News

POST TYPE

ENTERTAINMENT

နေခြည်ဦးနဲ့ တွေ့ဆုံခြင်း
04-Dec-2018

“နေခြည်နဲ့ ကိုအောင်ရဲလင်း ပြန်တွေ့တဲ့အချိန်မှာ အလုပ်သဘောအရ တွေ့ကြတာဖြစ်တဲ့အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်” 

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်သလို သရုပ်ဆောင်လည်း လုပ်နေပြီဖြစ်တဲ့ နေခြည်ဦးနဲ့ တွေ့ဆုံပြီး လက်ရှိအချစ်ရေးအကြောင်း၊ ချစ်သူဟောင်း အောင်ရဲလင်းနဲ့ ရုပ်ရှင်ရိုက်ဖို့ လက်ခံထားတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ချီချီ တစ်လောက ထိုင်းနိုင်ငံကို ခရီးသွားလိုက်သေးတယ်နော်။ ခရီးသွားခဲ့တဲ့ အတွေ့အကြုံကို အရင်ပြောပြပေးပါဦး။
NCO : နေခြည်က ခရီးကတော့ အားရင်အားသလို အမြဲသွားပါတယ်။ စိတ်ရှုပ်လာပြီဆိုတာနဲ့  ခရီးသွားတော့တာပဲ။ ခရီးသွားဖို့အတွက်လည်း List တစ်ခု လုပ်ထားတာရှိပါတယ်။ ဘယ်နေရာပြီးရင် ဘယ်နေရာ သွားမယ်ဆိုတာကို စာရင်းလေး လုပ်ထားတာပေါ့နော်။ ခရီးသွားရတာက လူရော၊ စိတ်ပါ အပန်းပြေစေတယ်။ ခရီးသွားရင်း ဓာတ်ပုံလေးတွေ အမှတ်တရ ရိုက်ရတာကိုလည်း ကြိုက်ပါတယ်။

Voice : ဒီတစ်ခေါက် ခရီးက ချစ်သူနဲ့ အတူသွားတာလား။ အွန်လိုင်းမှာ ဓာတ်ပုံလေးတွေ တွေ့ရလို့ပါ။
NCO : ဒီတစ်ခေါက်ခရီးကတော့ ချစ်သူနဲ့ အတူတူသွားခဲ့တာလို့ ပြောရမှာပေါ့။ နေခြည့်ရဲ့ လက်ရှိအချစ်ရေးကတော့ တစ်ယောက်တည်းပါပဲ။ အစကတည်းကလည်း ပြောခဲ့ပါတယ်။ နေခြည်တို့ ရှေ့ဆက်သွားဖို့ ညှိကြသေးပေမယ့် အဆင်မပြေဘူးပေါ့နော်။ နှစ်ယောက်သား အေးအေးဆေးဆေးနဲ့ပဲ လမ်းခွဲလိုက်ကြပါတယ်။ လမ်းခွဲတယ်ဆိုပေမယ့် နေခြည်တို့က တစ်ယောက်နဲ့ တစ်ယောက် စကားမပြောနိုင်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ 

Voice : နှစ်ယောက်ကြားထဲမှာ ညှိလို့မရတဲ့ကိစ္စတွေက များနေလို့လား။
NCO : အစပိုင်းမှာတော့ နေခြည်တို့က အေးအေးဆေးဆေးပဲ ရှေ့ဆက်သွားချင်လို့ ညှိကြတယ်။ ဒါပေမဲ့ ညှိလို့ မရခဲ့ဘူး။ အခုတော့ နှစ်ဦးသဘောတူပဲ အဆင်ပြေပြေနဲ့ တစ်ယောက်လမ်း တစ်ယောက် လျှောက်နေကြပါပြီ။ လက်ရှိမှာတော့ နေခြည်တို့ နှစ်ယောက်က သူငယ်ချင်းပါပဲ။ အမြဲတမ်းလည်း အဆက်အသွယ်ရှိကြပါတယ်။ ဒီအသက်အရွယ်မှာ နေခြည်က အချစ်ရေးထက်၊ အလုပ်ဘက်ကို ပိုဦးစားပေးလိုက်တာပေါ့။ နေခြည်အလုပ်တွေ အများကြီး ဆက်လုပ်ချင်သေးတယ်။ 

Voice : ဒီခရီးက ချစ်သူနဲ့အတူ နောက်ဆုံးသွားခဲ့ရတဲ့ ခရီးဆိုတော့ ဘယ်လိုအမှတ်တရတွေ ရှိခဲ့လဲ။
NCO : ဒီခရီးက နေခြည်တို့အတွက် နောက်ဆုံးသွားခဲ့တဲ့ခရီးလို့ ပြောလို့ရပါတယ်။ အမှတ်တရအနေနဲ့ကတော့ ဒီခရီးထွက်ဖြစ်တာကလည်း နေခြည်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထွက်ဖြစ်တာပါ။ နေခြည်တို့နှစ်ယောက် ညှိလို့မရဘူးဆိုတာက တစ်ယောက်နဲ့ တစ်ယောက်က အချိန်မပေးနိုင်ကြဘူး။ အနေလည်း ဝေးကြတယ်။ နေခြည်ကလည်း အနုပညာအလုပ်တွေ ရှိတယ်။ သူကလည်း စီးပွားရေးကိစ္စတွေ ရှိတယ်။ ဒါပေမဲ့ နေခြည်တို့ နှစ်ယောက်ကြားမှာ အမုန်းတွေ မရှိပါဘူး။ သူ့ကိုလည်း ချစ်တယ်။ သူကလည်း နေခြည့်ကို ချစ်ပါတယ်။ 

