News

POST TYPE

ENTERTAINMENT

သီဟတင်စိုးနဲ့ တွေ့ ဆုံခြင်း
26-Aug-2018
“မိသားစုနဲ့ ပတ်သက်လို့၊ ကျွန်တော့်အနုပညာနဲ့ ပတ်သက်လို့ရဲရဲဝံ့ဝံ့ သတ္တိရှိရှိလုပ်ခဲ့တဲ့ အလုပ်တွေချည်းပဲ”



အိမ်အကူတစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုပြီး လီဆယ်တိုင်တမ်းခံခဲ့ရတဲ့ သရုပ်ဆောင်သီဟတင်စိုးနဲ့ တွေ့ဆုံပြီး အမှုကိစ္စအကြောင်း၊ မိသားစုနဲ့ ပတ်သက်တဲ့ခံစားမှုတွေနဲ့ အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ့် အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ကိုယ့်လိုပဲ မုဒိမ်းမှုနဲ့ပတ်သက်ပြီး မှားယွင်းစွပ်စွဲခံရတာမျိုး တခြားသူတွေ မကြုံရအောင် ဘယ်လိုအကြံပေးချင်တာမျိုးရှိလဲ။
THTS : ကျွန်တော်အကြံပေးချင်တာကတော့ ဒီလို အမှုကိစ္စမျိုး ဖြစ်လာပြီဆိုရင် ကြားခံစစ်ဆေးရေးအဖွဲ့မျိုးရှိစေချင်တယ်။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်တာ ပက်ပင်းမိရင် မိတဲ့နေရာမှာ ရိုက်သတ်လိုက်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း မုန်းတယ်ဗျာ။ ဒီအမှုကို။ ကျွန်တော်က တရားလက်လွှတ်ပြောသလိုတော့ ဖြစ်နေမယ်။ အမှန်တော့ မုဒိမ်းမှုကို မုန်းလွန်းလို့ပြောတာပါ။ မုဒိမ်းမှုဖြစ်လာတာနဲ့ အမှုကောက်ဖွင့်လိုက်ရင် ယောကျာ်းလေးဘက်က သေရောပေါ့။ ခံရတဲ့ မိန်းကလေးဘက်ကလည်း အမှုမဖွင့်ရင် နစ်နာမယ်လေ။ တကယ် အမှုမြောက်၊ မမြောက် ကြားခံစစ်ဆေးရေးအဖွဲ့မျိုး ထားစေချင်တယ်။ 

Voice : အမှုကိစ္စပြီးတဲ့အချိန် အိမ်ကိုပြန်ရောက်သွားတဲ့အချိန်မှာ မိသားစုက ဘယ်လိုကြိုဆိုခဲ့ကြလဲ။
THTS : အိမ်ကို အစ်ကိုက ပြန်သွားတာ မဟုတ်ပါဘူး။ မိသားစုက အစ်ကို ရှိတဲ့ နေရာကို လိုက်လာတာပါ။ သမီးက ငိုမဲ့ငိုမဲ့နဲ့ အစ်ကို့ကို ပြေးဖက်တယ်။ အစ်ကိုလည်း သူ့ကို ပြန်ဖက်ထားတာပေါ့နော်။ အဲဒီ နွေးထွေးမှုက အစ်ကို့အမေ၊ အစ်ကို့ကို ဖက်ထားတုန်းက ခံစားမှုမျိုးကို ပြန်ခံစားရတယ်။ မိန်းမနဲ့တောင်မှ ဖက်ဟယ်ပြုဟယ်မရှိပါဘူး။ သားကတော့ ယောကျာ်းလေးဖြစ်တဲ့အတွက် ခပ်တည်တည်ပဲပေါ့။ သူ့အဖေ အမှုကိစ္စပြီးပြတ်သွားတဲ့အတွက် သူလည်း ဝမ်းသာနေတာပေါ့နော်။ 

