News

POST TYPE

ENTERTAINMENT

သရုပ်ဆောင် နေမင်း၊ တူဖြစ်သူ သရုပ်ဆောင် အုပ်သာကျော်နဲ့ တွေ့ဆုံခြင်း
21-Mar-2018 tagged as အနုပညာ

“ကျွန်တော့်ရဲ့အရိပ် သူ့အပေါ်ကျမှာ ကြောက်တယ်။ သူက ကျွန်တော်နဲ့ တူနေတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး” နေမင်း 

“ကျွန်တော်က ဦးနိုင်လို အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်” အုပ်သာကျော် 

အနုပညာလောကမှာ ရှားရှားပါးပါး တူဝရီးနှစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်နေမင်း၊ အုပ်သာကျော်တို့နဲ့တွေ့ဆုံပြီး ဦးလေးဖြစ်သူက တူအပေါ် သင်ပြပေးမှုအပိုင်းနဲ့ ပံ့ပိုးပေးမှုများ၊ တူဖြစ်သူက ဦးလေးအပေါ် ထားတဲ့လေးစားမှုနဲ့ စိတ်ခံစားမှုများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : တူဖြစ်သူ သရုပ်ဆောင်လောကထဲ ခြေချလာတာက ဦးလေးရဲ့ တိုက်တွန်းမှုကြောင့် များလား။ 
NM : အမှန်အတိုင်းပြောရရင် ကျွန်တော်က သူ့ကို အနုပညာအလုပ်ကို လုပ်ကိုမလုပ်စေချင်တာပါ။ အဓိက သူတို့ ဖြတ်သန်းမှုနဲ့ ကျွန်တော်တို့ ဖြတ်သန်းမှုက မတူဘူး။ ကျွန်တော်တို့မိဘက ရွာကနေ ကြိုးစားရုန်းကန်ပြီး လက်ရှိအခြေအနေထိ ရောက်အောင် တွန်းပို့ပေးခဲ့ကြတာပါ။ သူတို့ လက်ထက်ကျတော့ ပြည့်စုံတဲ့ ဘဝတစ်ခုကိုရောက် သွားကြပြီ။ အဲ့ဒါကြောင့် ဆင်းရဲတဲ့ဒဏ်၊ အခြေခံလူတန်းစားတွေရဲ့ ရပ်တည်မှု၊ ကျွန်တော်တို့လို ရုန်းခဲ့ရတဲ့ဘဝမဟုတ်ဘဲနဲ့ သူတို့က လိမ်လိမ်မာမာနဲ့ ပညာကိုသင်ခဲ့ရတယ်။ နောက်တစ်ခုက သူက ရိုးသားတယ်၊ တော်တယ်၊ အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ အခါကျတော့ ရုပ်ရှင်လောကနဲ့ အဆင်မပြေနိုင်ဘူး။ ကျွန်တော်တို့ကျတော့ အစောကြီးကတည်းက ဟိုးအောက်ခြေကနေ ကြုံသလိုဖြတ်သန်း၊ ဆိုးသွမ်းလိမ္မာ ဘဝပေါင်းများစွာကို ကျင်လည်ပြီးဖြတ်သန်းလာရတာဆိုတော့ အတွေ့အကြုံအားဖြင့်ရော၊ အမြင်အတွေးအားဖြင့်ပါ ကျွန်တော်တို့မှာ အပြည့်ရှိတယ်။ သရုပ်ဆောင်လုပ်တဲ့ အခါမှာရော၊ လူတွေနဲ့ဆက်ဆံတဲ့အခါမှာပါ အဆင်ပြေတယ်။ သူကကျတော့ သူသင်ကြားတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ သူရဲ့ဘဝရပ်တည်မှုက ရုပ်ရှင်လောကနဲ့ နည်းနည်းလေးဟနေတယ်။ အဲ့ဒါကြောင့် မလုပ်စေချင်တာပါ။ ဒါပေမဲ့ သူက ဝါသနာပါပြီးလုပ်မယ်လို့ ဆုံးဖြတ်ထားတော့လည်း မတားတော့ပါဘူး။ 

