News

POST TYPE

ENTERTAINMENT

သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံခြင်း
21-May-2018



“ကိုယ့်ကို ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီးတော့ ထိခိုက်လာတာတို့၊ နှိမ်ပြီးတော့ ဆက်ဆံတာတို့၊ မထီမဲ့မြင် ပြောဆိုတာတို့ဆို သျှားက တစ်စက်မှမခံဘူး”

Miss Universe Myanmar 2014 ဆုရှင် အလှမယ် သျှားထွဋ်အိန္ဒြာနဲ့ တွေ့ဆုံပြီး လတ်တလော အနုပညာလှုပ်ရှားမှုများအကြောင်း၊ သရုပ်ဆောင်မလုပ်ဖြစ်တဲ့ အကြောင်းနဲ့အတူ ဝေဖန်တိုက်ခိုက်မှုတွေအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : လတ်တလောမှာ အနုပညာလှုပ်ရှားမှုက ငြိမ်သက်နေတာတွေ့ရတယ်၊ ဘာကြောင့်လဲ။ 
SHED : လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုက နည်းနည်းလေးငြိမ်နေပါတယ်။ ဒါပေမဲ့ ပရိသတ်ကို ချပြဖို့တော့ရှိပါတယ်။ လောလောဆယ်မှာတော့ လျှို့ဝှက်ထားပါဦးမယ်၊ မပြောသေးဘူးပေါ့နော်။ သျှားချပြမယ့်အရာက ထူးထူးဆန်းဆန်းကြီးတော့ မဟုတ်ပါဘူး။ သျှားအနေနဲ့ တိုက်ခိုက်ခံထားရတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ပြီး ပြောင်းလဲထွက်လာမလဲဆိုတာလေးကိုပဲ ပရိသတ်ကို တင်ပြချင်တာပါ။ သျှားကို လက်ရှိအချိန်ထိ အရမ်းချစ်တဲ့သူတွေ၊ အရမ်းအားပေးတဲ့သူတွေ၊ အရမ်းပံ့ပိုးပေးတဲ့သူတွေကိုတွေ့နေရတာကြောင့် ပြန်ကြိုးစားပြီး ပြန်ထွက်လာမှာပါ။ 

Voice : ကိုယ်အများဆုံး တိုက်ခိုက်ခံရတဲ့ အကြောင်းအရာကိုလည်း ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦး။ 
SHED : သျှားတို့ အနုပညာရှင်တွေဆိုတာက အဝတ်အစားတွေဆိုရင်လည်း ရွေးခွင့်မရှိဘူး။ ကိုယ်က ဒီဇိုင်နာ ဆင်ပေးရင် သူတို့ဆင်တာကို ကြိုက်တယ်၊ မကြိုက်ဘူးသွားပြောလို့မရဘူး။ ကိုယ့်ကိုလည်း ဒီဇိုင်နာက စေတနာနဲ့ လုပ်ပေးတာလေ။ သျှားဆို Body Shamming နဲ့ ပတ်သက်ပြီး အရမ်းပြောခံရတယ်။ ဒါပေမဲ့ လူတွေက ကိုယ့်ကို ဘယ်လောက်ပဲပြောပြော၊ ဘယ်လောက်ပဲတိုက်ခိုက်တိုက်ခိုက် သျှားက သိပ်ပြီးတော့ ဂရုစိုက်တတ်တဲ့လူမဟုတ်ဘူး၊ စိတ်ဆိုးတတ်တဲ့လူမဟုတ်ဘူး။ တစ်ခုရှိတာက တချို့သော မိသားစုအကြောင်းတွေပါလာတဲ့အခါကျတော့ ဒေါသထွက်တာပေါ့နော်။ 

Voice : Body Shamming လုပ်ခံရတဲ့သူတွေက စိတ်ဓာတ်ကျတာမျိုးတွေရှိတော့ နိုးထလာတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုအကြံပေးချင်လဲ။ 
SHED : သျှားအနေနဲ့ Body Shamming လုပ်ခံရတဲ့သူတွေကိုပြောချင်တာက ဂရုမစိုက်ပါနဲ့၊ သူတို့တွေက ကိုယ်ဂရုစိုက်လို့ ကိုယ်ဒေါသထွက်ရင် အရမ်းပျော်တယ်။ အဓိက သူတို့ကိုပြန်ပြောတာမျိုးကို လိုချင်တယ်၊ သူတို့ကို တိုက်ခိုက်တာမျိုးကို လိုချင်တယ်။ အဲ့ဒီအခါကျမှ သူတို့က ကိုယ့်ကိုပြန်ပြီးတော့ နာမည်ဖျက်လို့ရမှာလေ။ အဲဒါကြောင့် Body Shamming လုပ်တဲ့အပေါ်မှာ ဂရုမစိုက်ဘဲနဲ့ အတွင်းစိတ်ထဲကနေ ကိုယ့်ကို ပြောတဲ့လူတွေကို မှတ်ထားပါ၊ တစ်ချိန်ကျရင် ကိုယ်ဘယ်လိုပြန်ပြီးတော့ ထွက်လာမလဲဆိုတာကို သူတို့ကို လုပ်ပြပါ။ Body Shamming လုပ်ခံရတဲ့သူတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့၊ ဝတာက ရှက်စရာမဟုတ်သလို ပိန်တာကလည်း ရှက်စရာမဟုတ်ပါဘူး။ ဒါက ဘယ်သူ့ကိုမှ စော်ကားတာလည်းမဟုတ်ဘူး၊ ဘယ်သူ့ပစ္စည်းမှ ခိုးတာလည်းမဟုတ်ဘူး။ သျှားကတော့ ဒါကို ရှက်စရာလို့မမြင်ပါဘူး။ ကိုယ်စားနိုင်လို့ ကိုယ်ဝတယ်၊ ကိုယ်မစားချင်လို့ ကိုယ်ပိန်တယ်။ အဓိက သူတို့ပြောတာကို အရေးမထားဘဲနဲ့ ကိုယ့်ဘာသာကိုယ် စိတ်သီးသီးသန့်သန့်လေးနဲ့ပဲ ကြိုးစားပါလို့ သျှားက အကြံပေးချင်ပါတယ်။ 

