News

POST TYPE

ENTERTAINMENT

အိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံခြင်း
06-Jul-2018 tagged as အနုပညာ

“အူဝဲအနေနဲ့ “ဟစ်တိုင်”လို သက်ငယ်မုဒိမ်း ပညာပေးဇာတ်ကားမျိုးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်”

နာမည်ကျော်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့တွေ့ဆုံပြီး မကြာမီရိုက်ကူးတော့မယ့် “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်လမ်းနဲ့ပတ်သက်တဲ့ ခံစားမှုတွေအကြောင်း၊ သက်ငယ်မုဒိမ်းမှုတွေအပေါ် သူ့သဘောထားအမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရှေ့မှာလည်း တချို့ဇာတ်ကားတွေကို မကြိုက်လို့ငြင်းခဲ့တယ်လို့ ကြားတယ်။ “ဟစ်တိုင်” ရုပ်ရှင်ကိုကျတော့ ဘာကြောင့်လက်ခံဖြစ်တာလဲ။
EDKZ : ရှေ့မှာလာပြောတဲ့ ဇာတ်လမ်းတွေကို ငြင်းခဲ့တယ်ဆိုတာ အခြေအနေ၊ အကြောင်းတရားတွေ မတိုက်ဆိုင်လို့ပါ။ ရိုက်ရက်ညှိလို့ အဆင်မပြေတာရှိသလို၊ ကလေးကျောင်းကိစ္စတွေ ရှိနေတော့ နယ်ထွက်ရိုက်ဖို့ အဆင်မပြေတာကြောင့်ပါ။ ဒီကားရိုက်ဖြစ်သွားတာကတော့ ကလေးတွေ ကျောင်းပိတ်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေလို့ပါ။ ကလေးတွေကျောင်းက ဩဂုတ်လလယ်မှ ဖွင့်မယ်။ ဟစ်တိုင်ရုပ်ရှင်က ဇူလိုင်လထဲမှာ ရိုက်မှာဆိုတော့ နယ်ထွက်ရိုက်လို့ အဆင်ပြေတယ်ပေါ့နော်။ နောက်ပြီး ဇာတ်လမ်းအရမ်းကောင်းလို့ လက်ခံခဲ့တာလည်းပါတယ်။ ဝတ္ထုမှာကတည်းက အရမ်းပေါက်ထားတဲ့ ဇာတ်ဖြစ်တယ်။ ဒီလိုဇာတ်လမ်းကောင်းတစ်ခုမှာ ပါဝင်ဖို့ကမ်းလှမ်းတဲ့ ဒါရိုက်တာဦးဟိန်းစိုးနဲ့ ထုတ်လုပ်သူကို ကျေးဇူးတင်ပါတယ်။ 

Voice : မအူဝဲ သရုပ်ဆောင်ရမယ့် “ဒေါင်းနီ” ဆိုတဲ့ မိန်းမက ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
EDKZ : ဒီကားမှာ ဒေါင်းနီက မဟုတ်မခံစိတ်ရှိတဲ့ မိန်းမတစ်ယောက်ပေါ့။ သူ့ဘဝမှာ သူ့သမီးလေးက အရေးအကြီးဆုံးပဲ။ သမီးကိုချစ်တဲ့ စိတ်နဲ့အရာ အားလုံးကို သူကစွန့်လွှတ်တယ်။ ပြဿနာတွေ ဖြစ်ရင်လည်း သူဝင်ဖြေရှင်းပေးလို့ရရင် ဖြေရှင်းပေးတယ်။ ဒီကားရဲ့ အဓိက အကြောင်းအရာကတော့ သက်ငယ်မုဒိမ်းကို ပညာပေးအနေနဲ့ ရိုက်ပြချင်တာပေါ့။ မိခင်တွေက ကိုယ့်သားသမီးကို လက်လွတ်စပယ်ထားတဲ့ အခါမျိုးမှာ မုဒိမ်းမှုမျိုးတွေ ကြုံရတတ်တယ်ဆိုတာကို ပညာပေးတဲ့အနေနဲ့ ရိုက်ပြမှာပါ။ ဒေါင်းနီက သမီးကို အရမ်းချစ်တယ်၊ မတရားတဲ့ အမှုကို လက်တုံ့ပြန်ချင်တဲ့ မိန်းမပေါ့။