Voice : သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အဓိက ဘယ်လိုအရာတွေကို သင်ပြပေးဖြစ်လဲ၊ အကြံဉာဏ်ပေးဖြစ်လဲ။
NM : ကျွန်တော်ကိုယ်တိုင်က သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ဘာမှမတတ်ပါဘူး။ ကျွန်တော်က ဘာကျောင်းမှလည်း တက်ခဲ့တာမရှိသလို ဘယ်မှာမှလည်း လေ့လာခဲ့တာမရှိပါဘူး။ ကျွန်တော်တို့ရုပ်ရှင် လောကမှာရှိတဲ့ အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ ဒါရိုက်တာတွေရဲ့ သွန်သင်ညွှန်ပြမှုတွေ၊ ဆုံးမမှုတွေနဲ့ လက်ရှိအခြေအနေ ထိရောက်လာတာပါ။ နောက်တစ်ခုက နိုင်ငံခြားကားတွေကြည့်ပြီး လေ့လာခဲ့ရတယ်။ အဲ့ဒါကြောင့် သူ့ကို တိတိကျကျ ပြန်ပြောကြဖို့ကျတော့ ကျွန်တော်ကိုယ်တိုင်က တိတိကျကျ မတတ်ခဲ့ဘူးလေ။ အမြင်၊ အကြား၊ စိတ်ခံစားမှုကို အတုခိုးပြီးတော့ ကိုယ့်ဘာသာကိုယ် လေ့လာခဲ့ရတယ်။ သူ့ကို ကျွန်တော် သင်ပေးနိုင်တာက စိတ်အကြောင်းပဲ သင်ပေးနိုင်တယ်၊ ဘာကြောင့် ဒီစိတ်ထားရတယ်၊ ဇာတ်ရုပ်တစ်ခုကို ဘယ်လိုမွေးရတယ် စသဖြင့်ပေါ့နော်။

Voice : အနုပညာလောကမှာ ရှေ့ကလူက အောင်မြင်နေရင် နောက်ကလူကကျော်ဖို့ တော်တော်လေးကို ခဲယဉ်းတယ်နော်။ 
NM : မိသားစုတိုင်း၊ ကိုယ့်ပတ်ဝန်းကျင်တိုင်းမှာတော့ မျိုးဆက်တစ်ခုကတော့ ရှိကြမှာပါပဲ။ ဒါပေမဲ့ မျိုးဆက်တစ်ခုနဲ့တစ်ခုကို လက်ဆင့်ကမ်းတဲ့နေရာမှာ နောက်က လိုက်လုပ်ရတဲ့လူတွေက ပိုကြိုးစားရပါတယ်၊ ပိုခက်ခဲပါတယ်။ ကိုသားညီဆို ကျွန်တော့် ရင်ဖွင့်ဖူးတယ်၊ မင်းသွေးလည်း ကျွန်တော့်ကို ရင်ဖွင့်ဖူးတယ်။ တကယ်တော့ သူတို့နှစ်ယောက်စလုံးက အရမ်းကို ကြိုးစားကြပေမယ့် ရှေ့ကအရောင်က ရှိနေတဲ့အခါကျတော့ ကျော်ဖို့မလွယ်ကြဘူး။ အုပ်သာကျော်ဆိုရင်လည်း သူနိုင်သလောက် သူ့စွမ်းအင်နဲ့ ကြိုးစားတယ်။ သို့သော် ကျွန်တော့်ရဲ့အရိပ် သူ့အပေါ်ကျမှာ ကြောက်တယ်။ အဲ့ဒါကြောင့် ကားရိုက်ရင်လည်း အပြိုင်၊ ဟိုဘက် ဒီဘက် အကန်ပဲထားတယ်။ အဓိက သူက ကျွန်တော်နဲ့ တူနေတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ 

