News

POST TYPE

ENTERTAINMENT

ဖွေးဖွေးနဲ့ တွေ့ဆုံခြင်း
13-Mar-2018

“ပြည့်တန်ဆာ လူတန်းစားမှ မဟုတ်ပါဘူး။ အခြားလူတန်းစားတွေလည်း လူ့အခွင့်အရေး အပြည့်အဝ မရသေးပါဘူး”


အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ မတ်လ ၁၆ ရက်နေ့မှာ စတင်ရုံတင်ပြသတော့မယ့် “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားမှာ ပြည့်တန်ဆာ မိန်းကလေးတစ်ဦးအဖြစ် သရုပ်ဆောင်ထားတဲ့ ဖွေးဖွေးနဲ့တွေ့ဆုံပြီး ဇာတ်ရုပ်အတွက် ပြင်ဆင်မှု၊ ဇာတ်ကားနဲ့ ပတ်သက်တဲ့ ခံစားမှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရွှေကြာ ရုပ်ရှင်ဇာတ်ကား မရိုက်ခင်မှာ ပြည့်တန်ဆာမိန်းကလေးတွေရဲ့ ဘဝကို လေ့လာခဲ့သေးလား။
PP : ဖွေးက ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ နေပါတယ်။ ငယ်ငယ်ကတည်းက ရွှေကြာလို မိန်းကလေးတွေကို တွေ့ခဲ့ဖူးတယ်။ ကန်ဘောင်ပေါ်မှာ ကောင်မလေး ငယ်ငယ်လေးတွေရော၊ ရွှေကြာလိုအရွယ် မိန်းကလေးတွေရော တွေ့ဖူးပါတယ်။ ငယ်ငယ်တုန်းကတော့ ဇာတ်ကားထဲမှာပါတဲ့ စံထားညိုလိုပဲ တွေးဖူးတယ်။ ဒီအလုပ်ကို ဘာလို့လုပ်ကြတာလဲပေါ့။ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူတို့ဘဝကို ကိုယ်တိုင်နားလည်လာတယ်။ ရွှေကြာ ကာရိုက်တာအတွက် သူတို့နဲ့တွေ့ပြီး စကားပြောဖြစ်တဲ့ အချိန်မှာ သူတို့အကြောင်းကို သိလာပါတယ်။ ရွှေကြာလို မိန်းကလေးတွေရှိတဲ့ စင်တာတွေမှာလည်း သွားလေ့လာပါတယ်။

Voice : ဒီဇာတ်ကား ရိုက်ပြီးသွားတဲ့ အချိန်မှာရော ရွှေကြာလို မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားမှုမျိုးကျန်ခဲ့လဲ။
PP : ဖွေး အမှန်အတိုင်း ပြောရရင်တော့ သူတို့ဘဝတွေကို ပိုပြီးတော့ ကိုယ်ချင်းစာသွားတယ်။ ဆရာမပုညခင်ရေးတဲ့ “အရှေ့တံခါးအဝင်” ဝတ္ထုကို မဖတ်ခင်တုန်းက သူတို့ဘဝကို အဲ့လောက် မသနားခဲ့ဘူး။ ညဘက်လမ်းပေါ်မှာ ကလပ်တွေမှာ သူတို့ကိုတွေ့ရင် ဘာလို့ ဒီအလုပ်လုပ်တာလဲ မသိဘူးဆိုပြီး တွေးဖြစ်တယ်။ ဒီကားရိုက်ပြီးသွားတဲ့ အချိန်မှာတော့ ဘယ်မိန်းကလေးကမှ ရွှေကြာလိုဘဝမျိုး ရောက်ချင်မှာ မဟုတ်ဘူးဆိုတာ သိခဲ့တယ်။ ကိုယ့်အပေါ် တန်ဖိုးထားခံရပြီး၊ ဘဝကိုလည်း ကောင်းကောင်းမွန်မွန် ဖြတ်သန်းချင်မှာပေါ့နော်။ ဒီကားရိုက်ပြီးသွားတဲ့ အချိန်မှာတော့ နှစ်ပတ်လောက်က ကိုယ့်စိတ်ကို ပေါ့ပေါ့ပါးပါး ပြန်ဖြစ်အောင် ကြိုးစားရတယ်။ ရင်ထဲမှာ မွန်းကျပ်ပြီး ကျန်ခဲ့တာဆိုတော့လေ။

