News

POST TYPE

ENTERTAINMENT

စင်ရော်မောင်မောင်နဲ့ တွေ့ဆုံခြင်း
14-Mar-2018 tagged as အနုပညာ

“ကျွန်တော့်စိတ်ထဲမှာတော့ ရိုးသားစွာပြောရရင် မဆင့်နဲ့ အူဝဲ နှစ်ယောက်စလုံးကို ရစေချင်တယ်”

၂၀၁၇ ခုနှစ်၊ အကယ်ဒမီပေးပွဲမှာ ထူးချွန်ဆုတွေများစွာ ရရှိလိမ့်မယ်ဆိုပြီး ပရိသတ်တွေ ခန့်မှန်းနေကြတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကို အဓိကပုံဖော်ဖန်တီးသူ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့တွေ့ဆုံပြီး အကယ်ဒမီနဲ့ပတ်သက်တဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု စကားသံများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။
 
Voice : အကယ်ဒမီပေးပွဲက နီးလာပြီ၊ “ထာဝရအမေ” ရုပ်ရှင်ကားကလည်း ဆုတွေအများကြီး ရလိမ့်မယ်ဆိုပြီး သတင်းတွေထွက်နေတော့ လက်ရှိအချိန် ကိုယ့်ရဲ့ရင်ခုန်မျှော်လင့်မှုက ဘယ်လိုရှိနေလဲ။ SYMM : ပရိသတ်တွေအားလုံးက တစ်ခဲနက် လှိုက်လှိုက်လှဲလှဲနဲ့ ကျွန်တော်တို့ကို အားပေးတာ တွေ့ရတာနဲ့တင် တော်တော်လေးကျေနပ်နေပါပြီ။ အဓိက ဆယ့်နှစ်နှစ်လောက်ဝေးနေတဲ့ ကျွန်တော်ရယ်၊ မဆင့်ရယ်၊ သားရယ် ဆုံစည်းမှုမှာ ထူးခြားတာများ ဖြစ်ခဲ့ရင်တော့ ကျွန်တော့်သား အရမ်းပျော်မှာပါ။ သူ့အတွက် ကျွန်တော် ရင်ခုန်ပေးနေပါတယ်။ ဒါပေမဲ့ သားကတော့ အကယ်ဒမီပွဲကို မလာနိုင်ပါဘူး။ သူက အမေရိကားကနေပဲ Live စောင့်မယ် ပြောပါတယ်။ 

Voice : “ထာဝရအမေ” ရုပ်ရှင်ကားနဲ့ နာမည်အထွက်ဆုံးဖြစ်နေတာက မဆင့်ပေါ့နော်၊ သူရနိုင်လိမ့်မယ်လို့ ဦးမောင် ထင်မိလား။
SYMM : ကျွန်တော်တို့ကတော့ ငယ်ငယ်တုန်းက ဆယ်တန်းဖြေသလိုပါပဲ၊ ကိုယ်နဲ့ စာအတူတူကျက်တဲ့ လူတွေအားလုံးကို ဂုဏ်ထူးနဲ့အောင်စေချင်တယ်။ မဆင့်ဆိုတာက ကျွန်တော်နဲ့ အနီးကပ်ဆုံး စာကျက်ခဲ့ရတဲ့လူပဲလေ။ သူ့ရဲ့ အက်တင်ဆိုတာလည်း လက်ရှိအချိန်မှာ အံ့မခန်းပါပဲ။ ရေအိုးကြီးတစ်လုံး ပြည့်နေပြီး ရေတွေလျှံကျတဲ့အချိန်၊ သူသာရခဲ့ရင် ကျွန်တော်လည်း အရမ်းဝမ်းသာမယ်၊ ကျွန်တော့်သားလည်း အရမ်းဝမ်းသာမယ်၊ သူ့ရဲ့ပရိသတ်တွေလည်း အရမ်းဝမ်းသာကြမှာပါ။

Voice : ဦးမောင်နဲ့မဆင့်က အကယ်ဒမီဆုတွေ ကိုယ်စီရထားကြပေမယ့် စင်ပေါ်မှာ နှစ်ယောက်စလုံး တစ်ခါမှ မဆုံဖူးသေးဘူးနော်။ 
SYMM : ကျွန်တော်တို့နှစ်ယောက်က အကယ်ဒမီစင်မြင့်ပေါ်မှာ တစ်ခါမှ မဆုံဖူးသေးဘူး။ ကျွန်တော်ရိုက်တဲ့ကားနဲ့ သူရတယ်၊ သူပံ့ပိုးတဲ့ကားနဲ့ ကျွန်တော်ရခဲ့တယ်။ အဲ့ဒါကြောင့် တကယ်လို့ အကယ်ဒမီစင်မြင့်ပေါ်မှာ နှစ်ယောက်သား ဆုံခဲ့ရရင်တော့ တော်တော်ပျော်စရာကောင်းမှာပါ။ 