Voice : ဦးလေးဖြစ်သူကို အားကျပြီး သရုပ်ဆောင်လောကထဲ ဝင်ခဲ့တာလား၊ သူ့ဆီကနေ ဘယ်လိုပညာတွေကို ပြန်သင်ယူဖြစ်လဲ။ 
OTK : သရုပ်ဆောင်စလုပ်တုန်းက ကျွန်တော်က အတွေ့အကြုံမရှိတော့ သူတင်ကိုယ်တင် သရုပ်ဆောင်တဲ့အခါမှာ အခက်အခဲတွေအများကြီး တွေ့ရတယ်။ ဇာတ်ကားတစ်ကားမှာ ကိုယ့်ရဲ့ဇာတ်ရုပ်နဲ့ညီအောင် ဘယ်လိုမျိုး သရုပ်ဆောင်ရမှာလဲ ဆိုတာကအစ မလုပ်တတ်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ဦးလေးရဲ့ အရင်တုန်းက ဇာတ်ကားတွေကို ပြန်ပြီးတော့ကြည့်တယ်၊ လေ့လာတယ်။ ဦးနိုင်နဲ့တွေ့တဲ့အခါမှာ သိချင်တာလေးတွေမေးတယ်။ နောက်တစ်ခုက သရုပ်ဆောင်တစ်ယောက်မှာ မျက်လုံးက အရေးကြီးဆုံးပဲ၊ မျက်လုံးကို ဘယ်လိုထားတယ်ပေါ့နော်။ ဦးနိုင်ကလည်း မျက်လုံးအက်တင်ဆို ပြောစရာမရှိဘူးလေ။ ပြီးတော့ ဇာတ်ရုပ်တစ်ခုကို စိတ်သွင်းတာ၊ ဒိုင်ယာလော့ခ်တစ်ခုကို ဘယ်လိုပြောမလဲဆိုတာကို ဦးနိုင်ဆီမှာ ပြန်ပြီးတော့ သင်ရတာပေါ့။ ကျွန်တော်ရိုက်ခဲ့ဖူးသမျှ ဒါရိုက်တာတွေ၊ ကင်မရာမန်းတွေ အကုန်လုံးဆီကနေလည်း သင်ယူတယ်။ နောက်ဆုံး မီးထိုး၊ မှန်ထိုးသမားတွေဆီကအစ ကျွန်တော် မသိတာတွေကို လေ့လာခဲ့ပါတယ်။ 

Voice : တူဝရီးနှစ်ယောက်ဆုံပြီး ဇာတ်ကား ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ၊ ဦးလေးဆီက ကိုယ့်အကြိုက်ဆုံးအက်တင်က ဘယ်အက်တင်လဲ။ 
OTK : ကျွန်တော်တို့နှစ်ယောက်ဆုံပြီး ရုပ်ရှင်ကားကြီးသုံးကား၊ ဗီဒီယိုမှာ သုံးကားဆုံပြီးသွားပြီ။ နောက်တစ်ခုက ဦးနိုင်အက်တင်ထဲမှာ ကျွန်တော် အကြိုက်ဆုံးအက်တင်ဆိုရင် ဒရာမာခန်းတွေပေါ့နော်။ ကိုယ်အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်၊ ကိုယ်အရမ်းမြတ်နိုးတဲ့ လူတစ်ယောက်ကို ချစ်တဲ့အခါမှာ ကြည့်တဲ့မျက်လုံးတွေ၊ ဝမ်းနည်းတဲ့အခါမှာ ကျလာတဲ့ မျက်ရည်တစ်ပေါက်ချင်းစီကအစ ကြိုက်တယ်။ ဦးနိုင်က ကျွန်တော်လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ 

Voice : ကိုယ့်ရှေ့မှာ ဦးလေးရှိတာကြောင့် အနုပညာ အလုပ်လုပ်ရတဲ့အခါမှာ ပိုအားရှိလား၊ ကိုယ်မျှော်မှန်းထားတဲ့ ပန်းတိုင်က ဘယ်လောက်ထိဖြစ်မလဲ။
OTK : သရုပ်ဆောင်အသစ် တစ်ယောက်အနေနဲ့ ဦးနိုင်လိုမျိုး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဦးနိုင်က ကျွန်တော်တို့လို တူတွေကို စေတနာ၊ မေတ္တာအပြည့်နဲ့ မြေတောင်မြှောက်ပေးတော့ ကျွန်တော်တို့မှာ အားပိုတက်ရပါတယ်။ နောက်တစ်ခုက ကြိုးစားတဲ့အခါမှာလည်း ဘယ်လိုပဲအခက်အခဲတွေ ကြုံတွေ့ပါစေ၊ ဘယ်လိုပဲ ဒုက္ခတွေကြုံတွေ့ပါစေ ဦးလေးရှိတာကြောင့် ကျွန်တော်တို့မှာပိုပြီးတော့ ကြိုးစားချင်တဲ့စိတ်တွေလည်း ဖြစ်လာတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်က ဦးနိုင်လိုအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်။  

ဝင်းထွန်းနိုင်