News

POST TYPE

ENTERTAINMENT

Jewel၊ ချစ်သူဖြစ်သူ ရဲမြင့်ဦးတို့နဲ့ တွေ့ဆုံခြင်း
05-Dec-2018

“ကျွန်တော်က သူပျော်ရွှင်နေရင် ဝမ်းသာတယ်။ သူအောင်မြင်နေရင် ကျေနပ်ပါတယ်” - ရဲမြင့်ဦး 

“ညီမက ကိုယ့်ရဲ့ အားနည်းချက်တွေကိုသိရအောင် ကိုယ့်ကိုယ်ကိုယ် အမြဲပြန်သုံးသပ်လေ့ရှိတယ်” - Jewel

အလွမ်းသီချင်း၊ Message စတဲ့ အချစ်သီချင်းလေးတွေနဲ့ ဂီတချစ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာခဲ့တဲ့ တေးသံရှင် Jewel ရဲ့ ပထမဆုံးတစ်ကိုယ်တော်စီးရီးက ယခုလအတွင်းထွက်ရှိတော့မှာပါ။ ယင်း စီးရီးမှာပါဝင်မယ့် သီချင်းတွေအကြောင်းကို Jewel ကို မေးမြန်းထားသလို၊ Jewel ရဲ့ ချစ်သူဖြစ်တဲ့ ရဲမြင့်ဦးနဲ့ အချစ်ရေးအကြောင်းတွေကိုလည်း မေးမြန်းထားပါတယ်။ 

Voice : ကိုယ့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီး ထွက်တော့မှာဆိုတော့ ခံစားမှုက ဘယ်လိုရှိလဲ။
J : အရမ်း ရင်ခုန်နေပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ ဒီခွေထွက်နိုင်ဖို့ အချိန်တော်တော်ကြာကြာပေးပြီး ပြင်ဆင်ခဲ့ရပါတယ်။ သီချင်း ရွေးချယ်တဲ့အပိုင်းမှာဆိုလည်း ကိုယ့်တစ်ယောက်တည်းရဲ့အမြင်နဲ့ ရွေးခဲ့တာတော့မဟုတ်ပါဘူး။ ညီမကို သင်ပြပေးတဲ့ ဆရာသမားတွေနဲ့ ခွေထဲမှာ သီချင်းတွေ ဝင်ရေးပေးထားတဲ့ အစ်ကိုလိုခင်ရတဲ့ တေးရေးဆရာတွေကလည်း အကြံဉာဏ်ကောင်းတွေ ပေးကြပါတယ်။ 

Voice : ဒီခွေထဲမှာ တေးရေးဆရာအသစ်တွေရဲ့  သီချင်းတွေလည်းပါတာ တွေ့ရတယ်။ သူတို့နဲ့ကျတော့ ဘာကြောင့်လက်တွဲဖြစ်တာလဲ။
J : ဒီခွေထဲမှာ ရေးပေးထားတဲ့ တချို့တေးရေးဆရာတွေနဲ့က အပြင်မှာသာ သိပ်မတွေ့ ဖြစ်ကြတာပါ။ ခင်တာကတော့ အရင်ကတည်းက ခင်ပါတယ်။ ကိုဝေကြီးနဲ့ကတော့ သီချင်းတွေ မကြာခဏ တွဲလုပ်နေတော့ ပိုပြီးတွေ့ ဖြစ်တယ်။ ဒီခွေမှာ ဝင်ရေးပေးထားတဲ့ တေးရေးဆရာ သားပေါက်တို့နဲ့ဆိုလည်း အရင်က အလုပ်တွေ အတူတူတွဲလုပ်ဖူးတယ်။ အပြင်မှာသာ သိပ်မတွေ့ ဖြစ်ကြတာပါ။ သူတို့နဲ့က နဂိုကတည်းက ရင်းနှီးမှုရှိပါတယ်။ သူတို့ကလည်း ညီမအတွက် သီချင်းလေးတွေ ရေးပေးချင်တယ်။ ညီမကလည်း သူတို့သီချင်းတွေကို သဘောကျတဲ့အတွက် ဆိုဖြစ်တာပါ။ 

Voice : ဒီခွေထဲမှာကျတော့ ဘယ်လိုသီချင်းမျိုးတွေ ပါဝင်မလဲ။ ပရိသတ်တွေကကျတော့ Jewel ဆိုရင် အလွမ်းသီချင်းတွေနဲ့ ပိုပြီး လက်ခံအားပေးကြတာ ဆိုတော့လေ။
J : ဒီခွေထဲမှာတော့ ညီမဆိုနေကျ အလွမ်းသီချင်းလေးတွေလည်း ပါတယ်။ နောက်ပြီးတော့ ညီမ အရမ်းဆိုချင်နေတဲ့ Indie Orchestra လို ပုံစံမျိုးတွေနဲ့ Ballad သီချင်းတွေ၊ Pop Jazz လို ပုံစံတွေပါ,ပါတယ်။ ဒီခွေထဲမှာ ထူးထူးခြားခြားအနေနဲ့ ပရိသတ်တွေ ကလို့ရမယ့် သီချင်းတစ်ပုဒ်တော့ ထည့်ပေးထားတယ်။ ညီမရဲ့ ဇာတိက မေမြို့ဆိုတော့ ကိုယ့်မြို့ကို ရည်ရွယ်ပြီး ရေးထားတဲ့ သီချင်းမြူးလေးတစ်ပုဒ်ပါ။ ကိုယ်တိုင်လည်း ခရီးသွားရင်းနဲ့ နားထောင်ချင်တဲ့ ပုံစံလေးအတိုင်း ရေးထားတာပါ။

