News

POST TYPE

ENTERTAINMENT

လျှပ်စစ်ဘတ်စ်ကားများ လာမည့်နှစ်အတွင်း စထုတ်မည်
17-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၆

စက်မှုဝန်ကြီးဌာနနှင့် Green Power Myanmar ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်မည့် လျှပ်စစ်ဘတ်စ်ကားများကို လာမည့် ၂၀၁၉ ခုနှစ်အတွင်း စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဟန်ဂေရီနည်းပညာဖြင့် ထုတ်လုပ်ထားသည့် လျှပ်စစ်ဘတ်စ်ကားသုံးစီးကို ပြည်တွင်းထုတ်လုပ်မှုအတွက် နမူနာအဖြစ် နိုဝင်ဘာလအတွင်း တင်သွင်းမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်အရ ကျောင်းကားဘတ်စ်၊ မြို့တွင်းခရီးသည်တင်ဘတ်စ်နှင့် အဝေးပြေးခရီးသည်တင်ဘတ်စ်ဟူ၍ အမျိုးအစားသုံးမျိုး ထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“လျှပ်စစ်ကားဖြစ်တဲ့အတွက် ကုန်ကျစရိတ်လည်း သက်သာမယ့်အပြင် Down Payment (ကနဦးပေးသွင်းငွေ) ၂၅ ရာခိုင်နှုန်းသွင်းပြီး အရစ်ကျစနစ်နဲ့ပါ ရောင်းချသွားဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြား လျှပ်စစ်ကားသုံးစီး တင်သွင်းခြင်း၊ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် လျှပ်စစ်ကားများအတွက် ဓာတ်အားပြန်လည်ဖြည့်တင်းမည့်ရုံများ ပြည်ပမှတင်သွင်းခြင်းနှင့် တည်ဆောက်ခြင်းများအတွက် သဘောတူညီမှုစာချုပ်ရေးထိုးနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါလျှပ်စစ်ကားများကို ပဲခူးတိုင်းဒေသကြီး သာဂရစက်မှုဇုန်ရှိ ဝန်ကြီးဌာနပိုင်စက်ရုံများတွင် တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။ 

လျှပ်စစ်ကားများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်သော်လည်း လျှပ်စစ်ကားများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများပြည့်စုံမှသာ ပြည်တွင်း၌ သုံးစွဲမှုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်၌ ကျင်းပသည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် သုံးသပ်ချက်အစီရင်ခံစာ (၉/ ၂၀၁၈) နှင့် ပတ်သက်၍ ရှင်းလင်းရာတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဟန်ဂေရီနည်းပညာဖြင့် ပြည်တွင်းတွင် လျှပ်စစ်ကား ထုတ်လုပ်မည့်အစီအစဉ်များကို စတင်ပြောကြားထားခဲ့ခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီ Yue Di နှင့် Khaing Khaing SangDa Motorcar KSD ကုမ္ပဏီတို့ကလည်း ပူးပေါင်းပြီး တရုတ်နိုင်ငံထုတ် အိမ်စီးအမျိုးအစား လျှပ်စစ်ကားများကို ပြည်တွင်း၌ ပြန်လည်တပ်ဆင်ထုတ်လုပ်ကာ ရောင်းချရန် စီစဉ်လျက်ရှိသည်။

J-01