News

POST TYPE

ENTERTAINMENT

မုံရွာတွင် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှု အမျိုးသားတစ်ဦး သေဆုံး
14-Jan-2019

မုံရွာ၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ဝန်ကြီးများ အိမ်ရာအနီး၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရန်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဆေးရုံ၌သေဆုံးခဲ့ကြောင်း မုံရွာမြို့မစခန်းထံမှ စုံစမ်းသိရှိရသည်။

“တစ်ဖက်က ၁၀ ယောက် တစ်ဖက်က ၁၁ ယောက်လောက် ခိုက်ရန်ဖြစ်ကြတယ်။ တုတ်၊ ဓားပါကြတယ်။ သေသူက ဦးခေါင်းဒဏ်ရာနဲ့ သေတာပါ”ဟု မြို့မစခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးက ပြောဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (ထပ်တိုးပုဒ်မ)၊ ရာဇသတ်ကြီး ၃၂၆၊ ၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဖြစ်စဉ်အတွင်း ပါဝင်သူ ၁၁ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီခွဲခန့်က ဝန်ကြီးများအိမ်ရာ တောင်ဘက်စိန်ပန်းပြာလမ်းရှိ စားသောက်ဆိုင်တစ်ခုရှေ့တွင် လူငယ်အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူငယ်ခြောက်ဦးကို မုံရွာနှင့် မန္တလေးဆေးရုံကြီးတို့သို့ ပို့ဆောင်ကုသခဲ့ရပြီး ယင်းလူနာများအနက်မှ အသက် ၂၆ နှစ်အရွယ် အမျိုးသားမှာ မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့မစခန်းထံမှ သိရသည်။

R-08