News

POST TYPE

ENTERTAINMENT

စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်း
07-Nov-2018

“ “ကြာတော့သည်လည်း မောင့်စကား” ဇာတ်ကားထွက်လာတော့မှပဲ ကြည့်တဲ့ပရိသတ်တွေဆီက လိုက်ဖက်မှုရှိတယ်၊ မရှိဘူးဆိုတဲ့ ဝေဖန်၊ အကြံပြုချက်တွေကို နားထောင်ရမှာဖြစ်ပါတယ်”



နာမည်ကျော်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံပြီး ဒီဇင်ဘာလအတွင်းထွက်ရှိမယ့် “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ရှိုးပွဲရဲ့ မှတ်တမ်းဒီဗီဒီခွေအကြောင်း၊ ပါဝင်မယ့်သီချင်းတွေအကြောင်းနဲ့ “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ဂီတဖျော်ဖြေပွဲမှတ်တမ်းဒီဗီဒီကို ဘယ်တော့လောက်ဖြန့်ချိပေးသွားဖို့ရှိမလဲ။
SSKL : အဲဒါကတော့ ဒီဇင်ဘာလထဲလောက်မှာ ဖြန့်ချိပေးသွားနိုင်အောင်လို့ ကြိုးစားနေပါတယ်။ အခုကတော့ တည်းဖြတ်တဲ့အဆင့်ပဲရှိပါသေးတယ်။ ပြီးခဲ့သောဇာတ်လမ်းအကျဉ်း ပွဲတုန်းကတော့ အမျိုးသားဇာတ်ရုံမှာလုပ်တာဖြစ်တဲ့အတွက် ပရိသတ်အယောက် ၁၅၀၀ လောက်ပဲ ကြည့်ခွင့်ရခဲ့တယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေလည်း ပြန်ခံစားလို့ရအောင် ဒီဗီဒီခွေအနေနဲ့ ဖြန့်ချိပေးသွားဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ သီချင်း ၁၅ ပုဒ်လောက်ကနေ ၁၈ ပုဒ်လောက်အထိ ခွေထဲမှာပါ,ပါမယ်။ ပွဲမှာဆိုခဲ့တဲ့ ကျန်တဲ့သီချင်းတွေကိုလည်း ကျွန်တော့်ပွဲကို စပွန်ဆာပေးခဲ့တဲ့ Channel K ရုပ်သံလိုင်းကနေ ပြသဖို့အတွက် ဆောင်ရွက်နေပါတယ်။

Voice : ခွေအနေနဲ့ ပြန်ထုတ်ဖို့ ရုပ်သံလိုင်းမှာပြဖို့အတွက်ကျတော့ သီချင်းတွေကို ဘယ်လိုပြန်ရွေးဖြစ်လဲ။
SSKL : လောလောဆယ်တော့ သီချင်းတွေရွေးချယ်ရတာ သိပ်ခက်ပါတယ်။ ကျွန်တော်အဲဒီပွဲနေ့က သီချင်းအပုဒ် ၃၃ ပုဒ်ဆိုခဲ့ပါတယ်။ ကျွန်တော်  ခဏခဏ ပြန်နားထောင်နေတယ်။ ဘယ်သီချင်းတွေကိုထည့်ပြီး ဘယ်သီချင်းတွေကို ဖြုတ်သင့်သလဲပေါ့။ ရှိုးပွဲမှာဆို ဒိတ်ဒိတ်ကြဲခွေထဲက သီချင်းတစ်ပုဒ်ပဲဆိုဖြစ်တယ်။ စိုင်းစိုင်းက စိုင်းစိုင်းခွေထဲကတော့ သုံးပုဒ်ဆိုဖြစ်တယ်။ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်းဆိုတဲ့ ခေါင်းစဉ်နဲ့အညီ တတ်နိုင်သလောက်တော့ သီချင်းဟောင်းတွေကို စုစည်းပြီးတော့ ရွေးမယ်လို့ စဉ်းစားထားပါတယ်။

Voice : ဒီရှိုးပွဲရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ဆိုတာက ဆရာမင်းလူရဲ့ ဝတ္ထုတိုတစ်ပုဒ်နာမည်နဲ့တူနေတယ်လို့ ဆရာ့ရဲ့ သမီးဖြစ်သူက ဖေ့စ်ဘွတ်ခ်မှာ ရေးထားတာတွေ့ရတယ်။ ကိုယ်တိုင်ရော ဒီနာမည်ကို ဘယ်လိုစိတ်ကူးနဲ့ ပေးဖြစ်တာလဲ။
SSKL : “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” သီချင်းက ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ ကျွန်တော့်ရဲ့ “ဒိတ်ဒိတ်ကြဲ” ခွေမှာ ပါခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အဲဒီအချိန်ကတည်းကလည်း သတိမထားမိခဲ့ဘူး။ အခုပွဲလုပ်ခါနီးအထိလည်း သတိမထားမိပါဘူး။ သတိမထားမိဘူးဆိုတဲ့ နေရာမှာ လုံးဝမသိဘူးဆိုတာမျိုး မဟုတ်ဘဲနဲ့  ကျွန်တော်ကိုယ်တိုင်က ဆရာမင်းလူရဲ့ စာဖတ်ပရိသတ်တစ်ယောက်ဖြစ်တဲ့အတွက် ငယ်ငယ်တုန်းက ဖတ်ခဲ့ပြီးတော့ ဒီခေါင်းစဉ်လေးကိုကြိုက်ပြီးတော့ စွဲလမ်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ၁၉၈၁ ခုနှစ်ကတည်းက ဆရာမင်းလူရဲ့ ဝတ္ထုလေးထွက်ထားတာဖြစ်တဲ့အတွက် ဒီစကားလုံးကို ပထမဆုံးသုံးစွဲသူက ဆရာမင်းလူဖြစ်တယ်ဆိုတာတော့ အင်မတန်သေချာပါတယ်။

Voice : ဒီရှိုးပွဲရဲ့ မှတ်တမ်းဒီဗီဒီခွေကိုလည်း “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ဆိုတဲ့နာမည်နဲ့ပဲ ပြန်ထွက်မှာဆိုတော့ ဆရာမင်းလူရဲ့ မိသားစုဆီကိုရော အကြောင်းကြားဖို့ ရှိမလား။
SSKL : ဆရာမင်းလူရဲ့ မိသားစုကိုလည်း “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ဆိုတဲ့နာမည်က ကျွန်တော်ပိုင်တာမဟုတ်ပါဘူး။ ဆရာမင်းလူ အရင်သုံးစွဲတာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့သုံးစွဲမှုကိုလည်း ဆရာမင်းလူရဲ့ မိသားစုက မကန့်ကွက်ဘဲနဲ့ အားလုံး နှစ်ဦးနှစ်ဖက် ချစ်ချစ်ခင်ခင်နဲ့ အဆင်ပြေပြေပဲလုပ်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဗီဒီဆက်ထွက်ရင်လည်း ဒီနာမည်ကိုပဲ ဆက်သုံးချင်ပါတယ်။ အဲဒါကိုလည်း ဆရာမင်းလူရဲ့ မိသားစုနဲ့တွေ့ပြီး ဆွေးနွေးပါဦးမယ်။ ဆရာမင်းလူရဲ့ မိသားစုက ဒီနာမည်ကိုပဲ ဆက်သုံးပါ၊ ကိစ္စမရှိဘူးဆိုရင် ဒီနာမည်ကိုပဲ ဆက်ပြီးတော့ သုံးချင်ပါတယ်။ တကယ်လို့ ပွဲမှာပဲသုံးပါတော့၊ ခွေခေါင်းစဉ်တော့ မပေးပါနဲ့တော့ဆိုရင် တခြားခေါင်းစဉ်ပဲပေးမှာဖြစ်ပါတယ်။ 

Voice : “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ကလည်း မကြာခင်ရုံတင်တော့မယ်လို့သိရတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
SSKL : ကြာတော့သည်လည်း မောင့်စကားရုပ်ရှင်က ရွှေစည်တော်ထုတ်လုပ်ရေးရဲ့ စီစဉ်မှုနဲ့ ရိုက်ခဲ့တာပါ။ ကျွန်တော်တို့ကိုယ်တိုင် စီစဉ်ပြီးရိုက်တာမဟုတ်ပါဘူး။ ကျွန်တော်သိရသလောက်ကတော့ လာမယ့်ဒီဇင်ဘာလ၊ ဒါမှမဟုတ်ရင် နောက်နှစ်ဆန်းပိုင်းလောက်မှာ ရုံတင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရိုက်ကူးတည်းဖြတ်ပြီးသလောက်ကို ပြန်ကြည့်ရတာတော့ ဒီဇာတ်ကားအပေါ် ယုံကြည်မှုလည်းရှိပါတယ်။ “ကြာတော့သည်လည်း မောင့်စကား” ဇာတ်ကားထွက်လာတော့မှပဲ ကြည့်တဲ့ပရိသတ်တွေဆီက လိုက်ဖက်မှုရှိတယ်၊ မရှိဘူးဆိုတဲ့ ဝေဖန်အကြံပြုချက်တွေကို နားထောင်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဘယ်သူမှလည်းမကြည့်ရသေးဘူး၊ ပြလည်းမပြရသေးဘူးဆိုတော့ ဘယ်လိုမြင်ကြမလဲဆိုတာမသိနိုင်သေးဘူးပေါ့။