News

POST TYPE

ENTERTAINMENT

နှစ် ၂၀ ကျော် ထုတ်ဝေခဲ့သော အလင်းတန်းအနုပညာဂျာနယ် ထုတ်ဝေမှု ရပ်နား
03-Apr-2018

ရန်ကုန်၊ ဧပြီ ၂

လွန်ခဲ့သည့် နှစ် ၂၀ ကျော်က စတင်ခဲ့သည့် စာရေးဆရာ ဦးဝင်းငြိမ်း ဦးဆောင်လုပ်ကိုင်နေသော အပတ်စဉ် တနင်္လာနေ့ထုတ် အလင်းတန်းအနုပညာဂျာနယ်သည် စောင်ရေကျဆင်းမှုနှင့်အတူ ခေတ်ကာလအရ ရပ်တည်ရန် ခက်ခဲလာသည့်အတွက် ဧပြီလ ဒုတိယပတ်မှ စတင်ရပ်နားမည်ဖြစ်ကြောင်း အဆိုပါဂျာနယ်တွင် အသိပေးထားသည်။

အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများတွင် ရှေးကျ၍ကဏ္ဍစုံဖော်ပြနိုင်ခဲ့သည့် အနုပညာဂျာနယ်များအနက် အလင်းတန်း အနုပညာဂျာနယ်မှာ တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး စာပေအနုပညာ၊ ဖျော်ဖြေရေး၊ အနုပညာရှင်လှုပ်ရှားမှု ပုံရိပ်တို့ဖြင့် ဝေဝေဆာဆာ ထွက်ရှိခဲ့သော်လည်း ယခုအခါ တစ်ပတ်ထက် တစ်ပတ် စောင်ရေလျော့ကျမှု၊ ကြော်ငြာရရှိမှု နည်းပါးလာခြင်းကြောင့် ရပ်နားရခြင်းဖြစ်ကြောင်း အဆိုပါဂျာနယ် ဝန်ထမ်းအချို့ထံမှ စုံစမ်းသိရသည်။

“ဟိုလူက ဂျာနယ်ထုတ်၊ ဒီလူက ဂျာနယ်ထုတ်၊ ဂျာနယ်တွေ ဗွက်ထလာတဲ့အချိန်မှာ ရှိတဲ့ကြော်ငြာအားတွေကို မျှဝေယူကြရတာကြောင့် အင်အားမရှိတဲ့ဂျာနယ်များ တဖြည်းဖြည်း ယုတ်လျော့လာခဲ့ပါတယ်။ အခုအလင်းတန်း အလှည့်ရောက်ပါပြီ”ဟု ဧပြီလ ၂ ရက်ထုတ် အဆိုပါဂျာနယ်တွင် ဖော်ပြထားသည်။

၁၉၉၈ ခုနှစ်ခန့်က စတင်ထွက်ရှိသော အလင်းတန်း အနုပညာဂျာနယ်သည် ဟင်္သာတမြင့်ငွေ၏ ထုတ်ဝေခွင့်ကတ်ပြားဖြင့် ထုတ်ဝေနေခြင်းဖြစ်ကြောင်း ဂျာနယ်ပါစာဖတ်သူများကို အသိပေးချက်အရ သိရသည်။

“ပုဂ္ဂလိက သတင်းမီဒီယာတွေ လုပ်ငန်းတွေ တိုးတက်အောင် အားပေးဖို့ တာဝန်ရှိပါရဲ့နဲ့ အားမပေးဘဲ ယှဉ်ပြိုင်ပြီးတောင် လုပ်နေကြသေးတယ်။ အခုဆို အစိုးရသတင်းစာက ဒစ်ဂျစ်တယ်စနစ်နဲ့ တောင်သွားနေပြီ”ဟု သတင်းစာဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့ကြောင့် နှစ်ပေါင်းနှစ်ဆယ်အတွင်း ဂျာနယ်စောင်ရေ တစ်ထောင်ခန့် ထွက်ရှိခဲ့သော အလင်းတန်း အနုပညာဂျာနယ်ကို သံယောဇဉ်ကြီးစွာ အားပေးဖတ်ရှုခဲ့သူ စာဖတ်ပရိသတ်များကို ခွဲခွာရတော့မည်ဖြစ်ပြီး ယင်းထွက်ရှိမှု ကာလအတွင်း မှားယွင်းမှုရှိပါက သည်းခံခွင့်လွှတ်ပေးရန် ရွှေအမြုတေမဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်၏ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်သူ ဦးဝင်းငြိမ်းက စာဖတ်သူများကို အသိပေးထားသည်။

ထို့အပြင် သတင်းမီဒီယာလောကတွင် အများပြည်သူဝန်ဆောင်မှုအတွက် ရပ်တည်ခဲ့သော The Messenger သတင်းစာ၊ စီးပွားရေးသီးသန့်ရေးသား ထုတ်ဝေသော Trade Time ဂျာနယ်၊ ပေါ်ပြူလာနယူးစ်ဂျာနယ် အပါအဝင် Flower News ဂျာနယ်များမှာ ထုတ်ဝေမှု အသီးသီးရပ်နားခဲ့ကြသည်။


  • VIA