News

POST TYPE

ENTERTAINMENT

လွှမ်းပိုင်နဲ့ တွေ့ဆုံခြင်း
08-Jul-2018 tagged as အနုပညာ



“ “ကြွေ” ရုပ်ရှင်က “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” လောက် Hot ဖြစ်ချင်မှ ဖြစ်မယ်။ ကျွန်တော်ကတော့ သင့်တင့်လျောက်ပတ်သော အောင်မြင်မှုမျိုးရရင် ကျေနပ်ပါတယ်”

လူငယ်ပရိသတ်ကြိုက် တေးသံရှင်တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ တွေ့ဆုံပြီး ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားအဖြစ် ရုံတင်ပြသမယ့် “ကြွေ”ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်လမ်းအကြောင်း၊ တစ်ကိုယ်တော်ရှိုးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : “ငါ့ကို နမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ရုံမတင်ခင်ကရော ဒီလောက်အထိ အောင်မြင်မှုရလိမ့်မယ်လို့ ထင်ခဲ့လား။
HP : ဒီကားကို စရိုက်တုန်းကတော့ ယုံကြည်မှုရှိပါတယ်။ ငါတို့ လုပ်နိုင်ရင်တော့ ပရိသတ်အားပေးမှု ရမှာပေါ့နော်။ ရိုက်ပြီးသွားတဲ့ အခါကျတော့လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့လည်း ရုံတင်ခါနီး အချိန်ကျတော့ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကားလိုပဲ ကောင်းတဲ့ကားတွေလည်း အများကြီးရှိတယ်လေ။ ပေါက်တဲ့ကားတွေရှိသလို၊ မပေါက်တဲ့ကားတွေလည်းရှိတယ်။ ငါတို့ကားကျရင်ရော အောင်မြင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လည်းရှိပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်နေတော့လေ။ အခုထိလည်း ကိုယ့်ကိုယ်ကိုယ်တော့ အရမ်းယုံကြည်လှတယ် မဟုတ်ပါဘူး။

Voice : စာရေး ဆရာကြီး မင်းလူရဲ့ “ပြောတိုင်းယုံတဲ့ ပုတ်သင်ညို”ဝတ္ထုကို ပြန်ရိုက်တဲ့ “ကြွေ”ရုပ်ရှင် ဇာတ်ကားကလည်း ရုံတင်တော့မယ်နော်။ နာမည်ကြီးဝတ္ထုကို ပြန်ရိုက်တာဆိုတော့ ဘယ်လိုရင်ခုန်မှုရှိလဲ။
HP : “ကြွေ”ရုပ်ရှင်ဇာတ်ကားကိုလည်း ပရိသတ် ရင်ထဲကိုရောက်ဖို့တော့ မျှော်လင့်တာပေါ့နော်။ ဒီဇာတ်ကားရိုက်ရတာ ကျွန်တော့်အတွက်လည်း တာဝန်ကြီးပါတယ်။ ငါ့ကို နမ်းတဲ့ မုန်တိုင်းရုပ်ရှင်မှာကျတော့ ကျွန်တော်ရယ်၊ ရဲရင့်အောင်ရယ် နှစ်ယောက်ပါတယ်။ ဇာတ်ကားကောင်းရင်လည်း ပူးတွဲ ချန်ပီယံဖြစ်မယ်၊ မကောင်းရင်လည်း နှစ်ယောက်လုံးခံရမယ်ပေါ့နော်။ ကိုယ်နဲ့ဆိုးတူ ကောင်းဖက်လေးတစ်ယောက်ရှိတယ်ဆိုတော့ ဘာပဲပြောပြော ကျေနပ်ဖို့တော့ ကောင်းတာပေါ့။ “ကြွေ”ရုပ်ရှင်မှာကျတော့ ကျွန်တော်တစ်ယောက်တည်း ခေါင်းဆောင်နေရာကပါရတယ်။ တကယ်လို့  ဒီကားသာ ပရိသတ်အကြိုက်နဲ့ အစပ်အဟပ်များ မတည့်ခဲ့ရင်ဆိုတဲ့ စိတ်နဲ့ပိုပြီးတော့ စိုးရိမ်ပါတယ်။ ဒီကားလေးရုံတင်ရင်လည်း ပရိသတ်တွေကို ဝန်းရံစေချင်ပါတယ်။

