News

POST TYPE

ENTERTAINMENT

မေသန်းနုနဲ့ တွေ့ဆုံခြင်း
20-Mar-2018 tagged as အနုပညာ



“မဆင့်တို့ နှစ်ယောက်လုံး ဆုရခဲ့မယ်ဆိုရင် သားလေး ပိုပျော်မှာပေါ့နော်။ ထာဝရအမေ ရုပ်ရှင်ကို ရိုက်ခဲ့တာလည်း သားရဲ့ တိုက်တွန်းမှုကြောင့် ပါပါတယ်” 

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ “ထာဝရအမေ” ရုပ်ရှင်နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရဖို့ ရေပန်းစားနေတဲ့ ဝါရင့်သရုပ်ဆောင် မေသန်းနုနဲ့ တွေ့ဆုံပြီး အကယ်ဒမီ ရင်ခုန်သံ၊ ဇာတ်ကားရိုက်ကူးစဉ်က အမှတ်တရဖြစ်ရပ်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “ထာဝရအမေ” ရုပ်ရှင်နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရဖို့ ရေပန်းစားနေတဲ့အပေါ် ဘယ်လိုခံစားမှုရှိလဲ။
MTN : ဒီဇာတ်ကားလေးအတွက်ကတော့ မဆင့်ရင်ခုန်ပါတယ်။ ကြိုးစားအားထုတ်မှုတွေလည်း အများကြီးပဲလေ။ ရိုက်ထားတာလည်း သပ်သပ်ရပ်ရပ်လေးနဲ့ဆိုတော့ ကိုယ်မှမဟုတ်ဘူး၊ ဇာတ်ကားထဲမှာပါတဲ့ အနုပညာရှင်တွေ အကုန်လုံးကို ရစေချင်ပါတယ်။ မဆင့်တို့ကတော့ ကိုယ့်ရဲ့ အနုပညာပိုင်းမှာ ကိုယ်တတ်နိုင်သမျှ ကြိုးစားအားထုတ်ထားတယ်။ အကယ်ဒမီဆုဆိုတာကလည်း ကိုယ်နဲ့ ကံစပ်မှ ရတာလေ။ ကိုယ့်လိုပဲ တခြားအနုပညာရှင်တွေလည်း ကြိုးစားထားကြတာကို တွေ့ရပါတယ်။ ဘယ်သူပဲဆုရရ မဆင့်တို့ကတော့ ဝမ်းသာပါတယ်။

Voice : ဒီဇာတ်ကားမှာ အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းရဲ့ မိခင် ဒေါ်ခင်ခင်ဖြစ်ဖို့ကျတော့ ဘယ်လိုကြိုးစားခဲ့ရလဲ။
MTN : မဆင့်က အစတုန်းကတော့ ဒီကားကိုရိုက်ဖို့ နည်းနည်းလေးလန့်တယ်။ ဆရာကြီးရဲ့ အမေကလည်း အပြင်မှာ သက်ရှိထင်ရှားရှိခဲ့ဖူးတဲ့သူတစ်ယောက်ဆိုတော့ ကိုယ်သရုပ်ဆောင်တာမတူရင် ရှက်စရာကြီးလေ။ အဲ့ဒါကြောင့် ဆရာကြီးဆီကနေ သူ့အမေရဲ့ ဓာတ်ပုံတွေ တောင်းကြည့်ပါတယ်။ အရင်ခေတ်က ဝတ်စားဆင်ယင်ပုံတွေ လေ့လာရအောင်ပေါ့နော်။ ဒါရိုက်တာကတော့ ၁၉၆၀ တစ်ဝိုက်ကလို့ ပြောတယ်။ ဒါပေမဲ့ မြို့နဲ့နယ်ကျတော့ ဝတ်ပုံစားပုံက မတူဘူးလေ။ ဆရာကြီးအမေရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကိုကြည့်တယ်။ မဆင့်က ငယ်ဘဝကနေ အသက်ကြီးတဲ့အထိ အဆင့်ဆင့် သရုပ်ဆောင်ရတာဆိုတော့ Mood ကိုလည်း အရမ်းသတိထားရတယ်။ ရိုက်တာကလည်း ဇာတ်ညွှန်းကို အစဉ်လိုက်ရိုက်တာ မဟုတ်ဘူးလေ။ အဆင်ပြေသလို ရိုက်ရတာဆိုတော့ သတိထားရတယ်။

Voice : မဆင့်ရဲ့အမေ ကိုယ်တိုင်လည်း ဒေါ်ခင်ခင်လိုပဲ ဘဝအနိမ့်အမြင့် အတက်အကျတွေ အများကြီး ကြုံခဲ့ရတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ ပြောဖူးတယ်။ 
MTN : မဆင့်တို့မိသားစုမှာလည်း အမေက ဒေါ်ခင်ခင်လို ရုန်းကန်ခဲ့ရတာလေ။ ကိုယ်တိုင်လည်း အမေတစ်ယောက် ဖြစ်လာတော့ သားသမီးအပေါ်ချစ်တဲ့အချစ်ကို နားလည်တယ်။ မဆင့်အတွက်ကတော့ ဒီလိုမိခင်မျိုးတွေက ကိုယ့်ပတ်ဝန်းကျင်မှာလည်း မြင်ဖူးတွေ့ဖူးနေတာဆိုတော့ သရုပ်ဆောင်ရတာ ပိုပြီး ကောင်းသွားတာပေါ့။ ဆရာကြီးရဲ့ အမေကတော့ ခံယူချက်ပြင်းထန်တဲ့ မိန်းမတစ်ယောက်ပါ။ မဆင့်တို့ ကိုယ်တိုင်လည်း “ထာဝရအမေ” ဇာတ်ကားကို ရိုက်ရတဲ့အတွက် ပညာလည်း အများကြီးရသလို၊ သင်ခန်းစာတွေလည်း အများကြီးရပါတယ်။

