News

POST TYPE

ENTERTAINMENT

ညီထွဋ်ခေါင်နဲ့ တွေ့ဆုံခြင်း
16-May-2018 tagged as အနုပညာ



“မိန်းမလျာဇာတ်ရုပ်ကို လုပ်တဲ့အပေါ်မှာ ပရိသတ်တွေက ဒီကောင်က ဒါချည်းပဲလုပ်နေတယ်ကွာ၊ ဒါပဲတတ်လို့ ဒါပဲလုပ်နေတယ်ဆိုတဲ့ အမြင်မျိုး မြင်မိမှာကိုလည်း ကျွန်တော် စိုးရိမ်ပါတယ်”

လက်ရှိမှာ မိတ်ဆွေတွေနဲ့အတူ Royal Mandalay ရုပ်ရှင်ထုတ်လုပ်ရေးကို ထူထောင်ပြီး ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်တဲ့ “သူ့ထက်ကဲ” ရုပ်ရှင်ကားကို ရိုက်ကူးနေတဲ့ သရုပ်ဆောင်ညီထွဋ်ခေါင်နဲ့ တွေ့ဆုံပြီး ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်ဖြစ်ခြင်းအကြောင်း အပြည့်အစုံကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “သူ့ထက်ကဲ” ရုပ်ရှင်ကားကို ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ထုတ်ရိုက်ဖြစ်တာက ဘယ်လိုမျိုးကြောင့်လဲ။ 
NHK : ဒါရိုက်တာကျော်ဇောလင်းက ကျွန်တော့်ကို ရုပ်ရှင်ဘက်မှာ အဓိက သရုပ်ဆောင်အနေနဲ့ ရိုက်ကူးခွင့်ရလာအောင်၊ ခေါင်းဆောင်မင်းသားဖြစ်လာအောင် ပံ့ပိုးပေးချင်တဲ့စေတနာနဲ့ ဒီကားကို ရိုက်တာပါ။ ထုတ်လုပ်ရေးပိုင်းမှာတော့ ကျွန်တော်ကိုယ်တိုင်လည်း အချိုးကျတော့ ပါတာပေါ့နော်။ နောက် ကျွန်တော့်ကို မန္တလေးက ကူညီချင်တဲ့သူတွေကလည်း အကျိုးအမြတ် မျှော်ကိုးမှုမဟုတ်ဘဲနဲ့ ကျွန်တော့်ကို ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားဖြစ်စေချင်တယ်၊ မြင်ချင်တဲ့အတွက် ဝိုင်းပြီးတော့ ပံ့ပိုးပေးကြတာပါ။ ကျွန်တော်တို့ ထုတ်လုပ်ရေးနာမည်ကိုတော့ Royal Mandalay ဆိုပြီး ပေးထားပါတယ်။ 

Voice : ဇာတ်လမ်းပုံစံက ဘယ်လိုမျိုးလဲ၊ ပရိသတ်တွေအတွက် ဘယ်လို Message တွေပေးပြီး ရိုက်မှာလဲ။ 
NHK : ဒီကားက ပုံမှန်သမားရိုးကျ ရိုက်နေကျပုံစံ မိန်းမလျာကားတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းပုံစံက ငယ်ငယ်ကတည်းက မိန်းမလျာဆိုတဲ့အငုံ့စိတ်ကလေးရှိလာတဲ့လူတစ်ယောက်က မိဘအိမ်မှာ မနေချင်တော့ဘဲနဲ့ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေချင်တယ်။ သူ့ရဲ့ ရည်ရွယ်ချက်၊ မျှော်လင့်ချက်က သူ့ထက်ကဲတဲ့ ဘဝတွေကို ရှာဖွေတာပါ။ သူက ရှာဖွေရင်းရှာဖွေရင်းနဲ့ အောင်မြင်တဲ့တစ်နေ့မှာ သောကတွေ၊ အပူတွေ၊ ဗျာပါရတွေကို ကြုံတွေ့လာရတယ်။ သဘာဝတရားကို လွန်ဆန်ပြီးတော့ သူ့ထက်ကဲချင်လို့တော့ မရဘူးဆိုတဲ့အသိပေါ့နော်။ နောက် ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပူလောင်မှုသောကတွေကို လွန်ဆန်ပြီးတော့ တစ်သက်လုံးနေထိုင်လို့မရဘူးဆိုတာကို အဓိက Message ပေးပြီး ရိုက်မယ့်ကားပါ။ ဒီကားမှာ ဟာသလေးတွေလည်းပါမယ်၊ နောက်ပိုင်းမှာ ပညာပေး၊ ဒရာမာပုံစံလေးတွေလည်း ပါပါတယ်။ 

