News

POST TYPE

ENTERTAINMENT

ဒေါင်းနဲ့ တွေ့ဆုံခြင်း
13-Jun-2018 tagged as အနုပညာ



“ဒီကာရိုက်တာနှစ်ခုအပေါ်မှာ ကျွန်တော် ဘယ်လောက်အထိ စိတ်နှစ်ပြီးကြိုးစားခဲ့လဲဆိုတာကို ဦးကျော်သူလည်း သိပါတယ်” 

လူငယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဒေါင်းနဲ့တွေ့ဆုံပြီး ယခုလအတွင်း ရိုက်ကူးမယ့် “ဒဏ္ဍာရီမိုး” ရုပ်ရှင်အကြောင်း၊ မကြာမီထုတ် လွှင့်ပြသတော့မယ့် “ပုဂံမြို့သူ” ဇာတ်လမ်းတွဲအကြောင်းနဲ့ မွေးနေ့မှာ ထူးအောင်က နမ်းတဲ့ ပုံတက်လာတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ရဲတိုက်၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နဲ့ တွဲဖက်သရုပ်ဆောင်ရမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်းကနေစပြီး ပြောပြပေးပါဦး။
D : ဒီရုပ်ရှင် ဇာတ်ကားမှာ ပါဝင်ဖို့ ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အချိန်မှာ ဇာတ်လမ်းလေးကို ဖတ်ကြည့်တယ်။ ကျွန်တော် သဘောကျတဲ့ အတွက် လက်ခံဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်ရ မယ့် ကာရိုက်တာကလည်း ကျွန်တော် မလုပ်ဖူး တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ ကျွန်တော့် ကာရိုက်တာက သူဌေးသား၊ ဂျစ်ကန်ကန်ပုံစံမျိုးပေါ့။

Voice : ဒီကားမှာ ကိုယ့်လိုပဲ ဆာတိုရီ ထုတ်လုပ်ရေး ရဲ့ စင်တင်မင်းသားဖြစ်တဲ့ ရဲတိုက်နဲ့ ပထမဆုံး စဆုံမှာဆိုတော့ ဘယ်လိုခံစားမှုရှိလဲ။
D : ဒီကားမှာ ပါဝင်တဲ့သူတွေ အကုန်လုံးက အကောင်းဆုံးလုပ်ချင်တဲ့သူတွေချည်းပဲဆိုတော့ ရိုက်ရမှာ ရင်ခုန်ပါတယ်။ ဒီဇာတ်ကားမှာလည်း အပေးအယူမျှတစွာ သရုပ်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ ကြည့်တဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ခံစားမှုတစ်ခုခုရသွားအောင် ကြိုးစားကြမှာပါ။ ကိုရဲတိုက်နဲ့ကတော့ ဟိုးအရင်တုန်းကတည်းက ကားရိုက်တွေမှာ ဆုံချင်ခဲ့တာပါ။ အခုပထမဆုံး တွဲရိုက်ရတော့မယ့်အတွက်လည်း ဝမ်းသာပါတယ်။

Voice : ဒေါင်းရဲ့ ပထမဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “ပုဂံမြို့သူ” ကလည်း မကြာခင် ကြည့်ရတော့မယ်လို့ ကြားတယ်နော်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။
D : ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာတော့ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကြိုးစားခဲ့တယ်။ အခက်အခဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ အဲ့ဒီအခက်အခဲတွေကို ပါဝင်တဲ့သူတွေအကုန်လုံး အတူတူကြိုးစားပြီးတော့ ကျော်ဖြတ်ခဲ့ကြတယ်။ ဇာတ်လမ်းတွဲကို ကြည့်လိုက်ရင်တော့ ကျွန်တော်တို့ ကြိုးစားထားတာတွေကို ပရိသတ်တွေ မြင်တွေ့ရမှာပါ။

Voice : ကိုယ်သရုပ်ဆောင်ခဲ့ရတဲ့ ကာရိုက်တာကရော ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။
D : ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်က ဘဝနှစ်ခုကို သရုပ်ဆောင်ရတာဆိုပေမယ့် လုံးဝမတူအောင် ကွဲပြားခြားနား သွားတာမျိုးလည်း မဖြစ်ချင်ဘူး။ အဲ့ဒီဘဝကလည်း သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ဘဝ ဖြစ်နေတယ်။ အဲ့ဒါကြောင့် ကျွန်တော် ယုံကြည်တဲ့ ပုံစံလေးအတိုင်း သရုပ်ဆောင်ထားတယ်။ သေချာကြည့်ရင်တော့ ပရိသတ်တွေ တွေ့ပါလိမ့်မယ်။ ပုံမှန်ကြည့်ရင်တော့ အတိတ်ဘဝနဲ့ လက်ရှိဘဝနှစ်ခုက တစ်ခုခုကွဲလွဲနေတာမျိုး တွေ့လိမ့်မယ်။ ကျွန်တော့်ကို ပိုချစ်တဲ့သူတွေဆိုရင်တော့ ပိုပြီးသိလိမ့်မယ်။ 

