News

POST TYPE

ENTERTAINMENT

တေးသံရှင် လင်းလင်း၊ ချစ်သုဝေတို့ဇနီး မောင်နှံနဲ့တွေ့ဆုံခြင်း
05-Nov-2018



“ကိုယ်ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေထဲက အဆိုးတွေကိုဖယ်၊ အကောင်းတွေကို ရွေးထုတ်ပြီး ကိုယ့်သားသမီးကို ပြုစုပျိုးထောင်ကြတာပါပဲ” လင်းလင်း

“သမီးလေးနှစ်ယောက်က အရမ်းအချစ်ခံရတဲ့အပေါ်မှာ အခွင့်ထူးတစ်ခုအနေနဲ့ မြင်သွားပြီးတော့ မကောင်းတဲ့ဘက်ကို ယိမ်းသွားမှာကို စိုးရိမ်တယ်” ချစ်သုဝေ 

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြတဲ့ တေးသံရှင် လင်းလင်း၊ ချစ်သုဝေတို့ဇနီး မောင်နှံနဲ့တွေ့ဆုံပြီး အိမ်ထောင်ရေးအကြောင်း၊ သမီးလေးနှစ်ယောက်ကို ပြုစုပျိုးထောင်မှုအကြောင်းနဲ့ ဂီတလှုပ်ရှားမှုအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ကိုလင်းတို့ မိသားစုလေးရဲ့ နေထိုင်မှုပုံစံကို ပရိသတ်တွေက သဘောကျကြတယ်။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားနိုင်အောင် ဘယ်လိုကြိုးစားခဲ့ရလဲ။
LL : အမှန်ကတော့ လင်ယူသားမွေး၊ အိမ်ထောင်ပြုပြီးတော့ ဘဝနှစ်ခုကို ပူးပေါင်းတယ်ဆိုတာက တစ်ဘဝလုံးစာလက်တွဲပြီးတော့ လောကကြီးကို ရင်ဆိုင်တာပဲလေ။ နှစ်ယောက်က တစ်သားတည်းဖြစ်နေရင် အိမ်ထောင်ရေးကလည်း နှစ်ကာလများစွာ တည်တံ့နေမှာပါ။ တစ်သွေးတည်း၊ တစ်သားတည်းမဟုတ်ဘဲ တစ်ယောက်ကို စိတ်တစ်မျိုးစီနဲ့ သွားနေရင်တော့ အိမ်ထောင်ရေးကခဏပဲခံမှာပါ။ ကွဲမှာပဲလေ။ နှစ်ယောက်က တစ်ယောက်တည်း တစ်သားတည်းဖြစ်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့  ကျွန်တော်တို့ကလည်း လောကကြီးကို ရင်ဆိုင်ပြီး ဆယ်စုနှစ်၊ ရာစုနှစ်အထိ ဖြတ်သန်းကြည့်ချင်တာပေါ့လေ။

Voice : သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကိုရော ဘယ်လိုပုံစံမျိုး ပြုစုစောင့်ရှောက်ကြလဲ။ 
LL : မိဘတွေမှာတောင် တစ်ယောက်နဲ့  တစ်ယောက်က ကျင်လည်ဖြတ်သန်းလာတဲ့ ပုံစံချင်းမတူကြဘူးလေ။ ကိုယ်ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေထဲက အဆိုးတွေကိုဖယ်၊ အကောင်းတွေကို ရွေးထုတ်ပြီး ကိုယ့်သားသမီးကို ပြုစုပျိုးထောင်ကြတာပါပဲ။ သားသမီးကို ထိန်းကျောင်းတဲ့အခါမှာလည်း မိခင်စိတ်က တစ်မျိုးဖြစ်မယ်၊ ဖခင်စိတ်က တစ်မျိုးဖြစ်မယ်။ မိခင်စိတ်ကတော့ နူးညံ့ပျော့ပျောင်းမယ်။ ဖခင်စိတ်ကတော့ ကိုယ့်ကို အနိုင်ကျင့်လာရင် ပြန်ချဆိုတဲ့ ပုံစံမျိုးနဲ့ ထိန်းကျောင်းမှာပဲလေ။ အဲ့ဒီသဘောတရားလေးတွေကို မျှပြီးတော့ ကျွန်တော်တို့က သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းနေတာပါပဲ။

