News

POST TYPE

ENTERTAINMENT

နီနီခင်ဇော်နဲ့ တွေ့ဆုံခြင်း
02-Oct-2018

“လူတိုင်းကို လှည့်ကြည့်ချင်တဲ့စိတ်ကို ဖျောက်မယ်။ ကိုယ့် Team ထဲမှာ လူကောင်းရဖို့အတွက်ကို သေသေချာချာ ရွေးထုတ်မယ်”

နာမည်ကျော်တေးသံရှင် တစ်ဦးဖြစ်တဲ့ နီနီခင်ဇော်နဲ့တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ စီးရီးသစ်မှာ ပါဝင်မယ့် သီချင်းတွေအကြောင်းနဲ့ Cyber Bullying လုပ်ခံရတဲ့သူတွေအတွက် အားပေးစကားတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : နီနီရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
NNKZ : နီနီရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ နေ့တိုင်း အလုပ်လုပ်ရပါတယ်။ ဂီတအလုပ်လေးတွေအပြင် စီးပွားရေးအလုပ်တွေအတွက်ပါ အချိန်ပေးရတာပေါ့နော်။ ဂီတအလုပ်အတွက်ကတော့ နေ့တိုင်း သီချင်းလေးတွေ ရေးဖြစ်တယ်။ တချို့သီချင်းလေးတွေကို အသံသွင်းတယ်။ အွန်လိုင်းမှာ Single Song လေးတွေ ထွက်ဖို့ ကြိုးစားတယ်။ ဒါတွေက နီနီ နေ့တိုင်းလုပ်နေကျ အလုပ်တွေပါပဲ။

Voice : အဆိုတော်အများစုက စီးရီးခွေအသစ်ထွက်ဖို့ထက် အွန်လိုင်းမှာ Single သီချင်းလေးတွေဖြန့်ပြီး ပရိသတ်နဲ့ အဆက်မပြတ်ဖို့ ကြိုးစားလာကြတယ်နော်။ ဒါက ဂီတဈေးကွက်အခြေအနေကြောင့်လား။
NNKZ : နီနီကတော့ Album အနေနဲ့ပဲ ထွက်နိုင်အောင်ကြိုးစားသွားမယ်။ အွန်လိုင်းမှာပရိသတ်နဲ့  အဆက်မပြတ်ဖို့အတွက် Single သီချင်း လေးပုဒ်ဖြန့်တယ်ဆိုရင် နောက်ထပ် ၆ ပုဒ်ကတော့ Album ထဲမှာပဲ ပေါင်းပြီးပေးဖို့ စဉ်းစားတယ်။ နီနီတို့ ငယ်ငယ်တုန်းက မာရီယိုစီးရီးထွက်ခဲ့တဲ့ အချိန်တုန်းက Album တစ်ခုလုံး နားထောင်ရတဲ့ ဖီလင်နဲ့က မတူတော့ဘူး။ အခုချိန်မှာက တစ်ပုဒ်ချင်းစီခွဲပြီး နားထောင်ရသလို ဖြစ်နေတယ်။ အဲဒါကြောင့် Album အနေနဲ့ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။

Voice : နီနီ ရေးဖြစ်နေတဲ့ သီချင်းအသစ်တွေအကြောင်းလည်း ပြောပြပေးပါဦး။
NNKZ : ပရိသတ်တွေကို မကြာခင်မှာ နီနီ သီချင်းအသစ်တစ်ပုဒ်ပေး စရာရှိပါတယ်။ နီနီ့ဘဝမှာတစ်ခါမှာ မရေးဖူးတဲ့ သီချင်းတစ်ပုဒ်ပါ။ အချစ် အကြောင်းလည်းမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် အဲဒီသီချင်းကို ဘယ်လိုရေးဖြစ်ခဲ့မှန်းမသိဘူး။ နီနီရေးနေကျမဟုတ်တဲ့၊ ကျြငခ ပုံစံမျိုး ပါပဲ။ မျှော်လင့်ချက် တစ်စုံတစ်ရာလို ခွန်အားပေးနိုင်တဲ့ သီချင်းမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ နားထောင်လိုက်တာနဲ့  ပရိသတ်တွေပျော်သွားလိမ့် မယ်။ သီချင်းရေးတဲ့အပိုင်းမှာ နီနီကအရမ်းကြီးထူးချွန်တဲ့သူမဟုတ်တဲ့ အတွက် ဆရာတွေက ကြီးကြပ်ပေးရတာပေါ့။