Voice : “ထာဝရအမေ” ရုပ်ရှင်ကားမှာ မဆင့်က မဆင့်ဆိုတာပျောက်ပြီး ဒေါ်ခင်ခင်ဖြစ်သွားတယ်လို့ ပရိသတ် တော်တော်များများကလည်း မှတ်ချက်ပြုကြတယ်။
SYMM : မဆင့်အမေက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့ ဒေါ်ခင်ခင်လိုပဲ နေခဲ့ရတယ်။ မဆင့်လည်း ဘဝကို တော်တော်လေး ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်နေရတယ်။ အဲ့ဒါကြောင့် ကျွန်တော်လည်း စာနာပါတယ်။ သူ့မှာ သားအတွက် အမေတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိနေတာပေါ့နော်။ အဓိက ဒေါ်ခင်ခင်လို အမေမျိုးတွေ အများကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြီးကြိုးစားကြတဲ့အထဲမှာ မဆင့်က အရမ်းကို ထူးချွန်ပြောင်မြောက်စွာ ကျွန်တော်စိတ်တိုင်းကျ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 

Voice : အမျိုးသမီးဇာတ်ဆောင်ဆုအတွက် တစ်ဖက်မှာလည်း မအူဝဲက နာမည်ထွက်နေတယ်နော်၊ မအူဝဲဆိုတာက ကိုယ်နဲ့လည်း ဇာတ်ကားတွေ၊ ကြော်ငြာတွေ အများကြီးရိုက်ဖူးတော့ သူ့ကို ဘယ်လိုသုံးသပ်ချင်လဲ။ 
SYMM : အူဝဲက ကျွန်တော်ရိုက်ဖူးတဲ့ သရုပ်ဆောင်တွေထဲမှာ အလွန်ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူက မဆင့်လိုပဲ အက်တင်သိပ်တော်တဲ့ မိန်းကလေးပါ၊ အက်တင်အရာမှာ တကယ့်ကိုပြည့်လျှံနေတဲ့ ဝါရင့်သရုပ်ဆောင် တစ်ယောက်ပေါ့နော်။ အဲ့ဒါကြောင့် သတ်မှတ်ထားတဲ့ စံချိန်၊ စံညွှန်းအတိုင်း အကယ်ဒမီကို ဘယ်သူရရပါ၊ သူတို့ နှစ်ယောက်စလုံးက ထိုက်တန်တဲ့ သရုပ်ဆောင်တွေပါပဲ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ရိုးသားစွာပြောရရင် မဆင့်နဲ့အူဝဲ နှစ်ယောက်စလုံးကို ရစေချင်တယ်။

Voice : ၂၀၁၇ ခုနှစ်မှာ ဇာတ်ကားကောင်းတွေကလည်း အများကြီးရှိတော့ ပိုပြီးတော့ အကြိတ်အနယ်လည်းရှိတယ်၊ ပရိသတ်တွေကလည်း အရင်နှစ်ကထက်စာရင် ပိုပြီး စိတ်ဝင်စားနေကြတာ တွေ့ရတယ်၊ ဦးမောင်ကိုယ်တိုင်က ဘယ်လိုမြင်မိလဲ။ 
SYMM : “ကြိုးကြာတောင်ပံခတ်သံ” ရုပ်ရှင်ကားမှာ ဇာတ်ကားဆုရပြီး ဒါရိုက်တာဆုမရခဲ့ဘူး။ “ပန်းကြာဝတ်မှုံ” ရုပ်ရှင်ကားမှာကျတော့ အကယ်ဒမီဆု ခြောက်ဆု၊ ခုနစ်ဆုလောက် တစ်ကြိုပြေးပြီး ကျွန်တော်တို့ လွဲခဲ့ရတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ရင်ခုန်သံ ပိုမြန်ပါတယ်။ နောက်တစ်ခုက အကယ်ဒမီနဲ့ပတ်သက်ပြီး သွားနေတဲ့ အဆင့်ဆင့် ဆောင်ရွက်မှုတွေက သိပ်စနစ်ကျတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့တွေက အကောင်းဆုံး ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့က လက်ခံပြီး မုဒိတာပွားဖို့လိုပါတယ်။ 

Voice : ကိုယ့်ရဲ့ဇာတ်ကားတွေနဲ့ ပရိသတ်တွေမျှော်လင့်ခဲ့တဲ့ ဆုတွေလည်း အများကြီးရှိသလို လွဲခဲ့တဲ့ဆုတွေလည်းရှိတော့ အကယ်ဒမီနဲ့ပတ်သက်တဲ့ ခံစားချက်တွေက ပျောက်ကွယ်သွားပြီလား။
SYMM : ကျွန်တော့်အနေနဲ့ ရိုးသားစွာပြောရရင်တော့ အကယ်ဒမီဆိုတာက အနုပညာသမားတိုင်းရဲ့ရင်ထဲမှာ ထာဝရရှင်သန်နေကြတာပါပဲ။ ဦးညွှန့်ဝင်းဆိုရင်လည်း အကယ်ဒမီကို နောက်ထပ်ထပ်ယူဦးမယ်လို့ ပြောနေတုန်းပါ။ သူဆိုတာ ကျွန်တော်အလွန်အားကျခဲ့ရတဲ့ အနုပညာရှင်ပါ။ အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပရိသတ်ကပေးတဲ့ အကယ်ဒမီကိုတော့ ကျွန်တော်တို့ ရထားခဲ့ပြီ။ တခြားကျန်တာကတော့ လာမယ့်မတ်လ ၂၃ ရက်နေ့ညကျရင် ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားပေါ့နော်။ 

ဝင်းထွန်းနိုင်


  • VIA