News

POST TYPE

ENTERTAINMENT

ထွန်းထွန်းနဲ့တွေ့ဆုံခြင်း
08-Jan-2019



“မင်းသမီးတွေကို စတယ်ဆိုတာလည်း ကျွန်တော်တို့က ပရိသတ်တွေပျော်အောင် စင်ပေါ်မှာ ဟဒယအနေနဲ့  ပြောတာပဲရှိတာပါ”

သရုပ်ဆောင်ထွန်းထွန်းနဲ့ တွေ့ဆုံပြီး ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့  ၁၂ ရက်နေ့ မှာ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကပြသွားမယ့် “နှင်းဆီပဝါ ခြုံတဲ့လက်” အငြိမ့်အတွက် ပြင်ဆင်မှုများ၊ ခန္ဓာကိုယ်ကို ဝိတ်ချထားတဲ့ အကြောင်းအရင်းနဲ့ အကယ်ဒမီရင်ခုန်သံတွေကို မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “နှင်းဆီပဝါခြုံတဲ့လက်” အငြိမ့်ကဖို့ ရက်ကလည်းနီးနေပြီဆိုတော့ ဘာတွေပြင်ဆင်နေပြီလဲ။
TT : ဒီတစ်ခါ အငြိမ့်ကဖို့ကိုတော့ တော်တော်ကို ရင်လည်းခုန်တယ်။ ရင်လည်းတုန်ပါတယ်။ ကျွန်တော်တို့ ငါးယောက်က လေမုန်တိုင်းတိုက်ပြီး ကွဲသွားတဲ့ ကြက်တူရွေးလေးတွေလိုပဲ။ တစ်ယောက်တကွဲစီ ဖြစ်နေတယ်။ အငြိမ့်ကဖို့အတွက် Reherarsal တိုက်ဖို့ကိုတောင် တော်တော်ကို စုစုစည်းစည်းလုပ်နေရတယ်။ ဒါပေမဲ့လည်း အငြိမ့်ကိုအစအဆုံး အချီအချတိုက်တဲ့အခါမှာတော့ အဆင်ပြေတာလေးတွေ တွေ့ရပါတယ်။ ကားရိုက်မရှိတဲ့ နေ့ဘက်တွေ၊ ညဘက်တွေမှာတော့ အငြိမ့်တိုက်ဖို့အတွက်ပဲ အချိန်ပေးဖြစ်ပါတယ်။

Voice : နှင်းဆီအငြိမ့်မှာပါတဲ့ မင်းသမီးတွေအများစုကို ထွန်းထွန်းတို့ စင်ပေါ်မှာ စဖူးပေမယ့် မိုးယုစံကိုစတာ သိပ်မတွေ့ရဘူးနော်။
TT : မိုးယုကိုလည်း ကျွန်တော်တို့ စပါတယ်။ အားလုံးမျှမျှတတပါပဲ။ ဒါပေမဲ့ အစခံရဆုံးကတော့ မေကဗျာတို့၊ ဖူးစုံတို့ပေါ့နော်။ သူတို့ကကျတော့ ကျွန်တော်တို့နဲ့ ရွယ်တူလိုလည်းဖြစ်နေတယ်။ မိုးယုစံကကျတော့ ကျွန်တော်တို့ထက်ငယ်တယ်လေ။ မိုးယုကကျတော့ ကျွန်တော်တို့ ထက်ငယ်တဲ့အတွက် ရှက်သွားမှာလည်း စိုးတယ်။ ဖူးစုံတို့၊ မေကဗျာ တို့ကျတော့ သူငယ်ချင်းလိုဖြစ်နေတဲ့အတွက် ပြောရဆိုရတာအဆင်ပြေတယ်။ သူတို့လည်း ပြန်စတာတွေရှိတယ်။ မိုးယုကျတော့ တစ်ခုခုဆို ပြန်မပြောတတ်တော့ ရှက်သွားတာတွေရှိတယ်။ အဲဒါကြောင့် ထိန်းပြီး စရတာပါ။

Voice : တချို့ ပြက်လုံးတွေက နည်းနည်းပြင်းတော့ အစခံရတဲ့မင်းသမီးကို စင်အောက်မှာ စိတ်မဆိုးအောင် ပြန်ချော့ရတာမျိုးရောရှိလား။
TT : အဲဒီလိုမျိုး ပြန်ချော့ရတာမျိုးလည်းရှိပါတယ်။ တစ်ခါတုန်းက ကျွန်တော်တို့စင်ပေါ်မှာ မေကဗျာကို စလိုက်တာ သူ့သမီးလေးက ကျွန်တော်တို့ကို စိတ်ဆိုးသွားတယ်။ ဂူးဂူးရယ် စိတ်မဆိုးပါနဲ့ဆိုပြီး အားလုံးပြန်ချော့ရတယ်။ မင်းသမီးတွေကို စတယ်ဆိုတာလည်း ကျွန်တော်တို့က ပရိသတ်တွေပျော်အောင် စင်ပေါ်မှာ ဟဒယအနေနဲ့ ပြောတာပဲ ရှိတာပါ။ ဘယ်သူ့ကိုမှနစ်နာစေလိုတဲ့ ရည်ရွယ်ချက်လည်းမရှိပါဘူး။ အားလုံးက အတူတူ အလုပ်လုပ်လာတာလည်းကြာပြီဆိုတော့ မောင်နှမတွေလိုလည်း ဖြစ်နေတဲ့အတွက် နားလည်ကြပါတယ်။

