်တဲ့ “လိပ်ပြာစံအိမ်”ဇာတ်ကားကို ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတာပါလို့ ယင်းဇာတ်ကားမှာ သရုပ်ဆောင် နိုင်းနိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ သမီးအဖြစ် ပါဝင်ထားတဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က ပြောကြားပါတယ်။

 “သမီးက အပြင်မှာလည်း တကယ် သရဲကြောက်တတ်တယ်။ ရိုက်ကွင်းမှာ လူတွေရှိပေမယ့်လည်း ကြောက်တာပဲ။ တချို့ ပြေးတဲ့အခန်းတွေမှာဆို ကြောက်ပြီး ချော်တောင်လဲတယ်။ ကြောက်ပေမယ့်လည်း အကောင်းဆုံးတော့ ကြိုးစားခဲ့ပါတယ်”လို့ ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

လက်ရှိမှာတော့ ကျောင်းတက်နေတဲ့အတွက် ပညာရေးပိုင်းကို ဦးစားပေးနေရပြီး၊ ကျောင်းနားတဲ့အချိန်ကျတော့မှသာ ဇာတ်ကားတွေရိုက်ဖို့ လက်ခံကြောင်း၊ ရိုက်ခဲ့တဲ့ဇာတ်ကားတွေက ငိုရတာတွေ များတဲ့အတွက် ပျော်စရာဇာတ်လမ်းလေးတွေ ပိုရိုက်ချင်နေကြောင်း ပြည့်ပြည့်က ပြောကြားပါတယ်။

“လိပ်ပြာစံအိမ် ရိုက်တုန်းကတော့ သမီးကို မမကစ်ကစ် (ဝတ်မှုံရွှေရည်) ကလည်း သရုပ်ဆောင်တဲ့အခါမှာ အများကြီး သင်ပေးပါတယ်။ ဦးဒေါင်းတို့၊ ဦးနိုင်းတို့ကလည်း သင်ပေးပါတယ်။ သမီးရဲ့ကျောင်းက သူငယ်ချင်းတွေကလည်း လိပ်ပြာစံအိမ် ဇာတ်ကားကို သွားကြည့်ကြမယ်လို့ ပြောပါတယ်”လို့  ၎င်းကဆိုပါတယ်။

Brave  Empire ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ထိုင်းဒါရိုက်တာ Chartchai Ketnust ကိုယ်တိုင် ဇာတ်လမ်း ရေးသားရိုက်ကူးတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားမှာတော့ သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။