Voice : မထရီဇာကရော သမီးလေးနှစ်ယောက်ကို ဘယ်လိုပုံစံမျိုး ထိန်းကျောင်းပဲ့ပြင်ပေးလဲ။
CTW : လူတစ်ယောက်မှာတော့ ကိုယ်တိုင်ကြိုက်တာလေးတွေရှိသလို၊ မကြိုက်တာလေးတွေလည်းရှိပါတယ်။ အဲဒီအရာတွေပေါ်မူတည်ပြီး သမီးလေးတွေကို ထိန်းကျောင်းပေးနေတာပါပဲ။ ထရီဇာက အရမ်းကြီး ကာကွယ်ပေးရတဲ့ပုံစံမျိုးကို မကြိုက်ဘူး။ ကိုယ်က အမြဲတမ်းကာကွယ်ပေးနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးပြီး အရာရာကို စိုးရိမ်စိတ်တွေနဲ့ လုပ်လာတဲ့အခါမှာ မဖြစ်သင့်တာတွေ ဖြစ်သွားမှာကိုလည်း ထရီဇာက စိုးရိမ်တယ်။ သူ့အရွယ်အလိုက် တာဝန်ယူစိတ်လေးတွေ ရှိအောင်လည်း သင်ကြားပေးတယ်။ သမီးလေးနှစ်ယောက်က အရမ်းအချစ်ခံရတဲ့အပေါ်မှာ အခွင့်ထူးတစ်ခုအနေနဲ့ မြင်သွားပြီးတော့၊ မကောင်းတဲ့ဘက်ကို ယိမ်းသွားမှာကို စိုးရိမ်တယ်။ အဲ့ဒါကြောင့် ထရီဇာတို့ မိဘနှစ်ပါးက သူတို့ကိုနှိမ့်ချတတ်အောင်၊ လူလူချင်းချစ်တတ်အောင်၊ ဂရုစိုက်တတ်အောင် မွေးမြူပေးပါတယ်။

Voice : ခေတ်နဲ့သစ်က ငယ်သေးပေမယ့် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတဲ့ပုံလည်းပေါက်တယ်နော်။
LL : လူ့ဘဝမှာ ဘယ်ဟာကို ရွေးချယ်သင့်တယ်၊ မရွေးချယ်သင့်ဘူးဆိုတာက သူတို့ ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားရမှာပဲလေ။ သူတို့ဘဝမှာ ကြုံတွေ့လာတဲ့အရာတွေထဲက ကောင်းခြင်းဆိုရင်စံပေါ့၊ မကောင်းခြင်းဆိုရင်တော့ခံပေါ့နော်။ ဘယ်ဟာကို ရွေးချယ်ရင်တော့ ကောင်းတယ်ဆိုတာကို ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ဘဝအတွေ့အကြုံအရ သိသလောက်၊ တတ်သလောက်လေးနဲ့ သင်ကြားပေးဖြစ်တယ်။ ဒါကိုပဲ ရွေးရမယ်၊ ဒါကိုတော့ မရွေးရဘူးဆိုပြီး အတင်းအကျပ်တော့ လုပ်မှာမဟုတ်ဘူး။ သူတို့ဘဝကို သူတို့ရဲ့ ရွေးချယ်မှုနဲ့ပဲသွားနိုင်အောင် ပြုစုပျိုးထောင်ပေးနေပါတယ်။

Voice : ကိုလင်းရော၊ မထရီဇာရောက သီချင်းသစ်တွေ မထွက်တာလည်းကြာပြီနော်။ ဂီတနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလှုပ်ရှားသွားဖို့ရှိမလဲ။
LL : ကျွန်တော့်ရဲ့ စီးရီးသစ် မကြာခင်ထွက်ဖို့ရှိပါတယ်။ ဒီခွေက ကျွန်တော့်အတွက် ပထမဆုံးထွက်တဲ့ခွေလိုပဲ စိတ်ခံစားမှု၊ ရင်ခုန်မှု ပေါင်းစုံပေးနိုင်တဲ့ခွေလို့ ပြောလို့ရပါတယ်။ ဒီခွေထွက်လာတဲ့အချိန်ကျရင် နားထောင်ပြီးတော့ ဝေဖန်အားပေးစေချင်ပါတယ်။ ထရီဇာ့ရဲ့ စီးရီးသစ်ထွက်နိုင်ဖို့လည်း ကျွန်တော်လုပ်ပေးနေတယ်။ ဘယ်သူ့ခွေက အရင်ထွက်လာမလဲတော့ မသိသေးဘူး။ ဒီဇင်ဘာလထဲမှာတော့ ထရီဇာ့ရဲ့ MTV အသစ်နှစ်ပုဒ်ထွက်လာဖို့ ရှိပါတယ်။
CTW : ထရီဇာ့ရဲ့ သီချင်းသစ်ထွက်ဖို့ကတော့ Mixing ပိုင်းတွေ လုပ်နေလို့ ကြာနေတာပါ။ ကျန်တာတော့ အားလုံးပြီးသွားပါပြီ။ ဒီဇင်ဘာလထဲမှာတော့ MTV အသစ်နှစ်ပုဒ်ထွက်ဖို့ ရှိပါတယ်။ ဂီတဘက်က ပရိသတ်တွေနဲ့ ပြန်ပြီးထိတွေ့ခွင့်ရမယ့် သီချင်းလေးတွေပေါ့နော်။ တစ်ကိုယ်တော်ခွေလည်း နောက်နှစ်ထဲမှာတော့ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ကိုလင်းရော၊ ထရီဇာပါ တစ်ကိုယ်တော်ခွေတွေထွက်ပြီးရင်တော့ နောက်ထပ်စုံတွဲသီချင်းအသစ်လေးတွေ လုပ်ကြဖို့ စိတ်ကူးရှိပါတယ်။ ပရိသတ်တွေက စိတ်ရှည်ရှည်နဲ့ စောင့်မျှော်အားပေးကြဖို့ ပြောချင်ပါတယ်။

သန့်ဇင်ဦး