POST TYPE

ENTERTAINMENT

ဘိုမနဲ့ တွေ့ဆုံခြင်း
11-Jan-2019



“ကိုယ့်ကို ပရိသတ်တွေက အရမ်းချစ်ကြတာကို နားလိုက်တော့မှ ပိုသိရတယ်”

အနုပညာလောကနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး အဆက်ပြတ်နေခဲ့တဲ့ သရုပ်ဆောင်ဘိုမနဲ့ တွေ့ဆုံပြီး ဇာတ်ကားတွေ မရိုက်ဖြစ်တော့တဲ့ အကြောင်းရင်းနဲ့ အနုပညာလောက ဖြတ်သန်းမှုအမှတ်တရများကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အနုပညာလောကနဲ့ အကြာပြီးအဆက် ပြတ်နေခဲ့တာဘာကြောင့် ဖြစ်မလဲ။
BM : အဲဒါကတော့ အသက်အရွယ်ရလာလို့ နားချင်တာလည်း ပါတယ်။ နောက်တစ်ခုက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ ဘောလုံးကန်တဲ့ပွဲမှာ ပါဝင်ပြီးတဲ့နောက် အဆုတ်ထဲကို ရေဝင်သွားတော့ ကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ ရှုတင်မှာကျတော့ နေပူ၊ မိုးရွာ မရှောင်ရိုက်ရတာဆိုတော့ ကိုယ့်ကျန်းမာရေးနဲ့က အဆင်မပြေဘူးပေါ့နော်။ ကားရိုက်တွေဖြတ်ပြီး နားမိသွားတဲ့အချိန်မှာ တော်တော်လေး အဆက်ပြတ်သွားတာပေါ့။ အဲဒါကြောင့် မရိုက်ဖြစ်တော့တာပါ။

Voice : အနုပညာပိုးဝင်ပြီးသွားရင် ဖြတ်ရခက်တယ်လို့ ကြားဖူးတယ်။ ဇာတ်ကားတွေမရိုက်ဘဲ၊ အကြာကြီးနားနေရတော့ ဘယ်လိုခံစားရလဲ။
BM : အနုပညာပိုးကတော့ ဘယ်တော့မှ သေသွားမှာ မဟုတ်ပါဘူး။ ကိုယ်တွေက ဒီအနုပညာအလုပ်ကို စီးပွားရေးတစ်ခုအတွက် အရင်းခံပြီး စလုပ်ခဲ့တာ မဟုတ်ဘူးလေ။ တကယ်ဝါသနာပါပြီးတော့မှ ရိုက်ခဲ့တဲ့သူဆိုတော့ အနုပညာအပေါ်ချစ်တဲ့ စိတ်ကတော့ရင်ထဲမှာ အပြည့်ရှိပါတယ်။ ကိုယ်ကလည်းနားလိုက်တာ ကြာသွားတဲ့အတွက် မရိုက်ချင်တော့တာပါ။ အခုခေတ်ကတော့ ရုပ်ရှင်ကားကြီးတွေကို ဦးစားပေး ရိုက်ကြတဲ့အတွက် ကိုယ်တွေပါခွင့်ရဖို့က မလွယ်ဘူးပေါ့။

Voice : ဗီဒီယိုခေတ်ကောင်းတုန်းကတော့ မဘိုမတို့က ဇာတ်ကားတိုင်းလိုလို ပါခဲ့ရတာနော်။
BM : ဗီဒီယိုခေတ်ကောင်းတုန်းကတော့ တစ်လကား သုံးဆယ်ရိုက်ရင် ကိုယ်တွေကားသုံးဆယ်ပါနေရမယ်။ မပါရရင်ကို ရှုတင်မန်နေဂျာတွေကို ငါ့ကိုမခေါ်ဘူးလားဆိုပြီး ရန်လုပ်တာပေါ့။ အခုကျတော့ ကိုယ်က ဟင်းတစ်ခုခုကို အဝစားပြီးရင် အီသွားသလို ဖြစ်တာပေါ့။ ဒါပေမဲ့ အနုပညာပိုးကတော့ ရင်ထဲမှာအပြည့်ရှိနေပါတယ်။ ကိုယ့်ကိုပရိသတ်တွေက အရမ်းချစ်ကြတာကို နားလိုက်တော့မှပိုသိရတယ်။ ကိုယ်နဲ့အပြင်မှာတွေ့တဲ့ ပရိသတ်တွေက ပြန်ရိုက်ပါလို့ အမြဲတိုက်တွန်းကြတယ်။ ကိုယ်တွေထင်ခဲ့တာတော့ မင်းသမီး၊ မင်းသားတွေကိုပဲ ပရိသတ်တွေကချစ်ပြီး အားပေးတာလို့ထင်ခဲ့တာ။ ကိုယ်တွေမပါဘူးလို့ ထင်ထားတာပေါ့။ 