Voice : Melody  World သီချင်းဆိုပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာ Jewel နေရာတစ်နေရာရဖို့  တော်တော်လေး ရုန်းကန်ခဲ့ရတယ်နော်။ အဲဒီအချိန်တွေတုန်းက ဂီတလောကကနေ ထွက်သွားချင်တဲ့ စိတ်မျိုး ပေါ်ခဲ့ဖူးလား။
J : အဲဒီလို စိတ်မျိုးတော့ မပေါ်ခဲ့ဖူးပါဘူး။ ညီမက ကိုယ့်ရဲ့  အားနည်းချက်တွေကို သိရအောင် ကိုယ့်ကိုယ်ကိုယ် အမြဲပြန်သုံးသပ်လေ့ရှိတယ်။ ကိုယ်ထင်ထားသလောက် ဖြစ်မလာတဲ့ အခြေအနေမျိုးတွေမှာ ဝမ်းနည်းခဲ့ရတာတော့ ရှိတယ်။ ဒါပေမဲ့ ငါနေရာ တစ်နေရာရဖို့  မထိုက်တန်သေးလို့၊ ငါ့မှာလိုအပ်ချက်တွေ ရှိနေသေးလို့ ဆိုပြီးတော့ပဲ ပြန်သုံးသပ်ပါတယ်။ ငါဘာတွေ ဆက်လုပ်သင့်လဲဆိုတာကို စဉ်းစားတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကိုတော့ ဘယ်တော့မှ မလျှော့လိုက်ပါဘူး။ 

Voice : ဒီခွေအတွက် Jewel ဘယ်လောက်အထိ အားစိုက်ပြီး လုပ်ခဲ့ရတယ်လို့ မြင်မိလဲ။
YMO : ဒီခွေထွက်နိုင်ဖို့  သူ့ရဲ့အချိန်တွေ အကုန်လုံးကိုပေးပြီး အားစိုက် ကြိုးစားခဲ့ရတာပါ။ အခက်အခဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ အောင်အောင်မြင်မြင်နဲ့  ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီခေတ်မှာ အခွေတစ်ခွေထွက်နိုင်ဖို့ ကြိုးစားရတာ တော်တော်လေးလည်း ခက်ခဲပါတယ်။ သူကိုယ်တိုင်လည်း စိတ်အားတင်းပြီး ကြိုးစားခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်အတိုင်း ပထမဆုံး တစ်ကိုယ်တော်ခွေလေးကို အောင်အောင်မြင်မြင် ထွက်ရှိနိုင်တော့မယ့်အတွက် ကျွန်တော်ဝမ်းသာပါတယ်။

Voice : ဒီခွေမှာပါတဲ့ သီချင်းတွေကို ကိုယ်တိုင်ပရိသတ် တစ်ယောက်အနေနဲ့ ဆိုရင်ရော ဘယ်လိုမြင်မိလဲ။
YMO : ဒီခွေထဲမှာ သီချင်းကောင်းတွေ အများကြီး ပါ,ပါတယ်။ ပရိသတ်တွေ နားထောင်ကြည့်လိုက် ရင်သိမှာပါ။ ကျွန်တော်ကတော့ ကြိုက်တယ်။ တခြားသူတွေတော့ မသိဘူး။ ဒီခွေမှာ တေးရေးဆရာတွေ ကလည်း စေတနာ၊ မေတ္တာအပြည့်နဲ့ သူ့အတွက် သီချင်းကောင်းတွေ ရေးပေးထားကြတယ်။ သူနဲ့ လိုက်ဖက်မယ့် ပုံစံမျိုးလေးတွေကို ရေးပေးထားတာဆိုတော့ နားထောင်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ 

Voice : အချစ်ရေးကို ကြာရှည်တည်တံ့ခိုင်မြဲအောင်ကျတော့ ဘယ်လို နားလည်မှုတွေနဲ့ တည်ဆောက်ထားကြလဲ။
YMO : ကျွန်တော့်ဘက်ကတော့ သူ့အပေါ် နားလည်ပေးရတယ် ဆိုတာထက် တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းပြီးတော့ သွားကြတာပါပဲ။ သူကလည်း ကျွန်တော့်အပေါ် နားလည်ပေးတာတွေ ရှိပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်ခွေထဲမှာဆို “မီးပြတိုက်” ဆိုတဲ့ သီချင်းကို တော်တော်လေး ကြိုက်ပါတယ်။ အဲဒီသီချင်းကို အမြဲတမ်းလည်း နားထောင်ဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့အတွက် မီးပြတိုက်တစ်ခု ဖြစ်ချင်ပါတယ်။ ကျွန်တော်က သူ ပျော်ရွှင်နေရင် ဝမ်းသာတယ်။ သူ အောင်မြင်နေရင် ကျေနပ်ပါတယ်။ ကျွန်တော်ကတော့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေရရင်ပဲ ကျေနပ်ပါတယ်။  

သန့်ဇင်ဦး