News

POST TYPE

ENTERTAINMENT

ရွှေမှုံရတီနဲ့ တွေ့ဆုံခြင်း
06-Jun-2018


“ဘဝတစ်ခု မဟုတ်တဲ့ဟာကို ဘဝတစ်ခုကြီးလို ခံစားနေရအောင် သဲလည်းကလေးမဟုတ်တော့ဘူး”

နာမည်ကျော် သရုပ်ဆောင် ရွှေမှုံရတီနဲ့ တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “ဧည့်သည်” ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဝိတ်ချဖြစ်တဲ့အကြောင်းနဲ့ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားအကြောင်းကနေစပြီး ပြောပြပေးပါဦး။
SMYT : ဒီကားမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ ကိုဖြိုးငွေစိုး၊ ကိုရွှေထူး၊ မနေခြည်ဦးနဲ့ ညီမပါပါတယ်။ ဒါရိုက်တာကတော့ ဦးညွှန့်မြန်မာညီညီအောင်ပါ။ ညီမရဲ့ ကာရိုက်တာကတော့ အသက် ၂၀ ကျော် လူငယ်ကောင်မလေးပေါ့။ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကလာတော့ ဂျစ်ကန်ကန်နဲ့ ဆိုးတယ်ပေါ့။ ဒီလို ဇာတ်လမ်းပုံစံမျိုးကတော့ ညီမမရိုက်ဖူးသေးဘူး။ ဆိုးတာ၊ ဂျီကျတာမျိုးကတော့ လုပ်ဖူးတယ်။ ဒီကားကကျတော့ ကိုယ်အရမ်းချစ်တဲ့၊ ကိုယ်နဲ့ယူမယ့် လူက ကိုယ့်ကို ဂရုမစိုက်တဲ့အတွက် အရွဲ့တိုက်တော့ တခြားတစ်ယောက်နဲ့ ငြိသွားတာပေါ့။ လူငယ်အချစ် ဇာတ်ကားလေးပါပဲ။

Voice : လူငယ်တွေရဲ့ Relationship မှာ သတိထားရမယ့် အချက်လေးတွေပါတယ်လို့ ရွှေထူးကို မေးတုန်းကပြောဖူးတယ်။
SMYT : ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ညီမမြင်တာကတော့ အချစ်ရေးမှာ လူတစ်ယောက်ကို မကစားသင့်ဘူး။ သူတင်ရင်နာရတာမဟုတ်ဘူး၊ ကိုယ့်ရင်လည်း နာရတယ်ဆိုတာကို ရိုက်ပြထားတာပါ။ လူတစ်ယောက်ကို မကစားသင့်ဘူးပေါ့။ အချစ်ဆိုတဲ့အရာက လေးနက်တယ်ဆိုတာကို ပြထားတာပါ။ ဒီဇာတ်ကားမှာတော့ အဂေါ်တစ်လိုင်းဆိုတော့ ဂေါ်ဂေါ်လေးနဲ့ သရုပ်ဆောင်နေပါတယ်။ ကောင်မလေးက ဆိုရှယ်ကျတဲ့ ကောင်မလေးဆိုတော့လေ။ 

Voice : ကိုယ်အလေးချိန် ပေါင် ၂၀ ကျော် ချလိုက်တယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားတာ တွေ့တယ်။ ဘာကြောင့် ဝိတ်ချဖြစ်တာလဲ။
SMYT : ညီမက ပေါင် ၂၀ ကျော်လောက်တောင် ဝိတ်ချထားတာပါ။ အဲ့ဒါကို ပွဲမှာတွေ့တဲ့အချိန်မှာ သူများတွေက သဲဝလာတာလားလို့မေးတော့ အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ သဲဘဝမှာ ဆိုက်ကို အဝင်ဆုံးအရာက ပိန်တဲ့၊ ဝတဲ့ကိစ္စပဲ။ ဝိတ်ချဖို့အတွက် အစားအသောက် လျှော့တယ်။ အားကစား နည်းနည်းပါးပါးလုပ်တယ်။ ဝိတ်ကို တက်မလာအောင် လုံးဝထိန်းထားတဲ့သူကို ဝလာတယ်လို့ပြောတဲ့အချိန်မှာ အရမ်းစိတ်မကောင်း ဖြစ်သွားတယ်။

Voice : ပေါင် ၂၀ ကျော်တောင် ဝိတ်ချဖို့အတွက်ကျတော့ ဘာတွေလုပ်ခဲ့ရလဲ။
SMYT : ဝိတ်ကျဖို့အတွက်ကတော့ သဲအစားအသောက်ရှောင်ရတယ်။ ထမင်းစားတာ လျှော့တယ်။ အိပ်ချိန်ကို မှန်အောင်အိပ်ပြီးတော့ စားတာကို လျှော့တယ်။ အသီးအရွက်နဲ့ အသီးတွေ များများစားတယ်။ သဲဝိတ်ချတယ်ဆိုတာကလည်း နောက်ရိုက်မယ့် ကားက ကာရိုက်တာအတွက်ချတာပါ။ နောက်ရိုက်မယ့်ကားလေးကလည်း ပိန်မှ ဂေါ်မှာဆိုတော့ ဝိတ်ချလက်စနဲ့ တစ်ခါတည်း ဆက်ချလိုက်တာပါ။ 