Voice : ကိုယ့်ရဲ့ အောင်မြင်မှုအတွက် အချစ်ကိုလဲလိုက်ရတာရော တန်တယ်လို့ ထင်လား။
NCO : လူတစ်ယောက်မှာ စုတ်နဲ့လာဘ်နဲ့ကတော့ တစ်ပြိုင်တည်းဝင်တာ နည်းပါတယ်။ အဲ့ဒီတော့ နေခြည်က လာဘ်ကိုပဲ ယူလိုက်တာပေါ့လေ။ အောင်မြင်မှုနဲ့အချစ်ကို လဲတယ်လို့လည်း ပြောလို့မရပါဘူး။ အဓိကကတော့ ကိုယ်အရွယ်ရှိတုန်းမှာ ကိုယ်သွားချင်တဲ့ လမ်းကြောင်းတစ်ခုကို နေခြည် ဆက်သွားချင်တယ်။ အချစ်အတွက် အချိန်သိပ်မပေးနိုင်တဲ့အချိန်မှာ ကိုယ်လုပ်ချင်တဲ့ဟာကို ဦးစားပေးပြီးတော့ လုပ်လိုက်တဲ့သဘောပါ။

Voice : အောင်ရဲလင်းနဲ့  ရုပ်ရှင်ကားကြီး ရိုက်ဖို့ ကမ်းလှမ်းတာကို နေခြည် ငြင်းလိုက်တယ်လည်း ကြားတယ်။
NCO : အဲ့ဒီကားကို နေခြည် မငြင်းထားပါဘူး။ နေခြည့်ကို ကမ်းလှမ်းတဲ့အတွက် လက်ခံထားပါတယ်။ ဒါပေမဲ့ ရိုက်ဖြစ်လား၊ မရိုက်ဖြစ်လား ဆိုတာတော့ မသေချာသေးပါဘူး။ တကယ်လို့ မရိုက်ဖြစ်ဘူးဆိုရင်လည်း ဒါရိုက်တာတို့  ပရိုဂျူဆာတို့ဘက်က အဆင်မပြေတာနဲ့ တူပါတယ်။ နေခြည့်ကို လာကမ်းလှမ်းတုန်းကလည်း အဆင်ပြေတဲ့အတွက် ရိုက်မယ်လို့ ပြောထားပါတယ်။ ငြင်းထားတာ မရှိပါဘူး။

Voice : ဇာတ်လမ်းကရော အချစ်ဇာတ်လမ်းပဲလား။ အောင်ရဲလင်းနဲ့ ပြန်ဆုံရမယ့်အပေါ် ခံစားချက်ကရော ဘယ်လိုရှိလဲ။
NCO : ဇာတ်လမ်းလေးကတော့ အချစ်၊ ဒရာမာ ပုံစံမျိုးပါပဲ။ ဒါရိုက်တာ ဦးမီးပွားနဲ့ ရိုက်ရမှာပါ။ ဇာတ်လမ်းလေးက တော်တော်လေး ကောင်းပါတယ်။ မူရင်း ဝတ္ထုကိုက တော်တော်ကောင်းပါတယ်။ အဓိက မပြောဖြစ်သေးတာက ရိုက်ဖြစ်၊ မရိုက်ဖြစ် မသေချာသေးလို့ပါ။ ကိုအောင်ရဲလင်းနဲ့  ပြန်ဆုံမယ်လို့ မတွေးထားဖူးဘူး။ အဲ့ဒီအတွက် နည်းနည်းတော့ လန့်တယ်။ ဒါအမှန်အတိုင်း ပြောတာပါ။ ကိုယ်က သရုပ်ဆောင်ဘက်ကို အခုမှစပြီး ခြေချတာဖြစ်တဲ့အတွက် လန့်လည်း လန့်တယ်။ ကိုယ့်ထက် စီနီယာကျတဲ့ ကိုအောင်ရဲလင်းကို လေးစားမှုလည်း ရှိပါတယ်။

Voice : အောင်ရဲလင်း၊ နေခြည်ဦးတို့ ပြန်ဆုံမယ့် ဇာတ်ကားဆိုတော့ ပရိသတ်တွေ စိတ်ဝင်စားမှာတော့ သေချာတယ်နော်။
NCO : ဒီဇာတ်ကားလေး ရိုက်ဖြစ်ရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံရမယ့် ကားတစ်ကားလို့ မြင်ပါတယ်။ ဒီကားလေးကို လက်ခံဖြစ်တာကလည်း ဇာတ်လမ်း ၊ ဇာတ်ညွှန်းကို အရမ်းကြိုက်တယ်။ ရိုက်ကူးမယ့် ဒါရိုက်တာကိုလည်း ယုံကြည်ပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ရမယ့် ကာရိုက်တာကလည်း ကိုယ်နဲ့ အဆင်ပြေပါတယ်။ နေခြည်နဲ့ ကိုအောင်ရဲလင်းက အဆက်အသွယ်မရှိတာ ကြာပါပြီ။ နေခြည်နဲ့ ကိုအောင်ရဲလင်း ပြန်တွေ့တဲ့အချိန်မှာ အလုပ်သဘောအရ တေကြတာဖြစ်တဲ့အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ 

သန့်ဇင်ဦး