Voice : “သူ့ထက်ကဲ” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကိုလည်း မိတ်ဆက်ပေးပါဦး။ 
NHK : ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်၊ ပိုင်ဖြိုးသု၊ ယွန်းရွှေရည်၊ ဦးမိုးဒီ၊ ကိုဇင်မျိုး၊ ရဲလေးမ၊ Five Star အဖွဲ့အပြင် တခြားသရုပ်ဆောင်ပေါင်းများစွာတို့ ပါဝင်ပါတယ်။ နောက် အထူးဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ကိုလူမင်း၊ ကိုမင်းမော်ကွန်း၊ ကိုပြေတီဦးနဲ့ အောင်ရဲလင်းတို့ကလည်း ဝန်းရံပေးကြမှာပါ။ သူတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 

Voice : ကိုယ်က မိန်းမလျာဇာတ်ရုပ်ပုံစံ သရုပ်ဆောင်မှာဆိုတော့ ပရိသတ်တွေက ထပ်ပြီးဝေဖန်ကြမှာကို မစိုးရိမ်ဘူးလား။ 
NHK : ကျွန်တော့်ရဲ့မိန်းမလျာဇာတ်ရုပ်က ပရိသတ်တွေ မြင်နေကျဇာတ်ရုပ်ပါ။ အဲ့ဒါကြောင့် ဒီကားမှာ မိန်းမလျာဇာတ်ရုပ်ကို လုပ်တဲ့အပေါ်မှာ ပရိသတ်တွေက ဒီကောင်က ဒါချည်းပဲ လုပ်နေတယ်ကွာ၊ ဒါပဲတတ်လို့ ဒါပဲလုပ်နေတယ်ဆိုတဲ့အမြင်မျိုး မြင်မိမှာကိုလည်း ကျွန်တော် စိုးရိမ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကားကို ရိုက်တယ်ဆိုတာကလည်း ပရိသတ်မြင်ထားတဲ့ အမြင်အပေါ်မှာ ငါအသုံးချပြီးတော့ သရုပ်ဆောင်လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ရိုက်တာမျိး မဟုတ်ပါဘူး။ ဇာတ်လမ်းက ကျွန်တော်နဲ့ လိုက်ဖက်တယ်လို့ ဒါရိုက်တာကျော်ဇောလင်းကလည်း အကြံပေးပြောဆိုပါတယ်။ နောက်တစ်ခုက ကျွန်တော့်ကို ဝန်းရံပေးတဲ့၊ ငွေစိုက်ထုတ်ပေးတဲ့လူတွေ ကိုယ်တိုင်ကလည်း ညီထွဋ်ခေါင်အနေနဲ့ မိန်းမလျာဇာတ်ရုပ်ပုံစံမျိုးလေး ရိုက်မယ်ဆိုရင် ရုပ်ရှင်ဘက်မှာ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်မယ်ပေါ့နော်။ ရုပ်ရှင်ကကျတော့ ဗီဒီယိုလိုမဟုတ်ဘူးလေ၊ စိန်ခေါ်မှုတွေအရမ်းများပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်နိုင်တာလေးကိုလုပ်ရင်တော့ ပိုပြီးတော့သင့်တော်မယ်လို့လည်းထင်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း မိန်းမလျာဇာတ်ရုပ်နဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် ငါးဆယ်ရာခိုင်နှုန်းလောက် ယုံကြည်မှုရှိတယ်။ အဓိက အကြောင်းကြောင်းတွေအများကြီးကြောင့် ဒီဇာတ်ကိုရွေးပြီးတော့မှရိုက်တာပါ။ ပရိသတ်မြင်ထားတဲ့အမြင်အပေါ်မှာ ကျွန်တော်အသုံးချပြီး ရိုက်တာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော့်ကို အပြစ်မမြင်ကြပါနဲ့လို့ ပြောချင်ပါတယ်။ 

