News

POST TYPE

ENTERTAINMENT

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ လွတ်မြောက်ခဲ့သူသုံးဦးကို ဖမ်းဝရမ်းထုတ်
25-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၅

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို အရှေ့ပိုင်းခရိုင်တရားရုံး၌ အောက်တိုဘာ ၉ ရက်နေ့တွင် ပြန်လည် စစ်ဆေးမည်ဖြစ်ရာ လူသတ်မှုမှ တရားရှင်လွတ်မြောက်ခဲ့သူ သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

“ဒီနေ့ပဲ ဖမ်းဝရမ်းထုတ်လိုက်ပြီ။ ဒီအမှုကို တွဲဖက်ခရိုင်တရားသူကြီးရဲ့ တရားခွင်မှာ ကြားနာစစ်ဆေးသွားမယ်"ဟု အရှေ့ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အောင်ရဲထွေး အသတ်ခံရမှု မူလရုံးတော်၏ အမိန့်ကို ပယ်ဖျက်ကြောင်း စက်တင်ဘာလ ၂၄ ရက် (ယမန့်က) တိုင်းတရားလွှတ်တော် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က အမိန့်ချမှတ်ခဲ့ပြီးနောက် ယနေ့တွင် အမှုမှ တရားရှင် လွတ်မြောက်ခဲ့သူ သန်းထွဋ်အောင် (ခ) သားကြီး၊ အောင်လေးနှင့် ကျော်ဇော တို့ သုံးဦးကို ပြန်လည်ဖမ်းဆီးစစ်ဆေးရန် ၎င်းတို့နေထိုင်ရာ မြို့နယ်ရဲစခန်းများထံသို့ ဖမ်းဝရမ်း ပေးပို့ခဲ့ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

မူလရုံးတော်၏ အောင်ရဲထွေးအသတ်ခံရမှု ရုပ်သိမ်းခြင်း အမိန့်ကို ပယ်ဖျက်ခဲ့ရသည့် အဓိက အကြောင်းအရာမှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမူကို ထိခိုက်စေခြင်းနှင့် အလားတူ ယင်းဖြစ်စဉ်မျိုးများ ထပ်မံ ပေါ်ပေါက်လာနိုင်သောကြောင့် လက်ရှိအောက်ရုံးတော်၏ အမိန့်ကို ပယ်ဖျက်ခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ထံမှသိရသည်။

လက်ရှိ ဝရမ်း ထုတ်ထားသူ သုံးဦးကို ဖမ်းဆီးနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03