News

POST TYPE

ENTERTAINMENT

အိမ်ထောင်သက်တမ်း ကိုးနှစ်ရှိပြီဖြစ်တဲ့ ကိုချမ်းကျော်ကျော်ပိုင်၊ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်တို့ ဇနီးမောင်နှံနဲ့တွေ့ဆုံခြင်း
03-Apr-2018



“ကျွန်တော်တို့နှစ်ယောက်မှာ ဖြစ်ချင်တဲ့ဆန္ဒကို တစ်ယောက်နဲ့တစ်ယောက်က တိုင်ပင်ပြီးတော့ လိုက်လျောပေးပါတယ်” - ချမ်းကျော်ကျော်ပိုင်
“တစ်ယောက်နဲ့ တစ်ယောက်က အားနည်းချက်ကိုလည်း ခွင့်လွှတ်နိုင်ရမယ်” - ဇင်ဇင်ဇော်မြင့်

အိမ်ထောင်သက်တမ်း ကိုးနှစ်ရှိပြီဖြစ်တဲ့ ကိုချမ်းကျော်ကျော်ပိုင်၊ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်တို့ ဇနီးမောင်နှံနဲ့တွေ့ဆုံပြီး လက်ရှိဖြတ်သန်းနေတဲ့ အိမ်ထောင်ရေးအကြောင်းနဲ့အတူ တစ်ယောက်ကိုတစ်ယောက် နားလည်မှုများအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : အိမ်ထောင်သက်တမ်းက ဘယ်လောက်ရှိသွားပြီလဲ၊ ရင်သွေးကို ဘယ်နှယောက်ယူသွားမယ်လို့ စိတ်ကူးထားလဲ။ 
CKKP : ကျွန်တော်တို့က ၂၀၀၉ ခုနှစ်က အိမ်ထောင်ကျခဲ့တာပါ။ ချစ်သူသက်တမ်းကတော့ နှစ်နှစ်လောက် ကြာခဲ့တာပေါ့နော်။ လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ သားကြီးက ရှစ်နှစ်၊ သားငယ်က လေးနှစ် ပြည့်တော့မယ်။ ကျွန်တော်တို့မှာ နောက်ထပ်ရင်သွေးယူဖို့လည်း အစီအစဉ်မရှိပါဘူး။ သားနှစ်ယောက်ကိုပဲ အကောင်းဆုံးပြုစုပျိုးထောင်သွားမယ်။ ကျွန်တော်တို့က သားနှစ်ယောက်စလုံးကို သူတို့ ဝါသနာပါတာ လုပ်စေချင်တယ်။ လူတစ်ယောက်က ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရရင် ပျော်နေတာပဲ၊ အလုပ်လုပ်နေတယ်လို့ကို မထင်ဘူးလေ။ အဲ့ဒါကြောင့် သူတို့ ဝါသနာပါတာကို ပံ့ပိုးပေးသွားမှာပါ။ 

Voice : အိမ်ထောင်သက်တမ်းက ကြာပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည်မှုတွေ ယူထားကြလဲ။ 
CKKP : လူတစ်ယောက်နဲ့ တစ်ယောက်က အဆင်မပြေတာတွေလည်း ရှိမယ်၊ အဆင်ပြေတာလည်း ရှိမယ်။ အဲ့ဒါကြောင့် နားလည်မှုကသာ အရေးကြီးပါတယ်။ ကျွန်တော်တို့နှစ်ယောက်မှာ ဖြစ်ချင်တဲ့ဆန္ဒကို တစ်ယောက်နဲ့တစ်ယောက်က တိုင်ပင်ပြီးတော့ လိုက်လျောပေးပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ရန်ဖြစ်လည်းခဏပဲ။ ရန်ဖြစ်လို့ အကြာကြီး စိတ်ဆိုး၊ စိတ်ကောက်တာမျိုးမရှိကြဘူး။ 

Voice : အိမ်ထောင်ပြုကြမယ့် လူငယ်တွေအတွက် စကားလက်ဆောင်လေး ပါးပေးပါဦး။ 
CKKP : လူတိုင်းကတော့ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လူတစ်ယောက်က အောင်မြင်တာရှိတယ်၊ ကျရှုံးတာရှိတယ်၊ စိတ်ညစ်စရာတွေရှိတယ်။ အဲ့ဒါကြောင့် အဓိကအရေးကြီးတာက နားလည်မှုပါပဲ။ တစ်ခဏ စိတ်ဆိုးတဲ့အချိန် ဆုံးဖြတ်တာက မှားတာများပါတယ်။ 

Voice : အိမ်ထောင်တစ်ခု တည်မြဲဖို့ ဘယ်လိုအရာတွေက အရေးကြီးတယ် ထင်လဲ။
ZZZM : အိမ်ထောင်တစ်ခုဆိုတာက ကံနဲ့လည်းဆိုင်တယ်။ မေလေးကတော့ အိမ်ထောင်တစ်ခုကို အကောင်းဆုံးဖြစ်စေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က အားနည်းချက်ကိုလည်း ခွင့်လွှတ်နိုင်ရမယ်။ လူတစ်ယောက်ဆီမှာ အားနည်းချက်ဆိုတာ ရှိစမြဲပါပဲ။ အဲ့ဒီအားနည်းချက်ကို ကိုယ်က ခွင့်လွှတ်နားလည်နိုင်မယ်ဆိုရင်တော့ အိမ်ထောင်တစ်ခုက အဆင်ပြေမယ်လို့ မေလေးထင်ပါတယ်။

