News

POST TYPE

ENTERTAINMENT

ရဲရင့်အောင်နဲ့ တွေ့ဆုံခြင်း
04-Apr-2018

“တက်တူးထိုးဖြစ်တာကလည်း သူ့အတွက် ကျွန်တော် လုပ်ပေးချင်တဲ့အရာတစ်ခုကို လုပ်လိုက်တာပါပဲ”

လူငယ်ပရိသတ်ကြိုက်အဆိုတော်တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်နဲ့တွေ့ဆုံပြီး လတ်တလောဂီတလှုပ်ရှားမှုအကြောင်း၊ မကြာမီ ရုံတင်ပြသတော့မယ့် “ငါ့ကို နမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားအကြောင်း၊ အချစ်ရေး အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ရဲရင့်အောင်ရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုအကြောင်းကနေစပြီးတော့ ပြောပြပေးပါဦး။
YYA : ကျွန်တော့်ရဲ့ စီးရီးသစ်အတွက်သီချင်းတွေ လက်စသတ်နေတယ်။ နယ်ရှိုးပွဲတွေလည်း သွားဆိုဖြစ်ပါတယ်။ တစ်ကိုယ်တော်ခွေအတွက်ကတော့ သီချင်းတွေအားလုံး ရေးလို့ပြီးနေပါပြီ။ ကျွန်တော် အသံသွင်းဖို့ပဲ ကျန်တော့တာပါ။ ဒီခွေထဲမှာ အချစ်သီချင်း၊ အသည်းကွဲသီချင်းတွေပါသလို၊ တခြားအချစ်သီချင်းမဟုတ်တဲ့ ပုံစံမျိုးတွေလည်း ပါပါတယ်။ ဒီနှစ်ထဲမှာတော့ တစ်ကိုယ်တော်ခွေထွက်နိုင်အောင် ကြိုးစားသွားမှာပါ။

Voice : ကိုယ့်ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ငါ့ကို နမ်းတဲ့မုန်တိုင်း” ကလည်း ရုံတင်တော့မှာဆိုတော့ ဘယ်လိုခံစားမှုရှိလဲ။
YYA : အဲ့ဒီကားက ကျွန်တော်တို့ ရိုက်ထားတာလည်း နည်းနည်းကြာပြီဆိုတော့ အခုပြန်ကြည့်တဲ့အချိန်မှာ အားမရတာမျိုးတော့ရှိတယ်။ ရိုက်တဲ့အချိန်တုန်းကတော့ ကိုယ်တတ်သလောက် မှတ်သလောက်နဲ့ အကောင်းဆုံးလုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ အခု ပြန်ကြည့်တော့ ကိုယ့်ရဲ့လိုအပ်ချက်လေးတွေလည်း ပြန်မြင်ရပါတယ်။ ဒီဇာတ်ကားလေးက ကိုလွှမ်းပိုင်၊ ကျွန်တော်နဲ့ မဖွေးဖွေးရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ရိုက်ခဲ့တဲ့ ဇာတ်ကားဆိုတော့ ကျွန်တော့်မှာ လိုအပ်ချက်လေးတွေရှိရင် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။

Voice : အချစ်ရေးကရော အေးအေးဆေးဆေးပဲလား။ နှစ်ယောက်လုံးကလည်း အနုပညာရှင်တွေ ဖြစ်နေတော့ ဘယ်လိုနားလည်မှု တည်ဆောက်ထားလဲ။
YYA : အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူငယ်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မှာ ကို့ရိုးကားရားနိုင်တဲ့ အမူအကျင့်တွေက အများကြီးရှိပါတယ်။ ကျွန်တော်ကလည်း စကားပြောရင် သိပ်အချိုးမပြေဘူး။ သူ့မှာလည်း သူ့အမူအကျင့်လေးတွေရှိတယ်။ သူမလျှော့ရင် ကိုယ်လျှော့၊ ကိုယ်မလျှော့ရင် သူလျှော့ပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင်တော့ ညှိယူရတာပါပဲ။ 