Voice : အနုပညာသက်တမ်း ဘယ်လောက်အကြာမှာ နားလိုက်တာလဲ။
BM : အနုပညာသက်တမ်းကတော့ ၁၉ နှစ်နဲ့ ထွက်လိုက်တာပေါ့နော်။ ကားမရိုက်ဘဲ နားလိုက်တာက ဆယ်နှစ်ဆိုတော့ နှစ်ဆယ့်ကိုးနှစ်လောက်ရှိပြီပေါ့။ အသက်ကတော့ အမြဲတမ်း ၁၆ နှစ်ပဲ။ စိတ်ကတော့ နုပျိုနေဆဲပါပဲ။ ဒီလောကကို ဝင်တုန်းကလည်း အစ်မမှာအနုပညာမျိုးရိုးရှိလို့ ဝင်ခဲ့တာမဟုတ်ပါဘူး။ တကယ်ဝါသနာပါလို့ လုပ်ခဲ့တာပါ။ ကိုယ်က အလှလည်းအရမ်းကြိုက်တော့ အနုပညာအလုပ်က ဝတ်စား၊ ပြင်ဆင်ပြီး လှလှပပလေးနေရတာလို့ ထင်တော့ ရုပ်ရှင်ရိုက်ဖို့ လာပြောတဲ့အခါမှာ ဝင်ရိုက်လိုက်တယ်။ သူများတွေလို တစ်ကားရိုက်ပြီး နောက်တစ်ကားရိုက်ဖို့ အကြာကြီး မစောင့်ရဘူး။ နောက်ထပ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ခွင့်ရခဲ့တယ်။ ကိုယ့်ရဲ့အနုပညာစန်းလေးလည်း ကောင်းလို့ပါမှာပေါ့။

Voice : မဘိုမက ဇာတ်ကားတချို့ မှာ ဗီလိန်ဇာတ်ရုပ်ကိုလည်း ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တယ်နော်။
BM : အနုပညာသမားဆိုတာက ကျရာဇာတ်ရုပ်မှာ ပီပြင်အောင်လုပ်တတ်ရမယ်လို့ အစ်မကတော့ ခံယူထားတယ်။ ကိုမင်းစိန်ရဲ့ နာရေးမှာ ရဲကိုကို,ကို စာနယ်ဇင်းတွေ မေးထားတာလေးကြည့်ရတော့ သူနဲ့ရိုက်ခဲ့တဲ့ ဇာတ်ကားတစ်ကားကို ပြန်အမှတ်ရမိတယ်။ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က သူရိုက်တဲ့ ဇာတ်ကားတစ်ကားမှာ ရဲကိုကိုရဲ့ မိထွေးနေရာက သရုပ်ဆောင်ဖို့ လာငှားတယ်။ ကိုယ်ကလည်း ပရိသတ်မုန်းမှာစိုးလို့ မရိုက်ဘူးပေါ့နော်။ နင်က ဇာတ်ပို့၊ ဇာတ်ရံဆိုတော့ ကျရာ ဇာတ်ရုပ်မှာလုပ်နိုင်မှ အောင်မြင်မှာ၊ နင်မရိုက်ရင် နောက်ကားရိုက်ဖို့ မခေါ်တော့ဘူးလို့ ပြောတဲ့အတွက် ရိုက်လိုက်တယ်။ အဲဒီကားမှာ ရဲကိုကိုကို အသေနှိပ်စက်ရတာ။ အဲဒီကားကလည်း အရမ်းအောင်မြင်သွားပါတယ်။ ရဲကိုကို သတင်းကိုတွေ့တော့ သူ့ကြောင့်လည်း အောင်မြင်သွားတာပါတယ်လို့ အမှတ်ရမိပါတယ်။

Voice : ကိုယ့်ကို အားပေးနေဆဲဖြစ်တဲ့ ပရိသတ်တွေအတွက် ဇာတ်ကားတွေ ပြန်ရိုက်ဖို့ရော မစဉ်းစားတော့ဘူးလား။
BM : ပရိသတ်တွေကတော့ သူတို့ချစ်တဲ့အနုပညာသမားတွေကို ဇာတ်ကားတွေမှာ အမြဲတမ်းမြင်ချင်နေကြတာလေ။ အစ်မကို အပြင်မှာတွေ့တဲ့ ပရိသတ်တွေဆိုလည်း ဘာလို့ ပြန်မရိုက်တာလဲဆိုပြီးမေးကြတယ်။ တစ်လောက ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ အစ်မရိုက်ကွင်းကို ရောက်သွားတော့ ကြိုဆိုတဲ့သူတွေက ကြိုဆိုပေမယ့် ချေတဲ့သူမျိုးလည်းရှိတယ်။ အစ်မရဲ့ စိတ်ကကျတော့ အဲဒါမျိုးကို မကြိုက်တဲ့အတွက် ဇာတ်ကား မရိုက်ချင်တော့ဘူး။ အစ်မတို့တုန်းကကျတော့ မင်းသမီး၊ မင်းသားတွေနဲ့က တကယ့် သူငယ်ချင်းလိုပဲ။ စကားတွေပြောလိုက်၊ အစားတွေ စားလိုက်၊ ရိုက်လိုက်ကြနဲ့ ပျော်စရာကောင်းတယ်။ ရှုတင်မရှိရင်တောင် အိမ်မှာ မနေတတ်ဘူး။ အခုခေတ်ကကျတော့ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှု၊ ခင်မင်မှုတွေက အစ်မတို့တုန်းကလောက် မရှိတော့ဘူးလို့ ခံစားရတယ်။ 

သန့်ဇင်ဦး