Voice : သဲက Single ဖြစ်သွားတော့မှ ပိုပြီး လွတ်လပ်ပေါ့ပါးလာတာလည်း တွေ့ရတယ်။ အဲ့ဒါကရော ဘာကြောင့် ဖြစ်မလဲ။
SMYT : သဲအတွက်က အချစ်ထက် အရေးကြီးတာတွေ ဘဝမှာ အများကြီး ရှိပါသေးတယ်။ ဘဝတစ်ခု မဟုတ်တဲ့ဟာကို ဘဝတစ်ခုကြီးလို ခံစားနေရအောင်သဲလည်း ကလေးမဟုတ်တော့ဘူး။ အချစ်ထက် အရေးကြီးတာတွေ သဲမှာ အများကြီးရှိသေးတယ်။ အဲ့ဒါကြောင့်မို့ အဲ့ဒါတွေကို ခဏခေါက်ထားလိုက်တယ်။ သဲမှာအလုပ်ကိစ္စတွေ ရှိသေးတယ်။ မိသားစုကိစ္စတွေလည်း ရှိသေးတယ်လေ။

Voice : တချို့မိန်းမတွေအတွက် အချစ်ကဘဝရဲ့အစိတ်အပိုင်းတစ်ခုဆိုပေမယ့်၊ တချို့ကကျတော့ ဘဝတစ်ခုလုံးစာ ခံစားကြတာတွေ ရှိတယ်။ သဲရဲ့ ခံယူချက်ကရော ဘယ်လိုရှိလဲ။
SMYT : သဲက အချစ်ဆိုတဲ့ အရာကို မိသားစုနဲ့ပတ်သက်ပြီးတော့ ပိုပြီး လိုလားပါတယ်။ မိသားစုဆီက ချစ်ခြင်းမေတ္တာကို ပိုပြီးတော့ လိုချင်တယ်။ သဲကကျတော့ အသက် ၁၃ နှစ်လောက်ကတည်းက အလုပ်တွေ စလုပ်ခဲ့ရတယ်။ အမေတို့နဲ့လည်းအလုပ်မှာပဲ စကားပြောဖြစ်တယ်။ အိမ်ရောက်ရင်လည်း ပင်ပန်းနေတော့ ဘယ်သူနဲ့မှ စကားမပြောဖြစ်ဘူး။ မိသားစုရဲ့ နွေးထွေးမှုလေးကို သဲအလုပ်လုပ်လာတဲ့ ၆ နှစ်ကျော်မှာ မရခဲ့ဘူး။ အဲ့ဒါကို သဲကပိုပြီးတော့ တန်ဖိုးထားတယ်။ ပိုပြီးတော့ လိုချင်တယ်။ အခုနောက်ပိုင်းမှာ အလုပ်ကလေးတွေ နည်းနည်းလျှော့ပြီး မိသားစုကို ပိုပြီးအချိန်ပေးဖြစ်ပါတယ်။

Voice : သဲ ခံယူထားတဲ့ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကရော ဘယ်လိုမျိုး ဖြစ်မလဲ။
SMYT : အချိန်တန်လို့ရှိရင် သဲလည်း အရွယ်ရောက်လာရင် အိမ်ထောင်ကျမှာပဲလေ။ အဲ့ဒီကျရင် သဲမှာလည်း မိသားစုတစ်ခုဖြစ်လာမယ်။ အဲ့ဒီကျမှပဲ နောက်ထပ်ဘဝတစ်ခုကို ချိန်းပြီးတော့ အချစ်ဆိုတဲ့ အရာကို ပြန်တည်ဆောက်ရမှာပေါ့နော်။ အခုကတော့ သဲအတွက်က ရည်းစားထားတာတို့ ချစ်သူထားတာတို့က ဘဝမှာအပျော်တစ်ခုပါပဲ။ ကိုယ့်ရဲ့စိတ်ကျေနပ်မှုတစ်ခုပေါ့။ ဒီလူနဲ့စကားပြောရတာပျော်တယ်၊ ဒီလူနဲ့ လျှောက်သွားရတာ ပျော်တယ်ဆိုတဲ့ စိတ်ကျေနပ်မှုလေးတွေကို လူငယ်လို ခံစားပြီးပျော်တဲ့ အခိုက်အတန့်လေးပါပဲ။ တကယ့်ဘဝ တစ်ခုဆိုတာတော့ မိသားစုဘဝတစ်ခုကို တည်ဆောက်ပြီးတော့မှ ရမယ်ထင်တယ်။ အခုချိန်မှာတော့ သဲကတော့ စိတ်ကစားတယ်လို့ပဲ မြင်ပါတယ်။

သန့်ဇင်ဦး