News

POST TYPE

ENTERTAINMENT

ထူးအယ်လင်းနဲ့ တွေ့ဆုံခြင်း
06-Sep-2018

“မီးမီးခဲက ဩစတြေးလျမှာ ကလေးနှစ်ယောက်တောင်မွေးပြီးသွားပြီ။ သူမွေးတဲ့ သမီးအကြီးက ကျွန်တော့်သားထက် တစ်နှစ်ကျော်တောင် ကြီးသေးတယ်”



တေးသံရှင်ထူးအယ်လင်းနဲ့ တွေ့ဆုံပြီး စက်တင်ဘာလ ၇ ရက်နေ့ မှာ စတင်ရုံတင်ပြသတော့မယ့် “Special  9” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရတဲ့ ပထမဆုံးအတွေ့အကြုံကို ပြောပြပေးပါဦး။
HLL : ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား ဖြစ်ပေမယ့် ဒါရိုက်တာဖြစ်တဲ့ ယုန်လေးက ကူညီပေးခဲ့တဲ့အတွက် အများကြီးတော့ အခက်အခဲမရှိခဲ့ပါဘူး။ သူက အစ်ကိုပြောရမယ့် ဒိုင်ယာလော့ခ်တွေကအစ သေချာပြောပြပေးတယ်။ ဇာတ်ကားသာမရိုက်ဖူးတာပါ၊ MTV တွေမှာ သရုပ်ဆောင်ဖူးတော့ ကင်မရာတွေက ကျွန်တော်တို့နဲ့တော့ မစိမ်းဘူးပေါ့။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ရတာ သိပ်တော့ ရင်ခုန်စရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ်ကျရာဇာတ်ရုပ်ကိုတော့ အတတ်နိုင်ဆုံးပီပြင်အောင် ကြိုးစားရတာပေါ့။

Voice : Special 9 ဇာတ်ကားထဲက ကာရိုက်တာက ကိုအယ်ကြီးရဲ့ အပြင်ကာရိုက်တာနဲ့ရော တစ်ထပ်တည်းကျတယ်လို့ ပြောလို့ရလား။
HLL : အဲဒီလိုတော့ ပြောလို့မရဘူးလေ။ Special 9 ဇာတ်ကားထဲက ကာရိုက်တာကတော့ ရမ်းကားနေတာလေ။ ကိုယ်တွေက အပြင်မှာ ရမ်းကားလို့မှမရတာ။ ဒါက ဥပဒေနဲ့ ထိန်းချုပ်ထားတဲ့နိုင်ငံလေ။ ကိုယ်တွေက ဘယ်လိုပဲပြောပြော ကိုယ့်အလုပ်ကိုကိုယ် ပီပြင်အောင်လုပ်တယ်။ ဘယ်သူ့ကိုမှလည်း အပိုတွေ သွားပြောမနေဘူး။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုတော့ ပြတ်ပြတ်သားသားလုပ်တယ်၊ မှန်မှန်ကန်ကန်လုပ်တယ်၊ တိတိကျကျလုပ်တယ်။ အဲဒါမှ လွဲရင်တော့ ကျန်တာ ဘာမှမရှိပါဘူး။

Voice : ဒီဇာတ်ကားကို လာကြည့်မယ့်ပရိသတ်တွေကိုရော ဘာများကြိုပြောထားချင်သေးလဲ။
HLL : ကျွန်တော်တို့ ညီအစ်ကို ရောင်းရင်းတွေကို ပြောချင်တာကတော့ ဘဝအမောတွေဘယ်လောက်ပဲ ရှိရှိ၊ ပူဆွေးသောကတွေ ဘယ်လောက်ပဲများများ၊ ဒီဇာတ်ကားလေးကို လာကြည့်လိုက်ရင်တော့ ခဏတာ စိတ်ထွက်ပေါက်တစ်ခုတော့ ရသွားမှာပါ။ အဲဒါကြောင့် ဒီဇာတ်ကားလေးကို လာကြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော့်အတွက်လည်း ပထမဆုံးရုပ်ရှင် ဇာတ်ကားဖြစ်သလို၊ ကျွန်တော့်ပရိသတ်တွေအတွက်လည်း ထူးခြားမှုတစ်ခုတော့ ဖြစ်မှာပါ။

