News

POST TYPE

ENTERTAINMENT

နေတိုးနဲ့ တွေ့ဆုံခြင်း
22-Aug-2018 tagged as အနုပညာ

“ “မီ” လို ဇာတ်ကားမျိုးက ရုပ်ရှင်အနေနဲ့လည်း ရှိသင့်ရှိထိုက်တဲ့ ဇာတ်ကားတစ်ကားပါ”



နာမည်ကျော်သရုပ်ဆောင်နေတိုးနဲ့ တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “တာတူး” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ ယခုနှစ်အတွင်း ရုံတင်ပြသမယ့် “မီ” ရုပ်ရှင်ဇာတ်ကားအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားအကြောင်းကနေစပြီး ပြောပြပေးပါဦး။
NT : ဒီဇာတ်လမ်းလေးကတော့ ဒါရိုက်တာကျော်ဇောလင်း လာပြောကတည်းက သဘောကျတယ်ပေါ့နော်။ ဇာတ်လမ်းကတော့ ဟာသပါပဲ။ ဒါပေမဲ့လည်း ကာရိုက်တာအားဖြင့် အပြောင်းအလဲလေး လုပ်လို့ရတဲ့ ဇာတ်မျိုးဖြစ်နေတယ်။ နောက်ပြီး ကိုလွင်မိုးရယ်၊ ကျွန်တော်ရယ်၊ သက်မွန်မြင့်ရယ်ကလည်း ပရိသတ်အတွက် ထူးခြားတဲ့ သရုပ်ဆောင်အတွဲအဖက်လေးလည်း ဖြစ်နေတဲ့အတွက် လက်ခံရိုက်ကူးခဲ့တာပါ။

Voice : ဒီဇာတ်ကားထဲမှာ ကိုနေတိုးရဲ့ ကာရိုက်တာက ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
NT : ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က တာတူးဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ရတယ်။ ဒီကားထဲမှာတော့ နည်းနည်းလေး ကပ်စေးနှဲတဲ့ လူတစ်ယောက်ရဲ့ ကာရိုက်တာကို အခြေခံပြီးတော့မှ ဇာတ်လမ်းကို တည်ဆောက်ထားတယ်။ ကျွန်တော်နဲ့  သက်မွန်ကတော့ လင်မယားတွေပေါ့။ ကိုလွင်မိုးကတော့ ကျွန်တော့် ယောက်ဖနေရာက သရုပ်ဆောင်ရတာပေါ့။ ဇာတ်လမ်းအချိုးအကွေ့အနေနဲ့ကတော့ ကျွန်တော့်ရဲ့ ကပ်စေးနှဲမှုတစ်ခုကြောင့် ဟိုမုန်းအပြောင်းအလဲဖြစ်သွားတာပေါ့နော်။ ဒါကတော့ ကျွန်တော်ဒီကားကိုရိုက်ဖို့ စိတ်ဝင်စားစေတဲ့ အကြောင်းအရာတစ်ခုပေါ့။ 

Voice : ဟိုမုန်း ပြောင်းလဲသွားပြီးတဲ့နောက်မှာ ယောက်ဖဖြစ်တဲ့ ကိုလွင်မိုးအပေါ်ကို စိတ်ဝင်စားသွားတဲ့ပုံစံမျိုး သရုပ်ဆောင်ရမယ့် အခန်းတွေလည်း ပါတယ်လို့ သိရတယ်။ အဲဒီအခန်းတွေကိုရော ဘယ်လို သရုပ်ဆောင်သွားမလဲ။
NT : အဲဒီဇာတ်ဝင်ခန်းတွေကတော့ ဒါရိုက်တာနဲ့ တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ထားပါတယ်။ ဘယ်လိုပုံစံမျိုး သရုပ်ဆောင်ထားလဲဆိုတာကိုတော့ ဇာတ်ကားရုံတင်တဲ့အခါမှာ ပရိသတ်တွေကို ရင်ခုန်ပြီး ကြည့်စေချင်ပါတယ်။ ကျွန်တော့်အတွက်လည်း သိပ်မလုပ်ဖူးတဲ့ အက်တင်ဖြစ်တဲ့အတွက် သရုပ်ဆောင်ရတာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဒီလိုမျိုး စိန်ခေါ်မှုရှိတဲ့ ကာရိုက်တာမျိုးတွေကို ရိုက်ရတာ ကျွန်တော် ပိုကြိုက်ပါတယ်။