Voice : ဒီဇာတ်ကားမှာ မဆင့်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေဆိုရင်ရော ဘယ်အခန်းတွေ ဖြစ်မလဲ။
MTN : သားဆရာဝန်ဖြစ်တဲ့ အခန်းဆို ရိုက်တုန်းကတော့ ကိုယ်က ပျော်ပြီး ပတ်ပြေးနေတာပေါ့နော်။ ဇာတ်ကားဆက်ပြီးတဲ့အချိန်မှာ ပြန်ကြည့်ရတာတော့ ကောင်းပါတယ်။ နောက်ပြီး မြို့ကို ယောကျာ်းမသိဘဲ တက်သွားတဲ့အခန်းတွေလည်း ကြိုက်တယ်။ အဘွားကြီးဖြစ်နေပေမယ့် ကိုယ့်ယောကျာ်းပေါ်မှာ ချစ်တဲ့အချစ်ကတော့ အမြဲတမ်း ရှိနေတယ်ဆိုတာကို ပြတာပေါ့နော်။ အဲ့ဒီအခန်းလည်း မဆင့်ကြိုက်တယ်။ ယောကျာ်းသေပြီးတဲ့အချိန်မှာ ကိုယ်က ဝမ်းနည်းနေပေမယ့်လည်း သားလုပ်တဲ့သူက ပညာတော်သင်သွားရမယ်ဆိုတော့ သူ့ကို အားပေးတဲ့အခန်းလေးလည်း ကြိုက်ပါတယ်။ ကိုယ့်စိတ်က ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ၊ သားသမီးကို စိတ်ဓာတ်ခွန်အားပေးတဲ့ မိခင်တစ်ယောက်ရဲ့ အခန်းတွေကိုလည်း ကြိုက်ပါတယ်။

Voice : ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ မဆင့်နဲ့ သူနဲ့ စင်ပေါ်မှာ အတူတူ ဆုမယူဖူးဘူးလို့ ပြောဖူးတယ်။ ဒီနှစ်မှာ နှစ်ယောက်လုံး ဆုရခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။
MTN : မဆင့်တို့ နှစ်ယောက်လုံး ဆုရခဲ့မယ်ဆိုရင် သားလေးပိုပျော်မှာပေါ့နော်။ ထာဝရအမေ ရုပ်ရှင်ကို ရိုက်ဖြစ်ခဲ့တာကလည်း သားရဲ့ တိုက်တွန်းမှုကြောင့်ပါပါတယ်။ မဆင့်ကတော့ ဒါရိုက်တာနဲ့ ပြဿနာဖြစ်မှာစိုးလို့ လက်မခံဘူးပေါ့နော်။ ဒါပေမဲ့ သားကလည်း ရိုက်စေချင်တယ်။ ဇာတ်လမ်းကလည်း ကိုယ့်အတွက် လုပ်ကွက်အများကြီးရတဲ့ ဇာတ်ဆိုတော့ ရိုက်ချင်တယ်။ မဆင့်တို့ အသက်အရွယ်မှာကျတော့ ရွေးချယ်စရာ သိပ်မရှိတော့ဘူး။ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ကြရတာပါ။ ထာဝရအမေလို လုပ်ကွက်အများကြီးရတဲ့ ဇာတ်မျိုးကို ငြင်းလိုက်မယ်ဆိုရင် မဆင့်လောက်မိုက်တဲ့သူ ရှိမှာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် မဆင့် လက်ခံရိုက်ကူးခဲ့တာပါ။ 

Voice : မဆင့်နဲ့အပြိုင် နာမည်ထွက်နေတာကတော့ မအူဝဲပေါ့လေ။ မအူဝဲပါတဲ့ “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်ကိုရော ဘယ်လိုမြင်မိလဲ။
MTN : မဆင့်ကတော့ အူဝဲကိုလည်း ရစေချင်ပါတယ်။ ရင်ဘတ်ထဲက ဓား ရုပ်ရှင်ကိုတော့ မဆင့် မကြည့်ဖူးဘူး။ ပရိသတ်တော်တော်များများကတော့ ကြိုက်ကြတယ်။ အူဝဲ သရုပ်ဆောင်တာလည်း အရမ်းကောင်းတယ်လို့ပြောကြတယ်။ ဖေ့စ်ဘွတ်ခ်မှာတော့ ရင်ဘတ်ထဲက ဓား ဇာတ်ကားနမူနာလေးတော့ မဆင့် ကြည့်လိုက်ရတယ်။ ဟုတ်တယ်။ အူဝဲ သရုပ်ဆောင်တာ တော်တော်ကောင်းပါတယ်။ မဆင့်ကတော အူဝဲကိုလည်း ရစေချင်ပါတယ်။

သန့်ဇင်ဦး