Voice : ဇာတ်လမ်းထဲမှာပါတဲ့ တချို့ဇာတ်ဝင်ခန်းတွေက နည်းနည်းကြမ်းတော့ ဆင်ဆာခွင့်ပြုဖို့ အခက်အခဲရှိမယ်ထင်တယ်နော်။ ဝတ္ထုအတိုင်းပဲ ရိုက်မှာလား။ အပြောင်းအလဲတွေရော လုပ်ထားသေးလား။ 
EDKZ : ဝတ္ထုကတော့ သျှင်မရေးတာပေါ့နော်။ ရုပ်ရှင်ဇာတ်ညွှန်းကိုတော့ ကကြိုးရှင်က ပြန်ရေးထားတယ်။ အူဝဲအနေနဲ့ ဇာတ်ညွှန်းကိုလည်း ဖတ်ပြီးပါပြီ။ အဲဒီမှာတော့ ဝတ္ထုနဲ့အများကြီး မကွာပါဘူး။ တစ်ခုရှိတာက ဝတ္ထုဆိုတာက ဖတ်လို့ကောင်းအောင်ရေးထားတဲ့ အပိုင်းလေးတွေတော့ ပါတာပေါ့နော်။ ရုပ်ရှင်မှာကျတော့ ချုံ့ရတဲ့ အပိုင်းလေးတွေရှိတယ်။ ပိုထည့်လိုက်ရတဲ့ နေရာမျိုးတွေရှိတယ်။ ဟစ်တိုင်မှာတော့ ဝတ္ထုနဲ့ ဇာတ်ညွှန်းက ဇာတ်ကျောရိုး လုံးဝမကွဲပါဘူး။ ၉၅ ရာခိုင်နှုန်းလောက်အထိကို တူတယ်လို့ ပြောလို့ရပါတယ်။ ဝတ္ထုအရသာလည်း သိပ်မပျောက်ပါဘူး။

Voice : ကိုယ်တိုင်လည်း မိခင်တစ်ယောက်ဖြစ်တော့ သက်ငယ်မုဒိမ်း ပညာပေးရုပ်ရှင် ရိုက်ရတဲ့အပေါ် ဘယ်လိုခံစားမှုရှိလဲ။
EDKZ : ဒါကတော့ ဘယ်မိခင်ကိုပဲမေးမေး မခံစားနိုင်တဲ့ဖြစ်ရပ်တစ်ခုပါ။ အူဝဲအနေနဲ့ “ဟစ်တိုင်”လို သက်ငယ်မုဒိမ်းပညာပေး ဇာတ်ကားမျိုးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ အကောင်းဆုံးလည်း သရုပ်ဆောင်သွားမှာပါ။ သက်ငယ်မုဒိမ်းမှုတွေ နောက်ထပ်မဖြစ်ရအောင်၊ ဒါမျိုးမလုပ်မိအောင် ဘယ်လိုပုံစံနဲ့ သွားမလဲပေါ့နော်။ အဲဒါလေးတစ်ခုကိုတော့ ထိထိရောက်ရောက် ဖြစ်စေချင်တယ်။ အူဝဲဆို ဆရာမသျှင်မရေးထားတဲ့ “ဟစ်တိုင်” ဝတ္ထုကို ဖတ်ကတည်းက အဆုံးအထိ တောက်လျှောက်တစ်ခါတည်း ဖတ်လို့မရဘူး။ သက်ငယ်မုဒိမ်းအကြောင်း ရေးထားတာဆိုတော့ ဖတ်ရင်းနဲ့ ရင်ဘတ်ထဲမှာ အလုံးကြီးဆို့လာသလို ခံစားရလို့ ဝတ္ထုကို ပြန်ပြန်ချထားရတယ်။ စိတ်လေး နည်းနည်းကြည်လာတော့မှ ပြန်ဖတ်ရတယ်။ 

Voice : ဒီကားမှာ လုပ်ရမယ့်အက်တင်တွေက “ရင်ဘတ်ထဲကဓား” ရုပ်ရှင်တုန်းကထက် ပိုပင်ပန်းမယ်ထင်တယ်နော်။
EDKZ : ဒီကားမှာ အူဝဲသရုပ်ဆောင်ရမယ့် ဒေါင်းနီဆိုတဲ့ မိန်းမရဲ့ စိတ်ဓာတ်နဲ့ လှုပ်ရှားမှုတွေ အကုန်လုံးက နည်းနည်းကြမ်းတယ်။ နယ်မှာနေတဲ့ မိန်းမတစ်ယောက်ပေါ့နော်။ ရင်ဘတ်ထဲက ဓားတုန်းက ကာရိုက်တာနဲ့တော့ လုံးဝမတူဘူး။ ရင်ဘတ်ထဲက ဓားမှာတော့ ပညာတတ်မိန်းမတစ်ယောက်ရဲ့ ပုံစံပေါ့။ ဒေါင်းနီကကျတော့ အမှန်တရားဘက်က ရပ်တည်တဲ့ မိန်းမတစ်ယောက်၊ သူ့သမီးလေးကိုလည်း အရမ်းချစ်တယ်။ သမီးလေးက မုဒိမ်းမှုကျူးလွန်ခံရတဲ့အခါမှာ ပြန်ပြီးတော့ လက်စားချေတာဆိုတော့ ဒေါင်းနီရဲ့ စိတ်ဓာတ်နဲ့ လှုပ်ရှားမှုတွေကတော့ နည်းနည်းပြင်းထန်မယ်။ အဲဒါကြောင့် အက်တင်လုပ်ရတာ နည်းနည်းတော့ ပင်ပန်းမယ်။

သန့်ဇင်ဦး