News

POST TYPE

ENTERTAINMENT

အောင်ရင်နဲ့ တွေ့ဆုံခြင်း
03-Dec-2018



“အမိန့်ချခါနီးမှာတော့ သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံရပါတယ်”

တေးသံရှင်အောင်ရင်နဲ့တွေ့ဆုံပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ သားဖြစ်သူ မိုးအောင်ရင်အတွက် ဖခင်တစ်ယောက်ရဲ့ သဘောထားနဲ့ တစ်ကိုယ်တော်ရှိုးပွဲ လုပ်ဖို့ရှိတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဦးအောင်ရင်ရဲ့ သားဖြစ်တဲ့ မိုးအောင်ရင်ရဲ့ အမှုကိစ္စကရော ဘယ်လိုအခြေအနေမှာရှိလဲ။
AY : သားရဲ့အမှုကိစ္စကတော့ နှစ်ခုဖြစ်နေတာပေါ့နော်။ မြို့နယ်မှာဖြစ်တဲ့ အမှုတစ်ခုရှိတယ်။ ခရိုင်မှာဖြစ်တဲ့ အမှုတစ်ခုရှိတယ်။ ခရိုင်ကအမှုအတွက်ကတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အမိန့်ချမယ်။ ခရိုင်က အမှုအတွက်ကတော့ ကြိုပြီးတော့ မျှော်လင့်ထားပြီးသားပါ။ ကိုယ့်သားသမီးဆိုတော့ မဖြစ်စေချင်ပေမယ့်လည်း သူမှားသွားတယ်။ သူ့ရဲ့အမှားတစ်ခု အပေါ်မှာ တရားဥပဒေအရ ချမှတ်တဲ့ပြစ်ဒဏ်ကိုတော့ သူခံရမှာပါပဲ။

Voice : သူ့ကိုထောင်ဝင်စာ သွားတွေ့တဲ့အချိန်မှာရော ဘယ်လိုအားပေးစကားတွေ ပြောဖြစ်လဲ။
AY : အားပေးစကားကတော့ သားက ယောကျာ်းဖြစ်တဲ့အတွက် လုပ်ရဲရင်ခံရဲရမယ်။ သူကလည်း ကျွန်တော် ကြည့်ရသလောက်ကတော့ ခံနိုင်ရည်ရှိတဲ့ ပုံပါပဲ။ သူ့ရဲ့ အပြင်ပန်းကို ကျွန်တော်မြင်ရသလောက် ပေါ့လေ။ သားက လက်ရှိအချိန်အထိ နှစ်နှစ်နဲ့ သုံးလလောက် ပြစ်ဒဏ်ကျခံပြီးသွားပြီပေါ့နော်။ နောက်ထပ် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုတော့ သူဆက်လက်ကျခံရမှာပေါ့။

Voice : သူထောင်ကနေ ထွက်လာရင်ရော အနုပညာအလုပ်တွေ ဆက်လုပ်စေချင်လား။
AY : အဲဒါကတော့ သူ့ကိုမေးကြည့်မှ သိမှာပေါ့နော်။ ကျွန်တော်ထင်တာကတော့ အနုပညာအလုပ်ကို သူ ဆက်လုပ်ချင်စိတ်ရှိမယ် ထင်တာပါပဲ။ ကျွန်တော်ကတော့ အမှန်အတိုင်းပြောရရင် အနုပညာအလုပ်တွေ ပြန်မလုပ်စေချင်ဘူး။ သူကတော့ လုပ်ချင်ပုံရပါတယ်။ ကျွန်တော်ကတော့ သူ့ကို နောက်ထပ်ဘဝ သစ်တစ်ခုကို စစေချင်ပါတယ်။ ဒါပေမဲ့ သူ့ကိုမွေးပြီး၊ လူမှန်းသိတတ်စအရွယ်၊ စကားပြောတတ်ကတည်းက ကြီးလာရင် ဘာလုပ်မလဲမေးရင် မင်းသားလုပ်မယ်ပဲ ဖြေခဲ့တာပါ။ 

Voice : ထောင်ထဲမှာ မိုးအောင်ရင်ရဲ့ လက်ရှိ စိတ်ခံစားမှု အခြေအနေကရော ဘယ်လိုရှိလဲ။
AY : သူ့ရဲ့စိတ်ကတော့ သိပ်ပြီး ထူးထူးထွေထွေ မရှိပါဘူး။ ဒါပေမဲ့ အမိန့်ချခါနီးမှာတော့ သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံရပါတယ်။ ကိုယ်တွေကတော့ သူ့ရှေ့မှာ ကိုယ့်စိတ်ခံစားမှုတွေကို အပြည့်အဝပြလို့တော့ မရဘူးလေ။ ဒါပေမဲ့ စိတ်မကောင်းတာတော့ ရှိတာပေါ့နော်။ သူစိတ်ဓာတ်မကျအောင်တော့ အားပေးရတာပေါ့။

