News

POST TYPE

ENTERTAINMENT

စိုးမြတ်သူဇာနဲ့ တွေ့ဆုံခြင်း
04-Jun-2018



“မကြီးရိုက်ခဲ့တဲ့ဇာတ်ကားတွေထဲမှာတော့ ကောင်းတဲ့ဟာလေးတွေလည်း ရှိတယ်။ သိပ်မကောင်းတဲ့ဟာတွေလည်း ရှိတယ်” 

နာမည်ကျော် ဝါရင့်သရုပ်ဆောင် စိုးမြတ်သူဇာနဲ့တွေ့ဆုံပြီး ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “စိန်ယောက်မ” ရုပ်ရှင်ဇာတ်ကားဂယက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများနဲ့ အမှတ်တရများအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဒီလထဲ ရုံတင်တော့မယ့် “စိန်ယောက်မ” ရုပ်ရှင်က ဒါရိုက်တာဟိန်းစိုး ရိုက်ခဲ့တဲ့ “ယောက်မရေ သူငယ်ချင်း” ဇာတ်ကားကို ခွင့်မတောင်းဘဲ ပြန်ရိုက်တယ်ဆိုပြီး သတင်းထွက်လာတဲ့အကြောင်းကနေစပြီး ပြောပြပေးပါဦး။
SMTZ : စိန်ယောက်မ ရုပ်ရှင်က အရင်ကားဟောင်းကို ပြန်ရိုက်တယ်ဆိုပြီး ပြောကြတာကို မကြီးလည်း ကြားပါတယ်။ အရင်ရိုက်တဲ့သူတွေကို မပြောဘဲ ရိုက်တယ်ဆိုပြီး ပြောကြတယ်။ အမှန်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ မကြီးတို့ရိုက်တဲ့ စိန်ယောက်မက ယောက်မဆိုတဲ့ နာမည်လေးပဲတူတာပါ။ ကျန်တဲ့ဟာက အရင်ကားနဲ့ ဇာတ်လမ်းလည်းမတူဘူး၊ Plot တွေလည်း မတူပါဘူး။ ဇာတ်လမ်းရဲ့ အခြေခံသဘောတရားကတော့ ယောက်မတစ်ယောက်နဲ့ အစ်မနှစ်ယောက်ရဲ့ဇာတ်ပေါ့နော်။ အရင်တုန်းကလည်း အဲ့ဒီလို ဇာတ်ပါပဲ။ ဒါပေမဲ့ ဇာတ်ကားထဲမှာပါတဲ့ အဆာပလာတွေကတော့ မတူပါဘူး။ 

Voice : “ယောက်မရေ သူငယ်ချင်း” ဇာတ်ကားတုန်းကလည်း ကိုယ်တိုင်ပါဝင်ခဲ့ရတာဆိုတော့ “စိန်ယောက်မ”ကရော ဘယ်လို မတူကွဲပြားတဲ့ရသမျိုး ပေးနိုင်မလဲ။
SMTZ : မကြီးတို့ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေ မှန်သမျှက ဇာတ်လမ်းဖရိန်တွေအကုန်တူကြပါတယ်။ ရှင်းရှင်းပြောရရင် ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက ဇာတ်လမ်းတွေချည်းပါပဲ။ နိုင်ငံခြားဇာတ်ကားတွေမှာလည်း တချို့ကားတွေက ဆင်တူတာရှိပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းတည်ဆောက်ပုံ၊ ဖွဲ့စည်းပုံ၊ ပုံသဏ္ဌာန်တွေက သူ့ Version နဲ့သူ ပြန်ရိုက်တော့ မတူကြတော့ဘူးပေါ့။ သမီးယောက်မတို့၊ ယောက္ခမတို့လို ဇာတ်လမ်းမျိုးတွေကလည်း ဖြစ်လေ့ဖြစ်ထရှိတာပဲလေ။ မကြီးတို့ အခုရိုက်ထားတဲ့ စိန်ယောက်မရုပ်ရှင်ကလည်း ရသအသစ်တစ်မျိုး ပေးနိုင်မှာပါ။

Voice : “ယောက်မရေ သူငယ်ချင်း”နဲ့ မတူတဲ့ ဇာတ်လမ်းဇာတ်ကွက် အပြောင်းအလဲတွေက ဘာတွေ ဖြစ်မလဲ။
SMTZ : အရင်မကြီးတို့ရိုက်ခဲ့တဲ့ ဇာတ်ကားတုန်းကတော့ Plot တွေက တစ်မျိုးပေါ့နော်။ စိန်ယောက်မ ရုပ်ရှင်မှာကျတော့ ဒီဘက်ခေတ်နဲ့လိုက်အောင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်ကွက်လေးတွေ ထည့်ထားပါတယ်။ ဇာတ်လမ်းက အရင်ကားနဲ့ တော်တော်များများကွာပါတယ်။ ဇာတ်သိမ်းပိုင်းဆိုလည်း မတူဘူး။ ဒါပေမဲ့ ယောက်မနဲ့ မောင်နဲ့ ဇာတ်လမ်းကတော့ ဖရိန်ချင်းတော့တူမှာပေါ့နော်။ အရင်ကတုန်းကတော့ မကြီးက ယောက်မနေရာက မဆင့် (မေသန်းနု) နဲ့ မမို့ (မို့မို့မြင့်အောင်) က အစ်မကြီးတွေနေရာကပေါ့။ စိန်ယောက်မမှာတော့ မခိုင်လေး (ခိုင်သင်းကြည်) က ယောက်မ၊ မကြီးနဲ့ မမို့ကတော့ ပြေတီဦးရဲ့ အစ်မတွေ နေရာကပေါ့။

