POST TYPE

ENTERTAINMENT

ဝေလနဲ့ တွေ့ဆုံခြင်း
20-Sep-2018

“ဟိုး အရင်ကတည်းက သူများတွေ One Man Show လုပ်တာကိုကြည့်ပြီး အားကျခဲ့ရတာတွေ ရှိပါတယ်”



နာမည်ကျော် တေးသံရှင်တစ်ဦးဖြစ်တဲ့ ဝေလနဲ့တွေ့ဆုံပြီး စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်မယ့် One Man Show မှာ သီဆိုဖျော်ဖြေမယ့် သီချင်းတွေအကြောင်း၊ သီချင်းတွေကို သံစုံတီးဝိုင်းနဲ့ သီဆိုရမယ့်အပေါ် ခံစားမှုနဲ့ ပွဲအပေါ် မျှော်လင့်ချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဝေလရဲ့ One Man Show ကို လုပ်ဖို့ စီစဉ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။
WL : အမှန်ကတော့ ကျွန်တော် မနှစ်ကကတည်းက လုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုလည်း သိပ်မရှိသလို၊ One Man Show လုပ်ရမှာ စောနေသလိုလည်း စိတ်ထဲမှာ ခံစားရတယ်။ ဒီနှစ်မှာတော့ တကယ်လုပ်ဖြစ်သွားပြီပေါ့နော်။ ပွဲလုပ်တဲ့အခါမှာလည်း ကျွန်တော်က တစ်ပွဲလုံးကို Orchestra နဲ့ လုပ်ချင်တာပါ။ ဆရာဓိရာမိုရ်နဲ့ကတော့ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် လောက်ကတည်းက သူတို့ ယဉ်ကျေးမှုတက္ကသိုလ်မှာ သီချင်းတွေဘာတွေ သွားသွင်းကတည်းက ခင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ပထမဆုံး One Man Show မှာ မှတ်မှတ်ရရဖြစ်အောင် သူတို့ရဲ့ ဂီတကဗျာသံစုံတီးဝိုင်းနဲ့  တွဲလုပ်ဖြစ်တယ်ပေါ့။

Voice : One Man Show လုပ်ဖို့ အချိန်တစ်ခုစောင့်လိုက်တာက ဘာတွေပိုပြီးပြင်ဆင်ချင်လို့လဲ။
WL : အချိန်တစ်ခုစောင့်လိုက်တော့ ပွဲအတွက် သီချင်းတွေလည်း အများကြီးရွေးလို့ရတာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအားနည်းနေတာကြောင့် အချိန်ယူလိုက်တာပါပါတယ်။ ကျွန်တော့်ပွဲအတွက် သီချင်းတွေကတော့ ကျွန်တော့် Runner Band ကလူတွေရယ်၊ ဆရာဓိရာမိုရ်ရယ်၊ ပွဲစီစဉ်သူကိုအီကြာကွေးရယ်၊ ကျွန်တော်ရယ် ပေါင်းပြီးတော့ ရွေးကြပါတယ်။ သီချင်းအပုဒ် ၃၀ လောက်ကို ပထမဆုံး ရွေးလိုက်တယ်။ အဲ့ဒီထဲကမှ လောလောဆယ်တော့ သီချင်း ၂၅ ပုဒ်လောက်ကို တိုက်ထားပါတယ်။

Voice : ဒီပွဲမှာ ဝေလပရိသတ်တွေအတွက် မဆိုပေးရင်မရတဲ့ သီချင်းတွေဆိုရင် ဘယ်သီချင်းတွေပါမလဲ။
WL : ကျွန်တော့်ပရိသတ်တွေကြိုက်တဲ့ သီချင်းတွေ တော်တော်များများတော့ ရွေးထားပါတယ်။ ခင်လေးစိမ်းတယ်၊ မိတ်ကပ်မကြိုက်သော သီချင်းများ၊ မချစ်ရဘူးတဲ့လား စသဖြင့် အများကြီးရွေးထားပါတယ်။ ပွဲအတွက် သီချင်းတွေကတော့ Full Rehearsal တစ်ရက်တိုက်ပြီးတော့မှ သေချာပြန်ရွေးမှာပါ။ ဒီပွဲမှာ Orchestra နဲ့ ဆိုရမှာကို ကျွန်တော်လည်း စိတ်လှုပ်ရှားနေတယ်။ ဆရာဓိရာမိုရ်တို့ ဂီတကဗျာအဖွဲ့နဲ့လည်း ပွဲတစ်ပွဲမှာ ဆိုဖူးတယ်။ အဲ့ဒီအချိန်ကတည်းက Orchestra နဲ့ ဆိုရတာကို ကြိုက်ခဲ့တာပါ။