Voice : နာမည်ကြီးဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်တာကို တချို့ပရိသတ်တွေက မကြိုက်ကြဘူး။ ဆရာမင်းလူရဲ့ ဝတ္ထုကိုဖတ်ထားတဲ့ ပရိသတ်တွေကိုရော လွှမ်းပိုင်ဘာပြောချင်သေးလဲ။
HP : ဒီကားထဲမှာ တချို့ ဇာတ်ဝင်ခန်းလေးတွေကိုတော့ ကျွန်တော်တို့ ပြောင်းထားတာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝတ္ထုထွက်ထားတာကလည်း နည်းနည်းကြာသွားပြီ။ ဒီဘက်ခေတ်နဲ့လည်းညီအောင် စကားလုံးလေးတွေ နည်းနည်းပြောင်းထားတာတော့ ရှိပါတယ်။ ဒီကားထဲမှာဆိုရင် ကျွန်တော်တို့ကို ပေးမရိုက်လို့ မရိုက်ခဲ့ရတဲ့ အခန်းတွေရှိပါတယ်။ ဂျက်ဆင်ပေါ်မှာ ညောင်ရွက်သွားခူးတဲ့အခန်းတွေဆိုရင် ကျွန်တော်တို့ကို ပေးမရိုက်ဘူး။ ဂျက်ဆင်ကြီးက ဟောင်းလည်း ဟောင်းနေပြီ၊ ကျိုးကျမှာစိုးလို့၊ အန္တရာယ်ရှိလို့ဆိုပြီး ပေးမရိုက်လို့  တခြားနေရာမှာ ပြောင်းရိုက်ခဲ့ရပါတယ်။ အဲဒီလိုမျိုး အခက်အခဲလေးတွေတော့ရှိပါတယ်။ “ကြွေ”ရုပ်ရှင်က “ငါ့ကိုနမ်းတဲ့ မုန်တိုင်း”လောက် Hot ဖြစ်ချင်မှ ဖြစ်မယ်။ ကျွန်တော်ကတော့ သင့်တင့်လျောက်ပတ်သော အောင်မြင်မှုမျိုးရရင် ကျေနပ်ပါတယ်။ 

Voice : လွှမ်းပိုင်ရဲ့ တစ်ကိုယ်တော်ရှိုးလုပ်မယ်လို့ ပြောထားဖူးတာလည်း ကြာပြီနော်။ ဘယ်တော့လောက် လုပ်ဖြစ်မလဲ။
HP : ကျွန်တော့် One Man Show လုပ်ဖို့ ကတော့ သီချင်းတွေ စောင့်နေတယ်။ ကျွန်တော့်မှာ သီချင်းတွေ မစုံသေးဘူးလို့ ထင်လို့ပါ။ ကျွန်တော့်ရှိုးပွဲမှာ သီချင်းအပုဒ် ၃၀ လောက်ကို အရမ်းပေါက်တယ်ဆိုတဲ့ သီချင်းမျိုးတွေကိုပဲ ကျွန်တော်ဆိုချင်ပါတယ်။ ကျွန်တော့်ပွဲကို ကွင်းပြင်ကြီးတစ်ခုမှာ လူတွေ သောင်းဂဏန်းလောက်ကြီး လာတဲ့ပွဲမျိုးဖြစ်ဖို့အထိလည်း ကျွန်တော် မမှန်းပါဘူး။ ကျွန်တော်ပွဲကို Indoor နေရာတစ်ခုမှာ ရိုးရိုးလေးပဲ ကျွန်တော်လုပ်ချင်တယ်။ ကျွန်တော့် အမာခံပရိသတ်တွေပဲလာပြီးတော့ ကျွန်တော့်သီချင်းကို သူတို့လိုက်ဆိုမယ်။ ကျွန်တော်ကလည်း သူတို့နဲ့ သီချင်းတွေ အတူတူဆိုမယ်။ အဲဒါမျိုးပွဲတွေကို ရန်ကုန်မှာတင်မဟုတ်ဘဲ မြို့တွေအများကြီးမှာ လိုက်လုပ်ချင်ပါတယ်။ အဲ့ဒါလေးကို အကောင်အထည်ဖော်ဖို့ကြိုးစားနေပါတယ်။ 

Voice : ဒီနှစ်ထဲမှာရော သီချင်းသစ်တွေ ဘာတွေထွက်ဖို့ ရှိမလဲ။ တစ်ကိုယ်တော် စီးရီးသစ်ရော ထွက်ဖြစ်မလား။
HP : ကျွန်တော့် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ ခွေသစ်တော့ထွက်နိုင်ဖို့  ကြိုးစားနေပါတယ်။ သီချင်းအသစ်တွေလည်း လုပ်နေပါတယ်။ သီချင်းပုံစံတွေကတော့ အရမ်းကြီး ထူးထူးခြားခြား ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်လုပ်နေကျပုံစံမျိုးတွေပါမယ်။ နောက်ထပ် ကျွန်တော်ဆိုပြချင်တဲ့ သီချင်းပုံစံလေးတွေ နည်းနည်းပါမယ်။ ကျွန်တော့်ပရိသတ်တွေ ကြိုက်တဲ့ပုံစံတွေနဲ့  အရမ်းကြီးကွာဟသွားအောင်တော့ မလုပ်ပါဘူး။ တစ်ကိုယ်တော်ခွေမထွက်ခင်မှာတော့ Single အနေနဲ့ သီချင်းလေးတွေထုတ်ဖို့လည်း စဉ်းစားထားတာရှိပါတယ်။ သေချာတာတော့ ဒီနှစ်ထဲမှာ ကျွန်တော့်ပရိသတ်တွေကို သီချင်းသစ်တွေ ပေးနိုင်မှာပါ။

သန့်ဇင်ဦး