News

POST TYPE

ENTERTAINMENT

တောင်ကိုရီးယား K-Pop ဂီတအနုပညာရှင်များ၏ ဖျော်ဖြေမှုကို မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဇနီးတို့ စိတ်ဝင်တစားကြည့်ရှုအားပေး
03-Apr-2018



ဆိုးလ်၊ ဧပြီ ၂ 

နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုများ လျော့ကျစေရန် ဦးတည်ချက်ဖြင့် မြို့တော်ပြုံယမ်းသို့ လာရောက်ဖျော်ဖြေသော တောင်ကိုရီးယား K-Pop အဆိုတော်များ၏ သီဆိုဖျော်ဖြေပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဇနီးဖြစ်သူ ရီဆိုဂျူတို့ အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ယင်းသို့ တောင်ကိုရီးယားအနုပညာရှင်များ၏ သီဆိုကပြဖျော်ဖြေမှုကို ကင်ဂျုံအန်းက ကြည့်ရှုခြင်းသည် မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ 

ကင်ဂျုံအန်းသည် တောင်ကိုရီးယား K-Pop အဆိုတော်များ သီဆိုသောသီချင်းအချို့ကို လက်ခုတ်ဩဘာပေးခဲ့သလို ဖျော်ဖြေပွဲ ပြီးဆုံးသွားချိန်တွင်လည်း K-Pop အနုပညာရှင်များနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက “ကျွန်ုပ်တို့၏ ချစ်လှစွာသော ရဲဘော်ရဲဘက်ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက တောင်ကိုရီးယား ပေါ်ပြူလာယဉ်ကျေးမှုအပေါ် သူ၏မြောက်ကိုရီးယားပြည်သူလူထုက နက်နက်ရှိုင်းရှိုင်း နားလည်လက်ခံသည်ကို တွေ့မြင်ရသည့်အတွက် များစွာ နှလုံးရွှင်ပျ ဂုဏ်ယူဝမ်းမြောက်မိသည်ဟု ပြောကြားပါသည်”ဟု ရေးသားဖော်ပြသည်။ 

အဆိုပါဖျော်ဖြေပွဲတွင် K-Pop အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုကို မြောက်ကိုရီးယားပရိသတ်က လက်ခုတ်တီးကာ အားပေးခဲ့သလို သီချင်းများလည်း လိုက်လံသီဆိုခဲ့ကြသည်။ 

“ကင်ဂျုံအန်းက အဲဒီဖျော်ဖြေပွဲမှာ အင်မတန်စိတ်ဝင်တစား ရှိနေခဲ့တယ်၊ သီချင်းတွေနဲ့ စာသားတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေလည်းမေးခဲ့တယ်”ဟု တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီး ဒူဂျောင်ဝမ်က ဖျော်ဖြေပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။ 

အဆိုပါ ဖျော်ဖြေပွဲကျင်းပပြုလုပ်သည့် ဧပြီလ ၁ ရက်နေ့သည် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သည့်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ယင်းဖျော်ဖြေပွဲ၏ အမည်မှာ “နွေဦးလာတော့မည်” ဖြစ်ပြီး အရှေ့ပြုံယမ်းရှိ ဂရန်းပြဇာတ်ရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ 

တောင်ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ ဧပြီလ ၂ ရက် (ယနေ့) တွင်လည်း တောင်ကိုရီးယား K-Pop၊ Rock နှင့် အခြားဂီတဖျော်ဖြေမှုများ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ 

တောင်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန Yonhap က ကင်ဂျုံအန်းသည် တောင်ကိုရီးယားအနုပညာရှင်များ၏ လာရောက်ဖျော်ဖြေမှုကို တက်ရောက် ကြည့်ရှုအားပေးသည့် ပထမဆုံး မြောက်ကိုရီးယား ခေါင်းဆောင်ဖြစ်သည်ဟု ဖော်ပြသည်။ 

ယင်းဖျော်ဖြေပွဲသို့ ကင်ဂျုံအန်း၏ နှမလည်းဖြစ်၊ မြောက်ကိုရီးယားနိုင်ငံ ကွန်မြူနစ်အစိုးရ၏ ဝါဒဖြန့်ချိရေးဌာန အကြီးအကဲလည်းဖြစ်သူ ကင်ယိုဂျောင်လည်း တက်ရောက်ခဲ့သည်။ 

မြောက်ကိုရီးယားခေါင်းဆောင်သည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူထားသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်လည်း တွေ့ဆုံဆွေးနွေးရန် လက်ခံသဘောတူထားသည်။

F-01

  • VIA