News

POST TYPE

ENTERTAINMENT

သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခြင်း
07-Jun-2018

နာမည်ကျော် သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်း၊ မင်းသမီး အပြိုင်ဇာတ်တွေ မရိုက်ချင်တော့တဲ့အကြောင်းနဲ့၊ ဖေ့စ်ဘွတ်ခ်မှာတင်တဲ့ ဓာတ်ပုံတွေကို ဝေဖန်ကြတာနဲ့ပတ်သက်ပြီး သူ့ခံစားမှုတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သင်ဇာ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
TZWK : လတ်တလောကတော့ အန်ကယ်လေး (လူမင်း) ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ “မရှိမကောင်း၊ ရှိမကောင်း”ဆိုတဲ့ ဗီဒီယိုကားလေး ရိုက်ထားပါတယ်။ မင်းသားသစ်လေး အိုင်မင်းကို စင်တင်တဲ့ဇာတ်ကားပါ။ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့ ပြောထားတာရှိတယ်။ ရုပ်ရှင်ကားကြီးတွေကကျတော့ မင်းသမီး သုံးယောက်အပြိုင်သရုပ်ဆောင်ရမှာမျိုး ဖြစ်နေတော့ သင်ဇာလည်း သိပ်မရိုက်ချင်တော့ဘူး။ ဒါမျိုးတွေက ရှေ့မှာလည်း ကိုယ်အများကြီး ရိုက်ခဲ့ပြီးပြီ။ ကိုယ်ရင်ခုန်တဲ့ဇာတ်လမ်းမျိုးကိုပဲ နောက်ပိုင်းမှာ ရိုက်တော့ဖို့ စဉ်းစားထားတယ်။ မင်းသမီး အပြိုင်ဇာတ်တွေ သင်ဇာ ငြင်းလိုက်တာ နှစ်ကားလောက်တော့ ရှိတယ်။ သင်ဇာ့ ပရိသတ်တွေကလည်း အပြိုင်ဇာတ်တွေ မရိုက်စေချင်တော့ဘူးလို့ ပြောကြတယ်။

Voice : မင်းသမီးအပြိုင် ဇာတ်တွေ မရိုက်ချင်တော့တာက ကိုယ့်အတွက် လုပ်ကွက် သိပ်မရမှာ စိုးလို့လား။
TZWK : အဓိကကတော့ ကိုယ်တိုင်လည်း မရိုက်ချင်တော့လို့ပါ။ ကိုယ်လုပ်ကွက်ရတဲ့ ဇာတ်ကားမျိုးမှပဲ ရိုက်ချင်တော့တယ်။ သင်ဇာက အားနာတတ်တယ်။ တစ်ခါတလေကျရင် ကိုယ်နဲ့ ရင်းနှီးတဲ့ ရှူတင်မန်နေဂျာနဲ့ ပရိုဂျူဆာတွေက ရိုက်ပေးပါလား၊ နှစ်ရက်စာ သုံးရက်စာလောက်ပါပဲလို့ အကူအညီ တောင်းလာရင် ရိုက်ပေးဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ဒါမျိုးတွေက ကိုယ့်အတွက် မိုင်းနပ်စ်ပြလာတော့ ကိုယ့်အတွက်ကိုယ် စဉ်းစားရတာပေါ့။ ပရိသတ်တွေအတွက်လည်း စဉ်းစားရတယ်။ ကိုယ်က သူတို့ရဲ့ Queen ပဲလေ။ သူတို့က အရမ်း အားထားပြီး အားပေးကြတာဆိုတော့ ကိုယ်က သူတို့ရဲ့ Idol ပဲ။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တိုင်း၊ ကိုယ်အားရကျေနပ်တာမျိုးပဲ ဖြစ်စေချင်တယ်။ အလုပ်တွေကို အများကြီး မလုပ်တော့ဘူး။ သေချာစိစစ် ရွေးချယ်ပြီးမှပဲ လုပ်ပါတယ်။