Voice : အမှုကိစ္စဖြစ်တဲ့အချိန်မှာ ကိုယ်နဲ့ဝေးကွာနေတဲ့ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေကိုရော သတိရမိလား။ ကိုယ်တစ်ယောက်တည်းလို ဖြစ်သွားတာဆိုတော့လေ။
THTS : ကျွန်တော် တစ်ယောက်တည်းပါပဲ။ ရပါတယ်။ ကျွန်တော့်ဘေးမှာ ကျွန်တော့်ကို လက်တွဲထားတဲ့ ဇနီးသည်ရှိတယ်။ ကျွန်တော့်သားရှိတယ်။ ကျွန်တော့်သမီးရှိတယ်။ သူတို့အတွက် ကျွန်တော် သေရွာသွားဆိုလည်း သွားမှာပဲ။ ငရဲပြည်သွားဆိုလည်းသွားမှာပဲ။ သူတို့ကိုတော့ ပြဿနာမရှာနဲ့။ အဲဒီစိတ်တစ်ခုပဲ ကျွန်တော့်မှာ ရှိတယ်။ မိသားစုနဲ့ ပတ်သက်လို့၊ ကျွန်တော့်အနုပညာနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့သတ္တိရှိရှိ လုပ်ခဲ့တဲ့အလုပ်တွေချည်းပဲ။ ကျွန်တော့်ကို ကြိုက်တဲ့ ကျောက်တွေနဲ့ မှတ်ကျောက်တင်လို့ရတယ်။

Voice : ကိုသီဟကို မိဘ၊ ညီအစ်ကို မောင်နှမတွေနဲ့ ပြန်အဆင်ပြေသွားချင်ကြတာမျိုး ရှိတယ်လေ။ ကိုယ်တိုင်ရော ဘယ်လိုခံစားမှုရှိလဲ။
THTS : ကျွန်တော်က အရမ်းချစ်တာဗျ။ အရမ်းချစ်တဲ့သူက ခံစားချက်ဆူးနင့်သွားရင် အရမ်းကို မုန်းသွားတတ်တယ်။ အရမ်းကို နာကြည်းသွား တတ်တယ်။ အသက်ရှူတာတောင်မှ ငါတစ်ဝက်ပဲ ရှူမယ်၊ တစ်ဝက် နင်တို့ရှူလို့ဆိုတဲ့ လူမျိုးက သူ့အပေါ်မှာ တစ်ခုခုလေး ဖြစ်သွားရင် ကျွန်တော်ဘယ်လောက်နာမလဲ။ ဘယ်လောက်ရင်ကွဲမလဲ။ ကျွန်တော့် ရင်ဘတ်ကြီးကွဲသွားတာ အဲဒါတွေလည်း ပါပါတယ်။ ကျန်တာတော့ ကျွန်တော်မပြောပြချင်တော့ဘူး။ 

Voice : အမှုကိစ္စ အဖြူ၊ အမည်း မသဲကွဲသေးခင်မှာ ကိုယ့်ဘက်က ရပ်တည်ပေးခဲ့တဲ့သူတွေကိုရော ဘာပြောချင်လဲ။
THTS : ဘယ်သူတွေ၊ ဘာပြောခဲ့တယ်ဆိုတာကို ကျွန်တော် အကုန်ကြည့်ရပါတယ်။ အဲဒီထဲမှာ ရဲရဲဝံ့ဝံ့နဲ့ ပြောချသွားတဲ့ မချစ်ချစ်ဇော်ကိုလည်း ကျေးဇူးတင်ပါတယ်။ လင်းဇာနည်ဇော်ကတော့ ကလေးငလည်ပေါ့။ သူက အလည်တန်း နင်းပြီးပြောတာပေါ့။ မချစ်က ကျွန်တော့်အစ်မလိုပဲ။ လင်းလင်းက ကျွန်တော့် ညီမလိုပါပဲ။ သူတို့နှစ်ယောက်လုံးနဲ့ကျွန်တော် ကားရိုက်ဖူးပါတယ်။ မချစ်က ဘာကိုမှ လှည့်မကြည့်တော့ဘဲ၊ ကိုသီဟက အဲဒီလို လူမျိုးမဟုတ်ဘူးလို့ တည့်ပြောချလိုက်တာပေါ့။ လင်းလင်းကတော့ တွက်ပြီးမှ ပြောတာပါ။ ဒါကလည်း မှန်ပါတယ်။ ကျွန်တော်လုပ်တာ ဟုတ်နေခဲ့ရင် သူ့ခမျာလည်း ဒုက္ခလေ။ ကျွန်တော့်ဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ပေးခဲ့တဲ့ သူတွေလည်း ရှိပါတယ်။ အမှုပြီးခါနီးမှ ခါတော်မီပြော တဲ့သူတွေလည်းရှိပါတယ်။ အားလုံးကို ကျွန်တော့်ရင်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။