Voice : ဒီဇာတ်လမ်းတွဲမှာ ဒေါင်းသရုပ်ဆောင်ရတဲ့ ကာရိုက်တာနှစ်မျိုးက ဘယ်လိုပုံစံတွေလဲ။
D : ဒီဇာတ်လမ်းတွဲမှာတော့ ကျွန်တော်က အတိတ်ဘဝမှာတော့ မင်းညီမင်းသားပုံစံမျိုးပေါ့၊ လက်ရှိဘဝမှာတော့ အနုပညာခံစားချက် ပြင်းထန်တဲ့ လူငယ်တစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းကိုအရင်က ရိုက်ခဲ့ဖူးတဲ့ ဦးကျော်သူကလည်း ကျွန်တော့်ကို ဘာတစ်ခုမှ ပြန်မပြောဘူး။ သူက အသစ်လိုချင်တဲ့သူဆိုတော့ ကျွန်တော့်ပုံစံအတိုင်း သရုပ်ဆောင်စေတယ်။ သူအတွက် ကျွန်တော်က အသစ်မဖြစ်မှာကို စိုးရိမ်တယ်။ ဒီကာရိုက်တာနှစ်ခုအပေါ်မှာ ကျွန်တော်ဘယ်လောက်အထိ စိတ်နှစ်ပြီး ကြိုးစားခဲ့လဲဆိုတာကို ဦးကျော်သူလည်း သိပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အားရပါတယ်။ 

Voice : ရိုက်ကွင်းမှာ ဒေါင်းရဲ့ မွေးနေ့ကြုံတုန်းက တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ ထူးအောင်က ဒေါင်းကိုနမ်းတဲ့ ဓာတ်ပုံတက်လာသေးတဲ့ အပေါ်ကိုရော ဘာပြောချင်သေးလဲ။
D : အဲ့ဒါနဲ့ ပတ်သက်လို့ကတော့ ဘာမှ သိပ်ရှင်းစရာမရှိပါဘူး။ ထင်နဲ့လူရှိမယ်၊ မြင်တဲ့ လူရှိမယ်။ ဘာမှ ကြီးကြီးကျယ်ကျယ် ပြောစရာ မရှိပါဘူး။ ဒါကတော့ ကျွန်တော့် မွေးနေ့မှာတုန်းက တစ်ယောက်ကို တစ်ယောက် စနောက်ပြီးတော့ ပြောကြတဲ့ စကားရှိတယ်။ ဦးမောင် (ကျော်သူ) ကအစပါတယ်။ မင်းမွေးနေ့ကျရင် မင်းကို ဖက်နမ်းမှာဆိုပြီး အကုန်လုံးက စနေကြတာပါ။ နမ်းပေါ့ဘာဖြစ်လဲ ယောကျာ်းချင်းပဲဆိုပြီး ကျွန်တော်က ပြန်ပြောတယ်။ ပုဂံမြို့သူရိုက်တဲ့ လေးလအတွင်းမှာ ဒီလူတွေအကုန်လုံးက မိသားစုတွေလို ဖြစ်နေကြတာကိုး၊ အဲဒီအခါကျတော့ တစ်ယောက်ကို တစ်ယောက်ချစ်ခင်တဲ့စိတ်၊ လေးစားတဲ့စိတ်နဲ့ တုံ့ပြန်ကြတာဆိုတော့ နွေးထွေးပါတယ်။ မေတ္တာတွေလည်းပြည့်ဝပါတယ်။ အဲ့ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။

Voice : တစ်လောက ဘုန်းကြီးဝတ်လိုက်သေးတယ်နော်။ ဘုန်းကြီးဝတ်ပြီးတဲ့အချိန်မှာ ဘယ်လောက်အထိ စိတ်ငြိမ်းချမ်းမှု ရခဲ့လဲ။
D : ကျွန်တော် ဘုန်းကြီးဝတ်ဖြစ်တာကတော့ ဗုဒ္ဓဘာသာမှာ ကျွန်တော်တို့ မသိသေးတာတွေ အများကြီးပါပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်တော်သိချင်တာလေးတွေ၊ နားလည်ချင်တာလေးတွေ၊ သိသင့်တဲ့ အခြေခံအချက်အလက်တွေကို လေ့လာသင်ယူချင်တယ်။ သိချင်တယ်။ ထိတွေ့ချင်တယ်။ အဲ့ဒါကြောင့် ဘုန်းကြီးဝတ်ဖြစ်ခဲ့တာပါ။ ကျွန်တော့်ရဲ့စိတ်လည်း တော်တော်ငြိမ်းချမ်းမှုရခဲ့ပါတယ်။

သန့်ဇင်ဦး