Voice : သီချင်းအသစ်တွေ မထွက်တာလည်း ကြာနေပြီနော်။ ဒီနှစ်ထဲမှာရော ထွက်ဖို့အစီအစဉ်ရှိလား။
HLL : ဒီနှစ်ထဲမှာတော့ ကျွန်တော် စီးရီးအသစ်ထွက်ပါမယ်။ အရင်ဆုံး “ဥယျာဉ်မှူး”ဆိုတဲ့ သီချင်း အသစ်တစ်ပုဒ်ကို အွန်လိုင်းမှာတင်ပေးဖို့လည်း ရှိပါတယ်။ နိုဝင်ဘာလထဲလောက်ဆိုရင် နားထောင်လို့ရပါပြီ။ သီချင်း အဓိပ္ပာယ်လေးကတော့ ပန်းဥယျာဉ်ထဲမှာရှိတဲ့ ပန်းတွေက ဥယျာဉ်မှူးရဲ့ စောင့်ရှောက်မှုနဲ့ အားလုံးကောင်းနိုင်တယ်။ အပြင်က လူတစ်ယောက်က သူ့ကိုပန်ချင်လို့ ယူလိုက်ပြီဆိုရင် ပန်းလေးဟာ ခေါင်းပေါ်မှာပဲဖြစ်စေ၊ ဘုရားစင်မှာပဲဖြစ်စေ၊ ဘယ်နေရာမှာပဲဖြစ်စေ၊ ခဏတာပဲ လှမယ်။ အများဆုံးခံ သုံးရက်ပေါ့။ အချိန်တန်ရင် အမှိုက်ဖြစ်သွားရော၊ အဲဒီတော့ မိဘတွေ၊ နိုင်ငံတော်လူကြီးပိုင်းတွေ၊ ဦးဆောင်သူတွေက ဥယျာဉ်မှူးတွေပေါ့။ အဲဒီလိုမျိုး ကျွန်တော် ပြောချင်ပါတယ်။ 

Voice : သားသမီးတွေအတွက်ဆိုရင်လည်း မိဘဆိုတာ ဥယျာဉ်မှူးလို့ ပြောလို့ရမှာပေါ့။ 
HLL : “ဥယျာဉ်မှူး”ဆိုတဲ့သီချင်းလေးက ကျွန်တော့်သမီးအတွက် ရည်ရွယ်ပြီးဆိုထားတယ်လို့ ပြောရင်လည်းရပါတယ်။ သီချင်းထဲမှာလည်း ဖြူဖြူစင်စင် လင်းလိုက်တော့ကွယ်ဆိုတဲ့ စာသားလေးပါပါတယ်။ သမီးက ကျွန်တော့်ရင်ဘတ်အောက်ထဲမှာ ရှိပါတယ်။ သမီးကို ကျွန်တော်ပဲထိန်းသိမ်းစောင့်ရှောက်ထားတာပါ။ မီးမီးခဲက ဩစတြေးလျမှာ ကလေးနှစ်ယောက်တောင်မွေးပြီးသွားပြီ။ သူမွေးတဲ့သမီးအကြီးက ကျွန်တော့်သားထက် တစ်နှစ်ကျော်တောင်ကြီးသေးတယ်။ သူက အရင်အိမ်ထောင်ပြုသွားတာပါ။ သူတို့ကိစ္စကို ကျွန်တော်မပြောတော့ဘူး။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်မှာစိုးလို့ပါ။ 

Voice : ဖခင်တစ်ယောက်အနေနဲ့ရော သမီးလေးရဲ့ဘဝကို ဘယ်လိုအကောင်းဆုံး ပုံဖော်ပေးသွားမလဲ။
HLL : ကျွန်တော့်သမီးက ကျွန်တော့်ရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာပဲ ရှိပါတယ်။ နောက်ထပ် ကျွန်တော့်မှာ သားလေးနှစ်ယောက်ရှိသေးတယ်။ ကျွန်တော့်မှာ အားလုံးပေါင်း သား၊ သမီး သုံးယောက်ရှိပါတယ်။ ကျွန်တော် လက်ရှိကြည့်ရှုစောင့်ရှောက်နေရတာပေါ့။ သမီးလေးကိုတော့ ကျွန်တော် အဆိုတော် မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ သူက သီချင်းဆိုတာ အရမ်းဝါသနာပါတယ်။ ကျွန်တော်က သူ့ကို သီချင်းမဆိုခိုင်းဘူး။ သူက သူသီချင်းဆိုတာကို ဗီဒီယိုရိုက်ပြီး ကျွန်တော့်ကို ပြန်ပြန်ပို့ပေးတယ်။ သူက ကျောင်းစာလည်း ကြိုးစားပါတယ်။ ပညာရေးမှာလည်း အဆင့်တွေ ကောင်းပါတယ်။ သမီးကို ကျွန်တော်မှာထားတာ တစ်ခုပဲရှိတယ်။ နံပါတ်တစ် ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေနဲ့၊ နံပါတ်နှစ် ကိုယ်နဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေနဲ့လို့ပဲ ဆုံးမထားပါတယ်။

သန့်ဇင်ဦး