Voice : အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုတော့ ကိုယ့်ယောက်ဖဖြစ်တဲ့ ကိုလူမင်းနဲ့ရော ဇာတ်ကားတွေ တွဲရိုက်ဖို့ရှိမလား။
THTS : ကျွန်တော် မရိုက်ပါဘူး။ ဘာလို့မရိုက်လဲဆိုတော့ ကျွန်တော့်မှာ အကြောင်းအရာရှိလို့ပါ။ ကျွန်တော် ရိုက်ခဲ့ဖူးပါတယ်။ အကြောင်းအရာလေးတွေ ရှိတဲ့အတွက် အခုတော့ မရိုက်ဘူးလို့ကျွန်တော်ပြောတာပါ။ ကြားထဲမှာတော့ ကျွန်တော့်ရဲ့ အမေ ကိုယ်တိုင်က တစ်ကားရိုက်ပေးဖို့ ပြောပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် မရိုက်ခဲ့ပါဘူး။ ငွေရေးကြေးရေးအရ ပိုရရင်ရလိမ့်မယ်။ အနုပညာအရ ကျွန်တော်သတ်မှတ်ထားတဲ့ စံချိန်၊ စံညွှန်းရော၊ သတ်မှတ်ထားတဲ့ လုပ်ရပ်တွေရော ကျွန်တော် မကြိုက်တဲ့အတွက် မရိုက်ပါဘူး။

Voice : လက်ရှိ ရုပ်ရှင်လောကရဲ့ အခြေအနေတွေကရော ဘာတွေ ပြောင်းလဲလာတယ်ထင်လဲ။
THTS : ရုပ်ရှင်လောကရဲ့ အခြေအနေက မိုက်ပါတယ်။ အခုပြန်ဝင်ရင် ပိုမိုက်မှာပါ။ ဘာလို့ပိုမိုက်တာလဲဆိုတော့ ကျွန်တော့်ခံစားချက်က ပိုပြင်းသွားပြီဗျ။ အရင်တုန်းက ကျွန်တော်သိတာက ကျွန်တော့်မိဘ၊ ကျွန်တော့် အမေကုမ္ပဏီကနေ ရိုက်တဲ့ကား ကောင်းဖို့၊ ပြီးဖို့၊ အောင်မြင်ဖို့လောက်ပဲ သိတာပါ။ အခုကျတော့ အဲဒါတွေ မရှိတော့ဘူး။ ကျွန်တော့်အနုပညာ၊ ကျွန်တော့်ဇာတ်ကား၊ ကျွန်တော့်ဇာတ်ကားထဲမှာ ပါဝင်မယ့်သူတွေ ကောင်းဖို့အတွက်ပဲ ကြည့်ရတော့မယ်။ ပိုက်ဆံရတာမရတာ ကျွန်တော့်အလုပ်မဟုတ်ဘူး။ 

သန့်ဇင်ဦး