Voice : ဒီကားမှာ အက်တင်လုပ်နိုင်တဲ့သူတွေချည်းပဲ ဆုံကြတာဆိုတော့ ရိုက်ကွင်းပေါ်မှာရော ဘယ်လို အမှတ်တရတွေရှိခဲ့လဲ။
SMTZ : ဒီလို ဇာတ်ကားမျိုးက ပရိသတ်တွေ ကြိုက်ကြမှာပါ။ ရယ်ရတာကိုး။ ဇာတ်လမ်းထဲမှာလည်း ဟာသ Plot တွေ အများကြီးပါတာဆိုတော့လေ။ ဇာတ်ကားအစပိုင်းမှာ မကြီးနဲ့ မမို့က မခိုင်လေးကို ပညာပေးတယ်။ နောက်ပိုင်းကျတော့ မခိုင်လေးက မကြီးတို့နှစ်ယောက်ကို ပညာပြန်ပေးသွားတယ်။ နောက်ဆုံးကျတော့ သူမနိုင်တော့တဲ့အခါကျတော့ ထောင်ကထွက်လာတဲ့ သူ့အစ်ကိုကို အကူအညီတောင်းတာပေါ့။ ရိုက်ကွင်းပေါ်က အမှတ်တရကတော့ မကြီးက ကားရိုက်တဲ့ အခါမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ ညီအစ်မတွေလိုနေကြပါတယ်။ ရယ်လည်းရယ်ရပါတယ်။ ပျော်လည်း ပျော်ရပါတယ်။ မခိုင်လေးက လည်းသွက်တော့လေ။ ဇာတ်က ပိုပြီးတော့ မြိုင်သွားတယ်။

Voice : လက်ရှိအရွယ်မှာ ပရိသတ်ကို ထူးထူးခြားခြား သရုပ်ဆောင်ပြချင်တဲ့ ကာရိုက်တာမျိုးရော ရှိလား။
SMTZ : မကြီး ရိုက်ကူးခွင့်ရတဲ့ ကာရိုက်တာတွေက မစုံသေးပါဘူး။ အများကြီး ရိုက်ချင်သေးတယ်။ မကြီးလုပ်ချင်တဲ့ မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေလည်း အများကြီးရှိသေးတယ်။ အသက်ကလည်း တဖြည်းဖြည်းကြီးလာပြီ၊ ငါတော့ အချိန်တော့ ရှိပါဦးတော့မလားလို့ တွေးမိတယ်။ ဒါပေမဲ့ မပြောတတ်ဘူး။ မကြီးရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာတော့ ကောင်းတဲ့ဟာလေးတွေလည်းရှိတယ်။ သိပ်မကောင်းတဲ့ဟာတွေလည်း ရှိတယ်။ မကြီးတို့မှာ လူမှုရေးအရ ရိုက်ရတာလေးတွေ၊ စီးပွားရေးအရ ရိုက်ရတာလေးတွေလည်း ရှိပါတယ်။ အဲ့ဒါကိုပဲ ပရိသတ်က နားလည်ပေးပါလို့ ပြောချင်ပါတယ်။

Voice : ပထမဆုံးရိုက်တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “အရိပ်” ကလည်း အောင်မြင်သွားတယ်နော်။ အဲ့ဒီအပေါ်ခံစားမှုကရော ဘယ်လိုရှိလဲ။
SMTZ : အရိပ်ကတော့ မကြီး ပထမဆုံးရိုက်ဖူးတဲ့ ဇာတ်လမ်းတွဲပါ။ မကြီးက ဇာတ်လမ်းတွဲရိုက်ရင် ကြည့်ရတဲ့ ပရိသတ်အတွက် ဆွဲဆောင်မှုမရှိမှာ စိတ်ပူတယ်။ ဒါပေမဲ့ မကြီးက တစ်ကားလုံးလည်းပါထားတာမဟုတ်ဘူး။ အရင်တုန်းက ရိုက်ခဲ့တဲ့ “အရိပ်” ရုပ်ရှင်ဇာတ်ကားမှာလည်း မကြီးပါဝင်ခဲ့ဖူးတယ်။ ကိုယ်ရိုက်ခဲ့တဲ့ကားကို ပြန်ရိုက်ရတယ်ဆိုတော့ မကြီးက ပိုကောင်းချင်တယ်။ ဇာတ်လမ်းတွဲ ဖြစ်သွားတဲ့အတွက် အခန်းတွေတော့ ပိုများလာတာပေါ့လေ။ အဲ့ဒါကြောင့် အက်တင်တွေ ပိုလုပ်ခွင့်ရလာတယ်။ ပြတဲ့နေရာမှာလည်း ပရိသတ်ကို အသေးစိတ်ပိုပြလို့ရတာပေါ့။

သန့်ဇင်ဦး