News

POST TYPE

ENTERTAINMENT

ကျော်ကျော်နဲ့ တွေ့ဆုံခြင်း
19-Jul-2018 tagged as အနုပညာ

“ဖေ့စ်ဘွတ်ခ်က လူမှုပေါင်းသင်းဆက်ဆံရေးအတွက် သုံးဖို့ လိုအပ်တယ်ဆိုပေမယ့် ဘဝတစ်ခုတော့ မဟုတ်ဘူး”



သရုပ်ဆောင် ကျော်ကျော်နဲ့ တွေ့ဆုံပြီး ဇူလိုင်လ ၂၀ ရက်နေ့ မှာ ရုံတင်ပြသတော့မယ့် “ဝိုင်းကြီးချုပ် စပွန်ဆာ” ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဖေ့စ်ဘွတ်ခ်သုံးရတဲ့ ရည်ရွယ်ချက်နဲ့  အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဝိုင်းကြီးချုပ်စပွန်ဆာရုပ်ရှင်မှာ ကျော်ကျော် သရုပ်ဆောင်ထားတဲ့ ကာရိုက်တာ အကြောင်းကနေစပြီး ပြောပြပေးပါဦး။
KK : ဒီဇာတ်ကားမှာ ကျွန်တော်က ကြုံဒိုးဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ ရိုးရိုးသာမန် ကောင်လေးတစ်ယောက်ပါ။ ဆိုင်ကယ်ကယ်ရီ ဆွဲတယ်၊ တက္ကစီမောင်းတယ်။ သူက ကောင်းရောင်းကောင်းဝယ် မလုပ်စားချင်ဘူး။ ဖြတ်လမ်းနည်းနဲ့ ပိုက်ဆံကို ဘယ်သူ့ဆီက ရမလဲဘဲ စဉ်းစားနေတယ်။ ဒီခေတ်မှာလည်း အဲဒီလို ကောင်လေးမျိုးတွေက အပြင်မှာ ရှိနေတာပဲလေ။ ခေတ်ကို ထင်ဟပ်စေတဲ့ကာရိုက်တာမျိုးပါ။ ဘယ်သူ့ဆီက ရေခပ်ရင်ကောင်းမလဲ၊ အထူးသဖြင့် အသက်ကြီးတဲ့ ဆော်ကြီးတွေဆီကနေ ငါဘယ်လိုမျိုး ချူစားလိုက်ရင်ကောင်းမလဲဆိုတာကို အမြဲတမ်းတွေးနေပြီးတော့၊ ဘွားတော်ကြီး တစ်ယောက်ဆီကနေ ငွေညှစ်တဲ့ ကာရိုက်တာမျိုးပါ။

Voice : ဒီလို လူငယ်မျိုးတွေကို အပြင်မှာ မြင်ဖူးလို့လား။ ကျော်ကျော် သရုပ်ဆောင်တာ တော်တော်လေးပီပြင်နေတယ်။
KK : အပြင်မှာတော့ ဒီလိုလူငယ်တွေကို မမြင်ဖူးပါဘူး။ ဒါပေမဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဆီကနေတော့ ကြားနေရတာပေါ့နော်။ ဒါတွေက အပြင်မှာလည်း တကယ်ရှိနေတာပဲလေ။ ဒီကောင်လေးကတော့ ဘယ်ဆော်ကြီးကို ဂျင်းထည့်ပြီးတော့ ချူစားနေပြီဆိုတာမျိုးက ကြားနေရတာပဲလေ။ ဒီကားကလည်း အဲဒီလိုအဖြစ်အပျက်တွေအပေါ်မှာ အခြေခံပြီး ဇာတ်အိမ်ဖွဲ့ထားတာဆိုတော့ ဇာတ်လမ်းပေါ်မှာ မူတည်ပြီး အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့တာပါ။ ကိုယ်သရုပ်ဆောင်တာ မပီပြင်ရင်လည်း ပရိသတ်တွေ ရယ်ရမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကာရိုက်တာနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်အောင် သရုပ်ဆောင်ခဲ့ပါတယ်။