Voice : စာရေးဆရာမကြီး ကြည်အေးရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ထားတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်တော့မယ်လို့သိရတယ်။ ဒီဇာတ်ကားကိုရော ဘယ်လိုရင်ခုန်မှုရှိလဲ။
 NT : “မီ” ရုပ်ရှင်ဇာတ်ကားကတော့ ရုပ်ရှင်ကြည့်ရှုမယ့် ပရိသတ်တွေအတွက် ဝတ္ထုကောင်းတစ်ပုဒ်ကို အခြေခံပြီးဖန်တီးထားတဲ့ ဇာတ်ကားပါ။ ထုတ်လုပ်သူတိုင်းလည်း မရိုက်ရဲတဲ့ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းတင်ပြမှုပုံစံအရလည်း အစဉ်အဆက်က ရုပ်ရှင်အနေနဲ့ ရိုက်ပြဖို့ အခက်အခဲရှိခဲ့တဲ့ ဝတ္ထုလည်း ဖြစ်ပါတယ်။ “မီ”လို ဇာတ်ကားမျိုးက ရုပ်ရှင်အနေနဲ့လည်း ရှိသင့်ရှိထိုက်တဲ့ ဇာတ်ကားတစ်ကားပါ။ ပရိသတ်တွေအတွက်လည်း ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Voice : စာပေနယ်မှာ ဩဇာကြီးခဲ့တဲ့ဝတ္ထုကို အခြေခံပြီး ရိုက်တာဆိုတော့ ဇာတ်လမ်းတင်ပြမှုအပိုင်းမှာရော ဘယ်လိုအခက်အခဲမျိုးတွေ ရှိခဲ့လဲ။
NT : “မီ” ဇာတ်ကားကို ရိုက်တဲ့ ဒါရိုက်တာ ဏကြီးကတော့ နည်းနည်းလေး အနောက်တိုင်းဆန်ဆန် ရိုက်ထားတာကို တွေ့ရပါတယ်။ မြန်မာရုပ်ရှင်ကို ပုံမှန်ကြည့်ရှုနေတဲ့ ပရိသတ်တွေနဲ့အံဝင်ခွင်ကျဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာတော့ ရုံတင်တဲ့အချိန်ကျမှ သိရမှာပေါ့နော်။ ဒီဇာတ်ကားကို ဒီနှစ်ထဲမှာ ရုံတင်ခွင့်ရမယ်လို့တောင် မထင်ခဲ့ပါဘူး။ ရုံတင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒီဇာတ်ကားက သာမန် ကျွန်တော်တို့  ပရိသတ်တွေ ကြည့်ဖူးနေကျ ဇာတ်ကားတွေနဲ့  ၉၀ ရာခိုင်နှုန်းလောက်မတူတာကို တွေ့ရတယ်။ အရုပ်၊ အသံပိုင်းဆိုင်ရာကလည်း ခေတ်အချိန်အခါတစ်ခုကို ရောက်အောင်ဆွဲခေါ်သွားနိုင်တာကို တွေ့ရပါတယ်။

Voice : “မီ” အဖြစ် သရုပ်ဆောင်တဲ့ ပိုင်ဖြိုးသု ကရော၊ ဘယ်လောက်အထိ လုပ်ပြနိုင်ခဲ့တယ်လို့ သုံးသပ်မိလဲ။
NT : ဒီကားမှာ ပိုင်ဖြိုးသုကတော့ “ မီ” အဖြစ်၊ အပီပြင်ဆုံးဖြစ်အောင်၊ ကြိုးစားပြီးတော့ သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားကို မရိုက်ခင်ကတည်းက သူက “ မီ” ဆိုတဲ့ ဇာတ်ကောင်ကို အရမ်းစိတ်ဝင်စားခဲ့တယ်။ သူကိုယ်တိုင် သရုပ်ဆောင်ချင်တဲ့စိတ်ဖြစ်လာတဲ့အတွက် ရုပ်ရှင်အဖြစ် ပုံဖော်နိုင်အောင် ကြိုးစားခဲ့တယ်ပေါ့။ သရုပ်ဆောင် တစ်ယောက်က ကာရိုက်တာတစ်ခုကို ရူးသွပ်မှုရှိမှသာလျှင် သူ့ရဲ့သရုပ် ဆောင်မှုကလည်း ပီပြင်တာပါ။ ပိုင်ဖြိုးသုရဲ့ ကြိုးစားမှုကို ပရိသတ်တွေ အသိအမှတ်ပြုပေးကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

သန့်ဇင်ဦး