Voice : ထုတ်လုပ်ရေးကနေ ရှေ့ဆက်လှုပ်ရှားသွားမယ့် အစီအစဉ်တွေက ဘာတွေဖြစ်မလဲ၊ ရုပ်ရှင်ကားတွေကို ဆက်တိုက်ရိုက်သွားမှာလား။ 
NHK : အမှန်အတိုင်းပြောရရင်တော့ ထုတ်လုပ်ရေးတစ်ခုကိုလုပ်လိုက်ပြီးတော့ တောက်လျှောက်ကြီး ဒီအလုပ်ကို ဆက်တိုက်လုပ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်က လောလောဆယ်မှာ မရှိသေးပါဘူး။ အဓိက ကျွန်တော့်ကို ခေါင်းဆောင်မင်းသားဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကြမယ်ဆိုတော့ ထုတ်လုပ်ရေးလိုလာပြီလေ။ အဲ့ဒါကြောင့် ထုတ်လုပ်ရေးထူထောင်ပြီး ဒီတစ်ကားကို အရင်ရိုက်လိုက်တာပါ။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ငွေကြေးတတ်နိုင်တဲ့အနေအထား၊ လုပ်နိုင်တဲ့အင်အားအပေါ်မှာ မူတည်ပြီးတော့မှပဲ ဆက်လုပ်သွားမယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော့်ကို ကူညီပေးကြတဲ့လူတွေကလည်း ပိုက်ဆံရှိလို့၊ တတ်နိုင်လို့ ထုတ်ပေးကြတာမဟုတ်ပါဘူး။ ကျွန်တော့်ကို ဖြစ်စေချင်တဲ့ စိတ်စေတနာကို အရင်းခံပြီးတော့မှ လုပ်ကြတာပါ။ သူတို့က ဒီအလုပ်ကို ဝါသနာပါလို့လည်းမဟုတ်ဘူး၊ စီးပွားရေးအနေနဲ့လည်း လုပ်တာမဟုတ်ပါဘူး။ 

Voice : “ခရမ်းရောင်ကြိုး” ရုပ်ရှင်ကားကလည်း ရုံမတင်သေးဘူးနော်၊ ပရိသတ်ကလည်း စောင့်မျှော်နေကြပြီ။ 
NHK : ဒီကားက ကျွန်တော်ခေါင်းဆောင်မင်းသားနေရာက ရိုက်တဲ့ ဒုတိယမြောက်ကားပါ။ ပထမကားကတော့ ဒါရိုက်တာ သမီးမြတ်ကျော်ရိုက်တဲ့ “ခရမ်းရောင်ကြိုး” ရုပ်ရှင်ကားပေါ့နော်။ အဲ့ဒီကားလေးက အချောသတ်တော့ ပြီးသွားပါပြီ။ ဒါပေမဲ့ ရုံတင်ခွင့်တော့မရသေးပါဘူး။ ဇာတ်လမ်းပုံစံကတော့ ဒရာမာလေးပါ။ ဒါရိုက်တာက ကိုအောင်မင်းသိမ်းရေးခဲ့တဲ့ ဇာတ်လမ်းမှာမှ သူ့ရဲ့ဘဝမှာ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေလည်း ထည့်ရိုက်ထားတယ်။ သူကလည်း သူ့ရဲ့အနုပညာမှတ်တိုင်အတွက် ကြိုးစားတာဖြစ်သလို သူ့ကားမှာ ကျွန်တော့်ကို ရဲရဲဝံ့ဝံ့နဲ့ ရုပ်ရှင်မှာ အဓိကသရုပ်ဆောင်နေရာကထားပြီး ရိုက်ပေးတဲ့အတွက် ဒါရိုက်တာရဲ့ စေတနာက ဖြူစင်တယ်၊ ကျွန်တော့်တို့ဘက်ကလည်း စေတနာဖြူစင်တာကြောင့် အဲ့ဒီကားကိုလည်း အနုပညာစိတ်နဲ့ပဲ လုပ်ခဲ့ကြတယ်။ ဘာမျှော်ကိုးမှုမှ မရှိတာကြောင့် ရုံတင်ခွင့်ရဖို့ကို နေ့စဉ် ဆုတောင်းနေရပါတယ်။

ဝင်းထွန်းနိုင်