Voice : တစ်လောက ကော့သောင်း ခရီးစဉ်မှာ Two Piece နဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေက တော်တော်လှတယ်နော်။ ခရီးစဉ် အတွေ့အကြုံလည်း ပြောပြပေးပါဦး။
TZWK : ကော့သောင်း ခရီးစဉ်က MTV သွားရိုက်ရင်းနဲ့ သွားဖြစ်ခဲ့တာပါ။ ကော့သောင်းဘက်က အရမ်းလည်းလှတယ်။ ကိုယ်ကိုယ်တိုင်သွားမယ်ဆိုရင် ဒီတစ်နှစ်၊ နှစ်နှစ်အတွင်း မရောက်ဖြစ်လောက်သေးဘူး။ အလုပ်ကိစ္စနဲ့ တိုက်ဆိုင်လို့သာ ရောက်ဖြစ်ခဲ့တာပါ။ ခရီးသွားရင်းနဲ့ ဓာတ်ပုံရိုက်ရတာလည်း အရမ်းပျော်တယ်။ ကိုယ် မရောက်ဖူးတဲ့နေရာလည်း ဖြစ်နေတော့ ဓာတ်ပုံတွေ များများ ရိုက်ဖြစ်တယ်။ ကိုယ့်ပရိသတ်တွေ ကြည့်ရအောင်လို့ ဖေ့စ်ဘွတ်ခ်မှာ တင်ပေးဖြစ်ခဲ့တယ်။ ဘီကီနီနဲ့ဝတ်ပြီး ရိုက်တာကတော့ တမင်သက်သက် ဝတ်ရိုက်တာ မဟုတ်ဘူး။ MTV ရိုက်တော့ ဘီကီနီ ဝတ်ရတဲ့အတွက် ကြုံလို့ရိုက်ဖြစ်သွားတာပါ။ သီးသန့်ကြီး ဝတ်ပြီးရိုက်ခဲ့တာ မဟုတ်ပါဘူး။

Voice : ဖေ့စ်ဘွတ်ခ်မှာ ကိုယ်တင်တဲ့ ဓာတ်ပုံတွေကို အားပေးတဲ့သူတွေ ရှိသလို၊ ဝေဖန်ကြတဲ့သူတွေရှိတဲ့အပေါ်ကိုရော ဘယ်လိုခံစားမှုရှိလဲ။
TZWK : ဖေ့စ်ဘွတ်ခ်မှာ ပုံတင်တယ်ဆိုတာက သင်ဇာ့အလုပ် သင်ဇာ လုပ်တာပေါ့နော်။ ကိုယ်က သမ္မာအာဇီဝကျကျ ရှာစားတယ်။ အနုပညာ အလုပ်လုပ်နေတဲ့အတွက် ဒီလိုမျိုးပုံလေးတွေ ရိုက်ဖြစ်တယ်၊ တင်ဖြစ်တယ်ဆိုတော့ သင်ဇာ မရှက်ပါဘူး။ ကိုယ့်ကို ဘယ်လိုမျိုးပဲ ပြောပြောပါ။ ကိုယ်က သမ္မာအာဇီဝနဲ့ ရှာစားနေတာဆိုတော့လေ။ ဘယ်လိုမျိုးပဲ ကိုယ့်ကို သမုတ်သမုတ် မရှက်ဘူး။ ကိုယ်သည် ဖြူစင်စွာ လုပ်ကိုင်ရှာဖွေစားသောက် နေတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ အကောင်းပြောတဲ့သူတွေကိုလည်း ချစ်ပါတယ်၊ အဆိုးပြောတဲ့သူတွေကိုလည်း ချစ်ပါတယ်။ အားလုံးအပေါ်လည်း သင်ဇာ မေတ္တာထားပါတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ငါ့ကိုဒီလို ပြောလိုက်လေခြင်းဆိုတဲ့ စိတ်နဲ့ အကုသိုလ်တွေ မဖြစ်တော့ဘူး။

Voice : ကိုယ်သွားချင်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာပဲ အာရုံစိုက်ပြီး သွားတဲ့အတွက် သင်ဇာ့စိတ်တော့ လွတ်လပ်ပေါ့ပါးမှာပေါ့။
TZWK : ဘဝဆိုတာက တိုတိုလေးပါ။ ကိုယ်နေခွင့်ရတဲ့ အချိန်ခဏလေးအတွင်းမှာ ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိစွာပဲ ဖြတ်သန်းချင်တယ်။ လူတိုင်းကိုလည်း ကိုယ်ကကောင်းပါတယ်ဆိုပြီး သက်သေပြနေဖို့မလိုဘူး။ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ လိုပါတယ်။ ကောင်းအောင်နေပြပြီးတော့ ငါဟာ ကောင်းတဲ့မိန်းမတစ်ယောက် ဖြစ်ပါတယ် ဆိုတာမျိုးလည်း သင်ဇာ မလုပ်ပြချင်ဘူး။ ကိုယ့်ဘဝကို ကိုယ့်စိတ်ထဲရှိသလို၊ ရင်ထဲမှာရှိသလို၊ အရှိကို အရှိအတိုင်းပဲ ဖြတ်သန်းတယ်။ လူ့ဘဝလေးက တိုတိုလေးပါ။ နောက်မှ ငါမလုပ်ခဲ့ရလေခြင်းဆိုတဲ့ နောင်တမျိုးရမှာ သင်ဇာ အရမ်းကြောက်တယ်။ အဲ့ဒါကြောင့် လုပ်စရာရှိတာကို အချိန်ရှိတုန်း၊ အခွင့်အရေးရှိတုန်းမှာ လုပ်ပါတယ်။

သန့်ဇင်ဦး