Voice : ပရိသတ်တွေက သရုပ်ဆောင်ဘက်မှာ မြင်ချင်၊ တွေ့ချင်နေကြပေမယ့် လက်ရှိအချိန်ထိ မတွေ့ရသေးဘူးနော်၊ ဝါသနာမပါလို့လား။
SHED : သရုပ်ဆောင်အလုပ်က သျှားနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သျှားက သိပ်ပြီးတော့ သည်းမခံတတ်ဘူး။ သျှားက စိတ်ဆတ်တယ်၊ ဒေါသဖြစ်လွယ်တယ်။ ဥပမာ - ကိုယ့်ကို ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီးတော့ ထိခိုက်လာတာတို့၊ နှိမ်ပြီးတော့ ဆက်ဆံတာတို့၊ မထီမဲ့မြင်ပြောဆိုတာတို့ဆို သျှားက တစ်စက်မှမခံဘူး။ ရုပ်ရှင်လောကထဲဝင်ရင် သည်းခံရမယ့်လူတွေက အရမ်းများလာမယ်။ အဲ့ဒါကြောင့် ကိုယ်နဲ့အဆင်မပြေဘူးထင်လို့ မလုပ်တာပါ။ အမှန်အတိုင်း ပြောရရင်တော့ သျှားက သရုပ်ဆောင်လောကထဲကို ဝင်ချင်ပါတယ်။ တကယ်လို့ဝင်မယ်ဆိုရင်လည်း ကိုယ့်စိတ်ကို ကိုယ့်ဘာသာကိုယ်ပြင်ဆင်ပြီးမှ ဝင်လို့ရမယ်ထင်ပါတယ်။ 

Voice : ချစ်သူအောင်ရဲထိုက်ကတော့ “ည” ရုပ်ရှင်ကား ရုံတင်ပြသပြီးကတည်းက အနုပညာခြေလှမ်းတွေ စိပ်လာတာတွေ့ရတယ်။ 
SHED : သူက အစကတည်းက အရည်အချင်းရှိပြီးသား လူတစ်ယောက်ဖြစ်တဲ့အတွက် သျှားက သူ့ကို အရမ်းကြီး Supporting လုပ်ပေးရတာမျိုးမရှိဘူး။ သရုပ်ဆောင်ပိုင်းမှာ အရမ်းကြီးပြောရတာမျိုးလည်း မရှိဘူးပေါ့နော်။ ဒါပေမဲ့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး နည်းနည်းလေးအကြံပေးဖြစ်တာတော့ရှိတယ်။ နောက်တစ်ခုက သူက သျှားအပေါ်ကိုလည်း ရာနှုန်းပြည့်နားလည်မှုရှိတဲ့သူပါ၊ တော်တော်ကို နားလည်မှုပေးနိုင်တဲ့သူလို့ ပြောလို့ရတယ်။ 

Voice : ကိုယ်က Miss Universe Myanmar 2014 ဆုရှင်ဖြစ်တော့ နောက်တက်လာတဲ့ Miss တွေကို ဘယ်လို ကူညီပေးဖြစ်တာမျိုးတွေရှိလဲ။ 
SHED : Miss ပြိုင်ပွဲတွေမှာ သျှားက Training ပိုင်းနဲ့ပတ်သက်ပြီးတော့ပဲ ကူညီပေးဖြစ်ပါတယ်။ မကြာမီ Miss Universe 2018 ပြိုင်ပွဲသွားပြိုင်မယ့် ညီမလေးနဲ့ Miss Grand ညီမလေးတို့ကို သျှားဘက်ကနေပြီးတော့ Catwalk လေးတွေ၊ Catwalk ပိုင်းတွေ ပြန်ပြောပြတာ၊ Sharing လုပ်ပေးတာလေးတွေရှိပါတယ်။

ဝင်းထွန်းနိုင်