Voice : နောက်ထွက်မယ့် နီနီ့ရဲ့ စီးရီးသစ်မှာရော ဘယ်လိုသီချင်းမျိုး တွေပါနိုင်မလဲ။
NNKZ : ပရိသတ်တွေကတော့ အချစ်သီချင်းလေးတွေ ကြိုက်တာများတယ်လေ။ အလကားပဲလို အချစ်သီချင်းမျိုးတွေကို ပရိသတ်တွေက ပိုကြိုက်ကြတယ်။ အဲဒီလိုသီချင်းမျိုးလေးတွေလည်း ထည့်မယ်။ နောက်ပြီး နီနီက အကပိုင်းကိုလည်း ဝါသနာပါတဲ့အတွက် ကလို့ကောင်းတဲ့သီချင်းလေးတွေလည်း ထည့်မယ်။ နီနီ့ပရိသတ်တွေကတော့ မျှနေတယ်လေ။ အနှေးချည်းပဲ ကြိုက်တဲ့သူမရှိသလို၊ အမြူးချည်းပဲလည်း ကြိုက်ကြတာ မရှိဘူး။ အဲဒါကြောင့်မျှပြီးထည့်ရမှာပေါ့။

Voice : The Voice Myanmar သီချင်းဆိုပြိုင်ပွဲ Season 2 ကလည်း စတော့မှာဆိုတော့ Coach အဖြစ် ထပ်မံပါဝင်သွားဦးမှာလား။
NNKZ : အဲဒါကတော့ နီနီတို့ ပရိသတ်တွေကို ကြိုပြီးတော့ ဖွင့်ပြောလို့ မရသေးဘူးပေါ့။ တချို့ကိစ္စလေးတွေကို ဆွေးနွေးနေကြတာရှိတော့လေ။ ဖွင့်ပြောလို့မရသေးဘူး။ ဒါပေမဲ့ Season 2 အတွက် ရင်တော့ ရင်ခုန်နေကြပြီ။ ဝင်ပြိုင်မယ့်သူတွေကလည်း ပြင်ဆင်မှုတွေလည်းလုပ်နေကြပါပြီ။ အကယ်၍ Season 2 မှာ နီနီထပ်ပါဖြစ်ခဲ့ရင်တော့ လူတိုင်းကို လှည့်ကြည့်ချင်တဲ့စိတ်ကို ဖျောက်မယ်။ ကိုယ့် Team ထဲမှာ လူကောင်းရဖို့အတွက်ကို သေသေချာချာရွေးထုတ်မယ်။ အဲဒီလိုတော့ စဉ်းစားထားပါတယ်။

Voice : လူမှုကွန်ရက်မှာ Cyber Bulling လုပ်ကြတာတွေ အရမ်းများလာတယ်။ ဒီအပေါ်မှာရော အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲ။
NNKZ : နီနီကတော့  Cyber Bulling လုပ်ခံရတဲ့သူတွေကိုတော့ ဂရုမစိုက်ခြင်းအနုပညာနဲ့ပဲ နေပါလို့ ပြောချင်ပါတယ်။ လူတိုင်းလည်း ကြုံဖူးကြမှာပါပဲ။ နီနီကတော့ စာအုပ်လေးတွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားတတ်တဲ့ အကျင့်လေးကို နောက်ပိုင်းမွေးမြူလာနိုင်တဲ့အတွက် စိတ်အေးချမ်းမှုရပါတယ်။ လူဆိုတာကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်ကိုယ်တိုင် ရှာဖွေနိုင်ဖို့ ပါပဲ။ စိတ်ဆင်းရဲစရာတွေကတော့ ရှိမှာပဲလေ။ ကိုယ်ယူမလား၊ မယူဘူးလားအပေါ်မှာ မူတည်တာပေါ့နော်။ ယူလိုက်ရင်တော့ ကိုယ့်ပစ္စည်းဖြစ်သွားမှာပေါ့။ ကိုယ်မယူရင်တော့ လာပေးတဲ့သူက ဘယ်လောက်ပဲပေးပေး ပေးလို့ မရဘူးလေ။

Voice : ကိုယ်တိုင်ရော ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကရော ဘယ်လိုရုန်းထွက်နိုင်အောင်ကြိုးစားခဲ့လဲ။
NNKZ : နီနီ့ကိုလည်း စိတ်ညစ်စရာတွေပေးကြပါတယ်။ ဒါပေမဲ့ နီနီ မယူဘူးလေ။ ကိုယ့်ခြံရှေ့မှာ လာထားတဲ့ လက်ဆောင်ပစ္စည်းတစ်ခုလိုပါပဲ။ ကိုယ်မယူချင်ဘူးဆိုရင်တော့ ခြံထဲကိုဝင်မလာပါဘူး။ ကိုယ်က လက်ခံမှ ရင်ထဲကို ရောက်တာပါ။ ရင်ထဲကို ရောက်သွားမှ စိတ်မကောင်းစရာတွေ၊ ငိုစရာတွေကို ဦးနှောက်ကနေ စဉ်းစားပြီးတော့ ဆက်သွားတာပေါ့နော်။ ဒါကြောင့်မို့ နီနီတို့က  Cyber Bulling ကို ဘယ်လောက်ပဲ ဆန့်ကျင်ပါတယ်လို့ပြောပြော လုပ်နေတဲ့ သူတွေကတော့ ဆက်လုပ်မှာပါပဲ။ နီနီတို့ တတ်နိုင်တာက ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင်ထားနိုင်ဖို့ပါပဲ။

သန့်ဇင်ဦး