Voice : အခုနောက်ပိုင်း ရွှေကြာလို မိန်းကလေးတွေကို တွေ့တဲ့အခါမှာရော ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်ဖြစ်လဲ။
PP : အခုနောက်ပိုင်းကတော့ ဖွေးက ရွှေကြာလို မိန်းကလေးတွေနဲ့တွေ့ရင် ဖက်လဲတကင်းနဲ့ စကားပြောလိုက်တာပဲ။ ညီမလေးတို့အတွက် ရွှေကြာရုပ်ရှင် ရိုက်ထားတယ်။ သွားကြည့် ဖြစ်အောင် ကြည့်နော်လို့လည်း ပြောဖြစ်တယ်။ သူတို့ကလည်း ရုံတင်ရင် သွားကြည့်မယ်လို့ ပြောကြတယ်။ ရွှေကြာရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ သူတို့ ကျင်လည်ရတဲ့ ဘဝကနေ ရုန်းထွက်ဖို့ အားတစ်ခုရမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီလောက်တော့ ရုန်းထွက်ဖို့ မလွယ်ဘူးပေါ့နော်။ ခက်ခက်ခဲခဲတော့ ကြိုးစားရမှာပေါ့နော်။ ဒီကားထဲမှာ နားမကြားတဲ့ ကလေးငယ် တစ်ယောက် မုဒိမ်းကျင့်ခံရတာလည်း ရိုက်ပြထားတယ်။ ကျူးလွန်တဲ့သူက တစ်ကြိမ်တည်း ကျူးလွန်လိုက်ပေမယ့် သူတို့ကျတော့ ဘဝတစ်လျှောက်လုံး ခံစားသွားရတယ်။ ဒီလိုမျိုး သက်ငယ် မုဒိမ်းမှုတွေကိုလည်း ပပျောက်စေချင်ပါတယ်။

Voice : ပြည့်တန်ဆာတွေကို တရားဝင်လိုင်စင်ထုတ်ပေးဖို့ ဆွေးနွေးခဲ့ကြတာတွေလည်း ရှိခဲ့ဖူးတယ်။ ကိုယ်တိုင်ကရော လိုင်စင်ထုတ်ပေးသင့်တယ်လို့ မြင်လား၊ မထုတ်ပေးသင့်ဘူးလို့မြင်လား။
PP : ရွှေကြာဇာတ်ကားထဲမှာ ပြောထားသလိုပါပဲ။ တရားမဝင်ဘူးဆိုတဲ့ ဥပဒေတွေကို ဖယ်လိုက်ရင်ကို ရနေပါပြီ။ မြန်မာပြည်က လူ့အခွင့်အရေး အရမ်းကြီးကြွယ်ဝတဲ့ နိုင်ငံမဟုတ်သေးဘူးလေ။ ပြည့်တန်ဆာလူတန်းစားမှ မဟုတ်ပါဘူး။ အခြားလူတန်းစားတွေလည်း လူ့အခွင့်အရေး အပြည့်အဝ မရသေးပါဘူး။ အဲ့ဒီအတွက် တရားမဝင်ဘူးဆိုတဲ့အချက်ကို ပယ်ဖျက်လိုက်ရင် သူတို့ကို မတရားလုပ်လာရင် တိုင်လို့ရတာပေါ့နော်။ ပြည့်တန်ဆာတွေက အနိုင်ကျင့်ခံရရင်၊ မတရားလုပ်ခံရရင်တောင် မတိုင်ရဲကြဘူးနော်။ ဖွေးရဲ့ ခံစားချက်ကတော့ တရားမဝင်ဘူးဆိုတဲ့ ဥပဒေတွေ ဖယ်စေချင်တာပါပဲ။ ကျန်တာတော့ မပြောတတ်ဘူး။

သန့်ဇင်ဦး

  • VIA