Voice : ကိုယ်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကိုလည်း ပရိသတ်တွေသိအောင် ဝေမျှပေးပါဦး။ 
ZZZM : မေလေးကတော့ သည်းခံတတ်တယ်။ ကိုယ်က အရင်ကတည်းက ဒေါသလည်း သိပ်မရှိဘူး။ နောက် မေလေးက အမြဲတမ်း တရားထိုင်တယ်။ တစ်နေ့တာဖြစ်ပျက်တဲ့ကိစ္စတွေအားလုံးကို ကိုယ်က တရားထိုင်တဲ့အတွက် စိတ်က ဖြေသိမ့်နိုင်တယ်။ အဲ့ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်က ဘာပြဿနာမှကို မရှိပါဘူး။ ဒါပေမဲ့ လူဆိုတာကတော့ အမြဲတမ်းပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ 

Voice : အိမ်ထောင်ရှင်မဖြစ်လာပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အဓိက ဘာတွေပြောင်းလဲလာတယ်ထင်လဲ။
ZZZM : လက်ရှိမှာ ကိုယ်က အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လာပြီဆိုတော့ အရင်ကလိုမျိုး ကိုယ့်ကိုယ်ကိုယ် မပိုင်တော့ဘူး။ အဓိက ကိုယ့်ရဲ့သားသမီးတွေအတွက် အချိန်တွေပေးရတယ်၊ ကိုယ့်မိသားစုအတွက် အချိန်တွေပေးရတယ်။ ကိုယ်က စီးပွားရေးကတစ်ဖက်၊ အနုပညာအလုပ်က တစ်ဖက်နဲ့ဆိုတော့ တအားကို အချိန်က လုနေရတယ်။ နောက်တစ်ခုက မေလေးအနေနဲ့ ပိုပြီးတော့ ရင့်ကျက်လာတယ်လို့လည်း ထင်ပါတယ်။ မေလေးကိုယ်တိုင်တွေးတာ၊ ခေါ်တာကအစ တော်တော်ကြီးကို ပြောင်းလဲလာတယ်။ အရင်တုန်းကဆိုရင် ကိုယ်တစ်ယောက်တည်းအတွက်ပဲ စဉ်းစားတယ်။ လက်ရှိမှာတော့ ကိုယ့်ရဲ့မိသားစုအတွက်၊ ကိုယ့်ရဲ့ ပရိသတ်တွေအတွက် အကုန်လုံးကိုမျှဝေပြီးတော့ ကိုယ်ချင်းစာတတ်လာတယ်၊ ပိုပြီးတော့လည်း နားလည်လာတယ်။ အဲ့ဒါကြောင့် အတွေးအခေါ်တွေက ပိုပြီးတော့ ရင့်ကျက်လာပါတယ်။

Voice : အနုပညာလှုပ်ရှားမှုတွေကို တစ်ကျော့ပြန်လုပ်ဖြစ်လာတာက ဘာကြောင့်လဲ၊ အိမ်ထောင်ဖက်က ခွင့်ပြုရဲ့လား။ 
ZZZM : အဓိက မေလေးက အနုပညာအလုပ်ပဲ လုပ်ချင်တာဆိုတော့ ဘယ်လောက်ပဲ စီးပွားရေးတွေလုပ်လုပ် မလုပ်ဘဲမနေနိုင်ဘူး။ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အနုပညာလုပ်ငန်းနဲ့ပဲ အသက်ရှင်ချင်တယ်။ မေလေးဖြစ်ချင်တာကို သူကလည်းပံ့ပိုးပေးတဲ့အတွက် သူ့ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက မေလေးတို့ ထုတ်ရိုက်ထားတဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ကားကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ ဒီကားရုံတင်ရင်လည်း ပရိသတ်ကြီးက မေလေးကို ချစ်ခင်ပါ၊ အားပေးပါလို့လည်း ပြောချင်ပါတယ်။ မေလေးတို့အနေနဲ့ နောက်ထပ်ရုပ်ရှင်ကားကြီးတွေလည်း ထပ်ရိုက်ဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ ဇာတ်တွေရွေးနေပါတယ်။ 

Voice : အမျိုးသားကတော့ သားတွေဝါသနာပါတာကို ပံ့ပိုးပေးမယ်ပြောတယ်၊ မေလေးက မိဘတစ်ယောက်အနေနဲ့ သားတွေကို ဘယ်လိုဖြစ်စေချင်လဲ။ 
ZZZM : မေလေးက သားတွေကိုတော့ ပညာရေးကိုပဲ အဓိကလုပ်စေချင်တယ်။ ပြီးရင်တော့ သူတို့ ဘာကို ဝါသနာပါလဲ၊ ကိုယ်က မိဘဆိုတော့ သူတို့ဝါသနာပါတာကို ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့နော်၊ သူတို့ဝါသနာပါတဲ့အပေါ်မှာ ကိုယ်ကတော့ ကောင်းရင်ကောင်းတယ်၊ မကောင်းရင်မကောင်းဘူးဆိုပြီး လမ်းညွှန်ပေးသွားမယ်။ ဒါကတော့ မိဘတွေရဲ့ ထုံးစံအတိုင်းပေါ့။

ဝင်းထွန်းနိုင်