Voice : ဂီတလှုပ်ရှားမှုအပိုင်းမှာရော သီချင်းသစ်တွေ ဘာတွေ ထွက်ဖို့ရှိမလား။
AY : သီချင်းသစ်ကတော့ လုပ်လက်စတွေရှိပါတယ်။ သီချင်းသစ်မထွက်ခင် လာမယ့် ဇန်နဝါရီလထဲလောက်မှာတော့ ကျွန်တော်နဲ့ တစ်ကိုယ်တော်ရှိုးပွဲ လုပ်ချင်လို့ လာပြောထားတာတော့ရှိပါတယ်။ သေတော့ မသေချာသေးပါဘူး။ ပွဲမှာဆိုရမယ့် သီချင်းတွေကအစ ညှိရဦးမယ်။ ညှိစရာတွေတော့ အများကြီး ရှိပါသေးတယ်။ နောက်ပြီးတော့ ကျွန်တော်ရယ်၊ ဇော်ဝင်းထွဋ်ရယ်၊ ချစ်ကောင်းရယ်၊ တူးတူးရယ်၊ သူငယ်ချင်း လေးယောက်ပေါင်းပြီး ပွဲလေးတစ်ပွဲ လုပ်ဖို့လည်းရှိတယ်။ ကျွန်တော်တို့ လေးယောက်လုံးက ၁၉၆၄ ခုနှစ်မှာ မွေးခဲ့တာလေ။ အဲဒီအမှတ်တရလေးကို တည်ပြီး 64 Born ဆိုပြီး ပွဲလုပ်မယ်လို့ ဇော်ဝင်းထွဋ်ကတော့ ပြောထားပါတယ်။

Voice : တစ်ကိုယ်တော် ရှိုးပွဲကရော ဘယ်နေရာမှာ လုပ်ဖို့မှန်းထားလဲ။
AY : တစ်ကိုယ်တော် ရှိုးပွဲကတော့ မြန်မာ Idol ပြိုင်ပွဲလုပ်တဲ့ ရွှေထွဋ်တင်ကွင်းမှာလုပ်မယ်လို့ ဥက္ကာဦးသာကတော့ ပြောထားတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်းပဲလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံးထွက်ထားတဲ့ “ဒီရက်ပိုင်း” စီးရီးထဲက သီချင်းတွေလည်း ဆိုမယ်။ အရင်တုန်းက ထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းအဟောင်းတွေလည်း ဆိုပါမယ်။

Voice : သူငယ်ချင်း လေးယောက်ပေါင်းပြီး လုပ်မယ့် ရှိုးကလည်း ထူးခြားမယ်နော်။
AY : ဒီပွဲလေးလုပ်ဖို့ လည်းကျွန်တော်ကပဲ စပြီးတော့ အကြံပေးတာပါ။ 64 Born ဆိုတဲ့ နာမည်နဲ့ ပွဲလုပ်ရအောင်ဆိုပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ဇော်ဝင်းထွဋ်ကို ကျွန်တော်ပြောဖူးတယ်။ အဲဒီတုန်းကတော့ သူက သိပ်ပြီးမတက်ကြွဘူး။ အခုကတော့ သူကလည်း စိတ်ပါသွားတယ်ထင်တယ်။ အဲဒီပွဲလေး လုပ်ဖို့တက်ကြွနေတယ်။ ကျွန်တော်တစ်ယောက်တည်းကို ပြောလို့ မရဘူးလေ။ ကျန်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ တူးတူးတို့၊ ချစ်ကောင်းတို့နဲ့လည်း ညှိရဦးမယ်။ ညီထွဋ်ကတော့ သူပြောမယ်လို့ ပြောထားပါတယ်။ ဒီတစ်ပတ်ထဲမှာ အားလုံးကိုချိန်းမယ်လို့ ပြောတယ်။

Voice : သက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ ရှိုးပွဲလုပ်ရမယ့် အပေါ်ခံစားမှုကရော ဘယ်လိုရှိလဲ။
AY : အဲ့ဒါကတော့ ကျွန်တော်တို့တွေ အားလုံးက အသက် ၅၀ ကျော် အရွယ်ရောက်နေပြီပေါ့နော်။ ကျွန်တော်ဆိုရင် မကြာခင်မှာ ၅၅ နှစ်ပြည့်တော့မယ်။ သူငယ်ချင်းတွေနဲ့ ဒီအသက်အရွယ်အထိ ချစ်ချစ်ခင်ခင် နေနိုင်တာကလည်း တော်တော်လေး ဝမ်းသာကြည်နူးဖို့ကောင်းပါတယ်။ ဒီလိုမျိုး အမှတ်တရ ရှိုးပွဲလေး တစ်ပွဲလောက်လည်း ဖြစ်စေချင်တဲ့ ဆန္ဒလည်း အပြည့်အဝရှိပါတယ်။ ဒီပွဲလုပ်ဖြစ်ရင်တော့ ကျွန်တော်တို့အတွက်ရော၊ ပရိသတ်တွေအတွက်ပါ မှတ်မှတ်ရရဖြစ်စေမှာပါ။ 

သန့်ဇင်ဦး