Voice : ကိုမင်းမော်ကွန်းတောင် မြေပဲယိုအဖွဲ့ နာမည်နဲ့  သီချင်းသစ်တစ်ပုဒ် ထွက်လာတယ်။ ထွန်းထွန်းရော သီချင်းဘက်ကို လှည့်ဖို့အစီအစဉ် မရှိသေးဘူးလား။
TT : ကျွန်တော်က ကားရိုက်ဘက်ကိုပဲ အချိန်ပိုပေးဖြစ်နေတယ်။ ပိုပြီးတော့ ကြိုးစားနေပါတယ်။ သီချင်းပြန်လုပ်ဖို့ကတော့ စဉ်းစားထားတာလည်း ရှိပါတယ်။ သင်္ကြန်မတိုင်ခင်၊ ဒါမှမဟုတ် သင်္ကြန်အပြီးလောက်မှာတော့ သီချင်းသစ်တစ်ပုဒ်လောက်လုပ်ဖို့ စိတ်ကူးရှိပါတယ်။ လောလောဆယ်မှာတော့ သူများသီချင်းတွေပဲ လိုက်နားထောင်ပြီး အော်ဆိုနေတယ်။ ကိုယ်တိုင်သာ သီချင်းမဆိုဖြစ်တာပါ။ သီချင်းတွေတော့ အမြဲတမ်း နားထောင်နေပါတယ်။ ကျွန်တော်လည်း Examplez အနေနဲ့ သီချင်းသစ် တစ်ပုဒ်လောက်လုပ်ချင်တယ်။ ဒါပေမဲ့ အဖွဲ့သားတွေနဲ့က လူချင်းပဲတွေ့တယ်။ အလုပ်လုပ်ဖို့တော့ စကားမပြောဖြစ်ကြသေးဘူး။

Voice : ထွန်းထွန်း အရင်ကထက် ပိန်သွားတယ်လို့ ပရိသတ်တွေလည်း ပြောကြတယ်။ စိတ်ဖိစီးမှုတွေ ရှိနေလို့လား။
TT : ကျွန်တော် မျက်နှာတွေကျပြီး ပိန်နေတာကို ပရိသတ်တွေတင် မဟုတ်ပါဘူး။ ကျွန်တော့်အိမ်က အမေတောင် တော်တော်ပြောနေပါပြီ။ နင့်မျက်နှာ ဘယ်တော့ပြန်ပြည့်မှာလဲလို့ မေးနေပြီ။ ကျွန်တော့်မျက်နှာ အခုလို ဖြစ်နေတာက စီစဉ်ထားတာလေးတွေရှိလို့ပါ။ တချို့ဟာလေး တွေကျတော့ ကြိုပြီးတော့ ပြောထားတာထက် တကယ်လုပ်ဖြစ်သွားတဲ့ အချိန်မှသိသွားတာက ပိုကောင်းလို့ပါ။ လူတစ်ယောက်က ပိန်ခြင်း၊ ဝခြင်းက စိတ်ပါပဲ။ ကိုယ်ဖြစ်ချင်တာဘာလဲဆိုတာကို သေချာသိမယ်၊ ဇွဲလည်းရှိမယ်ဆိုရင် ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်မှာပါ။

Voice : ဇာတ်ကားတစ်ကား မရိုက်ခင် ကြိုတင်ပြင်ဆင်မှုတွေ သေချာလုပ်လာတဲ့ သရုပ်ဆောင်တွေ ရှိလာတဲ့အပေါ် ထွန်းထွန်းအမြင်က ဘယ်လိုရှိလဲ။
TT : ဘယ်အရာမဆို ကြိုတင်ပြင်ဆင်တာက အကောင်းဆုံးပါပဲ။ ဇာတ်ကားမရိုက်ခင်မှာ ကိုယ်သေချာ ပြင်ဆင်ထားရင် ဇာတ်ကောင်နဲ့  ကိုယ်နဲ့ တစ်သားတည်းဖြစ်ဖို့ ပိုနီးစပ်တယ်။ ကျွန်တော်တို့ဇာတ်ကား တွေကို ပရိသတ်တွေက အချိန်တွေ၊ ငွေတွေအကုန်ခံပြီးတော့ လာကြည့်ကြတာလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း ကာရိုက်တာတစ်ခုကို သေချာတန်ဖိုးထားပြီး လုပ်ပြဖို့လိုတယ်။ အခုခေတ်မှာ ဖျော်ဖြေရေးနဲ့ ပတ်သက်ပြီး ရွေးချယ်စရာတွေလည်းများလာတယ်။ ပရိသတ်တွေ ရွေးတဲ့ ဇာတ်ကားထဲမှာ ကိုယ့်ကားပါဝင်ဖို့ ပိုပြီးကြိုးစားရမှာပေါ့။

Voice : ကုန်လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကရော ထွန်းထွန်းအတွက် ဘယ်လိုနှစ်မျိုး ဖြစ်ခဲ့လဲ။
TT : ၂၀၁၈ ခုနှစ်ထဲမှာတော့ ရိုက်ရတဲ့ ဇာတ်ကားအရေအတွက် မများဘူးဆိုရင်တောင် ကျွန်တော် ရိုက်ချင်တဲ့ ဇာတ်ကားလေးတွေ ရိုက်ခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာတော့ ကျွန်တော်ရိုက်ထားတဲ့ ဇာတ်ကားလေးတွေရုံတင်သွားဖို့လည်း ရှိနေပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲမှာတော့ ကျွန်တော့်ဇာတ်ကား ဆယ်ကားကျော်လောက် ပါပါတယ်။ ကျွန်တော့်ရဲ့ နှင်းဆီအဖွဲ့က ညီအစ်ကိုတွေအတွက် အကယ်ဒမီကို ရင်ခုန်ပေးရမယ့်နှစ်တစ်နှစ်ပါ။ ကိုယ့်အတွက်ကတော့ မဖြစ်နိုင်ပါဘူး။ 

သန့်ဇင်ဦး