Voice : ဝေလရဲ့ တချို့သီချင်းတွေက ဇာတ်လမ်းလေးတစ်ပုဒ်လို ခံစားပြီးရေးထားတာလေ။ အဲ့ဒီလို သီချင်းတွေကို Performance တွေနဲ့ တင်ဆက်သွားဖို့ရော ရှိမလား။
WL : ဒီပွဲမှာတော့ Performance တွေဘာတွေ မပါပါဘူး။ စင်ပေါ်မှာထားထားတဲ့ LED မှာတော့ သီချင်းကို ပံ့ပိုးပေးနိုင်တဲ့ ရုပ်ကတ်တွေ ဘာတွေ ပါရင်ပါမှာပေါ့နော်။ အဲ့ဒါကတော့ ပွဲစီစဉ်ပေးတဲ့ ကိုအီကြာကွေး လုပ်ပေးနေတယ်။ ကျွန်တော့်ဘက်ကတော့ သီချင်းတွေကိုပဲ ပရိသတ်တွေ အားရကျေနပ်မှုရှိအောင်ဆိုပေးဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့်ပွဲမှာ Opening Band နှစ်ဖွဲ့လည်း ဆိုပေးဖို့ရှိပါတယ်။ ဧည့်သည် အဆိုရှင်အနေနဲ့ကတော့ ညီမလေး ပိုပိုဟေသာပါမယ်။ သူနဲ့ကတော့ ၃၆၀ သီချင်းကို စုံတွဲဆိုထားတာလည်း ရှိတော့လေ။

Voice : အဆိုတော်တစ်ယောက်အတွက် One Man Show က ဘဝရဲ့ မှတ်တိုင်တစ်ခုလို့ ပြောကြတာရှိတယ်။ ဒီလို မှတ်တိုင်စိုက်ထူဖို့ ဝေလ ဘယ်အချိန်ကတည်းက စိတ်ကူးယဉ်ခဲ့တာလဲ။
WL : ဟိုးအရင်ကတည်းကလည်း သူများတွေ One Man Show လုပ်တာကိုကြည့်ပြီး အားကျခဲ့ရတာတွေ ရှိပါတယ်။ ကျွန်တော်က အမျိုးသားဇာတ်ရုံမှာ စဆိုဖူးတာက ကိုနောနော်ရဲ့ One Man Show ပွဲမှာပါ။ အဲ့ဒီမှာ ကျွန်တော်ရယ်၊ အောင်ဖြိုးရယ်၊ သော်တာချမ်းမြေ့ရယ်က ဧည့်သည်အဆိုတော်အနေနဲ့ ပါဝင်သီဆိုခဲ့ဖူးတယ်။ အဲ့ဒီကတည်းက ငါလည်း တစ်ချိန်ကျရင် One Man Show လုပ်ခွင့်ရရင် ကောင်းမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။

Voice : ရန်ကုန်မှာလုပ်တဲ့ One Man Show အောင်မြင်သွားရင် တခြားမြို့ကြီးတွေမှာရော ဆက်လုပ်သွားဖို့ရှိမလား။ ဒီပွဲကိုရော ရုပ်သံကနေပြဖို့ရှိမလား။
WL : လောလောဆယ်တော့ ရန်ကုန်ပွဲတစ်ပွဲအတွက်ပဲ ကျွန်တော်တို့က စဉ်းစားထားသေးတယ်။ ကျန်တဲ့မြို့တွေမှာ ဆက်လုပ်ဖို့ဆိုတာတော့ ရန်ကုန်ပွဲပြီးတော့မှပဲ ပွဲစီစဉ်တဲ့ ကိုအီကြာကွေးနဲ့ ပြန်ပြီးတော့ တိုင်ပင်ရဦးမယ်။ ရုပ်သံကနေ လွှင့်ဖို့၊ မလွှင့်ဖို့လည်း လောလောဆယ်မှာ တိုင်ပင်နေတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော့် ရှိုးပွဲက စက်တင်ဘာလ ၂၉ ရက်နေ့​ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာလုပ်ပါမယ်။ လက်မှတ်တွေကတော့ တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်း သတ်မှတ်ထားပါတယ်။ မန်းသီရိတေးသံသွင်း၊ အွန်လိုင်းလက်မှတ်အရောင်းစင်တာတွေဖြစ်တဲ့ Myanpwel၊ MM Ticket တို့မှာ ဝယ်လို့ရပါတယ်။

သန့်ဇင်ဦး