Voice : ချစ်သူအတွက် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ တက်တူးထိုးပေးဖြစ်တာကရော ဘာကြောင့်ဖြစ်မလဲ။
YYA : ကျွန်တော့်ရဲ့ ပင်ကိုဗီဇက မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ရင်ထဲကတော့ ချစ်တယ်၊ အပြင်မှာတော့ ဘာမှမလုပ်ပေးတတ်ဘူး။ သူတို့မွေးနေ့တွေမှာဆိုလည်း လက်ဆောင်တွေ မပေးတတ်ဘူး။ တက်တူးထိုးဖြစ်တာကလည်း သူ့အတွက် ကျွန်တော်လုပ်ပေးချင်တဲ့အရာတစ်ခုကို လုပ်လိုက်တာပါပဲ။ ဒီလိုလုပ်ပေးတဲ့အတွက် သူလည်းပျော်ရတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့နှစ်ယောက်လက်တွဲဖို့ကတော့ လိုပါသေးတယ်။ ကျွန်တော်အများကြီး တည်ဆောက်ယူရပါဦးမယ်။ ကျွန်တော့်မိသားစုအပေါ်မှာတောင် တာဝန်မကျေသေးပါဘူး။ အများကြီးကြိုးစားရဦးမှာပါ။

Voice : တစ်လောက ရဲရင့်အောင် ပုပ္ပားမှာ ဘုန်းကြီးလည်း ဝတ်လိုက်သေးတယ်နော်။ 
YYA : ကျွန်တော် ဘုန်းကြီးဝတ်ချင်တာတော့ ကြာပါပြီ။ အချိန်မရလို့သာ မဝတ်ဖြစ်တာပါ။ အချိန်လေးရတဲ့အချိန်မှာ ကျွန်တော့်ညီတွေ၊ ဦးလေးတွေကလည်း ဝတ်ကြမယ်ဆိုတာနဲ့ ဝတ်ဖြစ်သွားတာပါ။ ပုပ္ပားမှာ သုံးရက်ဝတ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အမေတို့ အလှူလုပ်နေကျ ဘုန်းကြီးကျောင်းမှာ ဝတ်ခဲ့တာပါ။ စိတ်လည်း တော်တော်လေး ငြိမ်းချမ်းမှုရခဲ့ပါတယ်။ တောထဲမှာတောင် သွားနေချင်စိတ်တောင် ပေါက်သွားတယ်။ ကျွန်တော့်စိတ်ကို ကျွန်တော်လည်း အရင်ကထက်ပိုပြီးတော့ ထိန်းလာနိုင်ပါတယ်။

Voice : ဒီနှစ် သင်္ကြန်ကရော ရဲရင့်အောင် ဘယ်မှာရှိမလဲ။ ငယ်ငယ်တုန်းကရော သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရတွေ ဘာတွေရှိလဲ။
YYA : သင်္ကြန်ကတော့ ကျွန်တော်မူဆယ်ဘက်မှာ သီချင်းဆိုဖို့ လက်ခံထားပါတယ်။ သင်္ကြန်ကတော့ ကလေးဘဝတုန်းကလည်း အမှတ်တရတွေ ရှိခဲ့တယ်။ အဆိုတော်ဖြစ်တဲ့အချိန်မှာလည်း အမှတ်တရတွေ ရှိခဲ့တယ်။ အများကြီးပါပဲ။ ငယ်ငယ်တုန်းကတော့ သင်္ကြန်ကို အခုထက်ပိုပြီး ပျော်မယ်ထင်တယ်။ သင်္ကြန်ရောက်ဖို့နီးပြီဆိုရင် ခွက်စောင်းခုတ်တဲ့နည်းတွေကို ကျွန်တော် ကြိုပြင်ဆင်တယ်။ ဒါကတော့ ကလေးစိတ်နဲ့ လုပ်ခဲ့တာတွေပေါ့နော်။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ သင်္ကြန်မှာ ပျော်ရင်တောင် အသိလေးတစ်ခုကပ်ပြီး ပျော်ရတော့ လွတ်လပ်မှုတော့ သိပ်မရှိတော့ဘူးပေါ့။

Voice : ရဲရင့်အောင်ရဲ့ ပရိသတ်တွေကိုရော ဘာများ ဖြည့်စွက်ပြောကြားချင်သေးလဲ။
YYA : ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ခွေက အရမ်းကြာသွားပါတယ်။ ဒါကလည်း သီချင်းတွေကို သေချာပြင်ဆင်နေလို့ပါ။ အခွေထွက်ရင် ပြီးရောဆိုပြီး ကျွန်တော် ထုတ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်ပါဘူး။ ပရိသတ်တွေအတွက် သီချင်းတွေကို အကောင်းဆုံးဖြစ်မှပဲ ပေးချင်ပါတယ်။ ခွေထွက်လာရင်တော့ ကျွန်တော်ပရိသတ်တွေ အားရကျေနပ်မှုရှိမယ်လို့ ယုံကြည်ပါတယ်။ စောင့်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

သန့်ဇင်ဦး