Voice : မကြာသေးခင်ကလည်း ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် ပတ်သက်မိကြတဲ့ ယောကျာ်းတစ်ယောက်နဲ့  အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းကလည်း နာမည်ကြီးခဲ့သေးတယ်နော်။ 
KK : ဖေ့စ်ဘွတ်ခ်ကတော့လေ ကျွန်တော်တို့ နိုင်ငံက လူတွေအားလုံးရဲ့ စိတ်ထွက်ပေါက်လို ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ လူငယ်တွေကျတော့ စိတ်ထွက်ပေါက်မျိုးစုံရှိမယ်။ ကျွန်တော်ဆိုရင် ဘောလုံးကန်မယ်၊ ရှိုးပွဲသွားကြည့်မယ်ပေါ့။ တခြားလူငယ်တွေလည်း သူ့ဟာနဲ့သူ စိတ်အပန်းပြေအောင် လုပ်လို့ရတဲ့  နည်းလမ်းလေးတွေရှိကြတယ်။ ဒါပေမဲ့ တချို့ ကျတော့ အိမ်ထဲမှာနေရတာလည်း စိတ်ညစ်စရာကောင်းတယ်၊ အပြင်မှာလည်း ဘာစိတ်ထွက်ပေါက်မှမရှိဘူး၊ စကားပြောဖော်မရှိတဲ့ လူမျိုးတွေ အများကြီးရှိတယ်။ အမျိုးသမီးတစ်ယောက်က ပိုက်ဆံလည်းချမ်းသာတယ်၊ သူ့မှာစိတ်ထွက်ပေါက်လည်းမရှိဘူး၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဆို ဖေ့စ်ဘွတ်ခ်ကိုသုံးမိမှာပဲ။ အဲဒီမှာ ဝိုင်းကြီးချုပ်စပွန်ဆာ ဇာတ်ကားထဲကလိုမျိုး ချာတိတ်တွေနဲ့ တွေ့တဲ့အခါကျရင် သူ့စိတ်ထွက်ပေါက်အနေနဲ့ အပျော်ရှာမိမှာပဲ။ အဲဒီလိုမျိုးကိစ္စတွေမှာ နောက်ဆုံးရလဒ်ကတော့ ဘယ်သူ့အတွက်မှ မကောင်းနိုင်ပါဘူး။ 

Voice : ကျော်ကျော် ကိုယ်တိုင်ရော ဖေ့စ်ဘွတ်ခ်ကို ဘယ်လို ရည်ရွယ်ချက်နဲ့ သုံးဖြစ်လဲ။ 
KK : ဖေ့စ်ဘွတ်ခ်က လူမှုပေါင်းသင်းဆက်ဆံရေးအတွက် သုံးဖို့လိုအပ်တယ်ဆိုပေမယ့် ဘဝတစ်ခုတော့မဟုတ်ဘူး။ ကိုယ့်သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့အတွက် အသုံးချလို့ရတဲ့အရာ တစ်ခုထက်တော့မပိုပါဘူး။ ကိုယ့်ဘဝမှာ ဖေ့စ်ဘွတ်ခ်ထက်ပိုပြီး အရေးကြီးတာတွေက အများကြီးရှိပါတယ်။ အဲဒါကိုတော့ သတိချပ်သင့်ပါတယ်။ ကျွန်တော် ဖေ့စ်ဘွတ်ခ်သုံးဖြစ်တာကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့သုံးဖြစ်တယ်၊ သူငယ်ချင်းတွေတင်တဲ့ Post တွေမှာ စနောက်တဲ့ Comment လေးတွေ ရေးဖြစ်တယ်။ ဒီလောက်ပါပဲ။ ဖေ့စ်ဘွတ်ခ်ကို အချိန်ပြည့် နေ့ရော၊ ညပါ သုံးနေတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ရဲ့ စိတ်အပန်းဖြေစရာ တစ်ခုအနေနဲ့ပဲ ခဏတစ်ဖြုတ်သုံးဖြစ်ပါတယ်။

Voice : အနုပညာအကြောင်းပြီးတော့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးချစ်သူတွေ ဖြစ်နေတယ်လို့  သတင်းထွက်နေတဲ့အကြောင်းလည်း မေးချင်သေးတယ်။ အချစ်ရေးသတင်းက အမှန်ပဲလား။
KK : ကျွန်တော်က ကျန်တဲ့သူတွေနဲ့ဆို အပြင်မှာသိပ်မတွေ့ဖြစ်ဘူး။ သူနဲ့ ကျတော့ အပြင်မှာလည်း တွေ့ဖြစ်တယ်။ သူပါမယ်၊ ညီထွဋ်ခေါင်ပါမယ်၊ တခြားသူငယ်ချင်းတွေလည်းပါမယ်။ ကျွန်တော်တို့ ရုပ်ရှင်တွေဘာတွေလည်း အတူသွားကြည့်ဖြစ်တယ်။ ဖေ့စ်ဘွတ်ခ်မှာဆိုလည်း သူတင်ထားတဲ့ Post တွေမှာ Comment တွေ ဝင်ရေးတယ်၊ Tag တွဲတယ်။ သူနဲ့ ကျတော့ ရင်းနှီးနေတဲ့အတွက် ပြောမနာ၊ ဆိုမနာ ဖြစ်နေတာပေါ့နော်။ တခြားသူတွေကျတော့ ကိုယ်ပြောလိုက်ရင် စိတ်ဆိုးသွားမလားလို့ စိုးရိမ်တာမျိုးရှိတယ်။ ကျွန်တော့်မှာ ရည်းစားရှိလာရင် တရားဝင်ဖွင့်ပြောမှာပါ။ ကျွန်တော်ကလည်း လူလွတ်၊ မြတ်နိုးကလည်း လူလွတ်ဆိုတော့ ရင်းရင်းနှီးနှီးပြောဆိုတဲ့အခါမှာ ပရိသတ်တွေက ချစ်သူတွေလို့ထင်ကြတာပါ။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက်က သူငယ်ချင်းတွေပါ။

သန့်ဇင်ဦး