News

POST TYPE

ENTERTAINMENT

ဇော်ဝင်းထွဋ်နဲ့ တွေ့ဆုံခြင်း
12-Mar-2018

“သူများတွေလုပ်ထားတဲ့ သီချင်းကို ဆိုမယ်ဆိုရင်၊ ပြန်တီးမယ်ဆိုရင် ရှေ့ကလူတွေ ဖန်တီးခဲ့တဲ့ စံနှုန်းက ကောင်းချင်မှ ကောင်းနိုင်ပေမယ့် သူတို့က အော်ရဂျင်နယ် ဖြစ်တယ်ဆိုတာတော့ မမေ့ဖို့လိုတာပေါ့”

ရော့ခ်ဂီတ ချစ်ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုကို ရရှိထားဆဲဖြစ်တဲ့ တေးသံရှင် ဇော်ဝင်းထွဋ်နဲ့ တွေ့ဆုံပြီး သီချင်းတစ်ပုဒ်သီဆိုတဲ့အခါမှာ အရေးပါတဲ့အချက်များအကြောင်း၊ သူကြိုက်နှစ်သက်တဲ့ လူငယ်ရော့ခ်အဆိုတော်တွေအကြောင်းနဲ့ ပြန်ဆိုတေးဂယက်အပေါ် သူ့အမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ကိုယ်ဆိုလိုက်တဲ့ သီချင်းတစ်ပုဒ်က နားထောင်တဲ့ပရိသတ်ရင်ထဲကို ရောက်သွားဖို့က ခံစားမှုက အဓိကကျသလား၊ ဆိုတဲ့နည်းစနစ်ပိုင်းက ပိုပြီးအရေးပါလား။
ZWH : အဲ့ဒါကတော့ သီချင်းတစ်ပုဒ်ကို ဆိုလို့ရတဲ့နည်းစနစ်တွေ အများကြီးရှိပါတယ်။ ဥပမာ - ဖြူဖြူကျော်သိန်း ဆိုတာကိုပဲနားထောင်ကြည့်လိုက်ပေါ့နော်။ သီချင်းတစ်ပုဒ်ကို ကြိုက်သလိုဆိုလို့ရတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အသံတစ်ခုတည်းနဲ့ဆိုနေကြတာ များတာပေါ့။ ရုတ်တရက် နားထောင်လိုက်လို့ အသံလေးထူးခြားနေရင် ကြိုက်လိုက်တယ်။ ဒါပေမဲ့ နောက်သီချင်းဆယ်ပုဒ်ဆိုလည်း ဒီအသံနဲ့ပဲဆိုတော့ နားထောင်ရတာရိုးလာတာပေါ့။ သီချင်းတစ်ပုဒ်ကို ပျင်းစရာမကောင်းအောင်၊ တကယ်ခံစားပြီးဆိုရင်တော့ ပရိသတ်လက်ခံအားပေးမှု ရလာမှာပါပဲ။ သီချင်းကို နှလုံးသားနဲ့ဆိုရုံတင် မရသေးပါဘူး။ ဆိုတဲ့နည်းစနစ်ပိုင်း ကောင်းဖို့လည်းလိုပါတယ်။ ဆိုတဲ့အခါမှာ နည်းစနစ်တစ်ခုတည်းနဲ့ မဆိုဖို့ပေါ့နော်။ အဲ့ဒါအရေးကြီးပါတယ်။

Voice : ဒီဘက်ခေတ် ရော့ခ်ဆိုတဲ့ လူငယ်တွေထဲမှာရော ဦးညီထွဋ် သဘောကျမိတဲ့သူတွေက ဘယ်သူတွေ ဖြစ်မလဲ။
ZWH : ကျွန်တော်ကတော့ Hard Rock လို ပုံစံမျိုးတွေ ကြိုက်တာများတယ်။ မြန်မာပြည်မှာတော့ Hard Rock လို ပုံစံမျိုးတွေဆိုတာ နည်းလိမ့်မယ်။ နိုင်ငံခြားမှာဆို Rolling Stone၊ ဘရုစပရင်းတင်း၊ ရော့ခ်စတီးဝပ်တို့ ဆိုခဲ့တဲ့ပုံစံမျိုးပေါ့။ ဒီမှာတော့ အဲ့ဒီလိုပုံစံတွေဆိုတာ နည်းကြတယ်။ အရင်တုန်းကတော့ ပလေးဘွိုင်းကိုသန်းနိုင်ဆို အဲ့ဒီလို သီချင်းမျိုးတွေဆိုလို့ ကျွန်တော်တို့ကြိုက်ခဲ့တာပေါ့နော်။ ဒီဘက်ခေတ်မှာတော့ အဲ့ဒီလိုပုံစံမျိုးတွေဆိုတဲ့ ရော့ခ်တီးဝိုင်းတွေက နည်းမယ်ထင်တယ်။ ဒီဘက်ခေတ်မှာတော့ ရေမွန်တို့၊ ဖော်ကာတို့ကိုတော့ ကြိုက်ပါတယ်။ သူတို့ဆိုရင် ဆိုတာရော၊ Performance ရော ဘာမှပြောစရာမရှိပါဘူး။ ကျားပေါက်လည်း ကြိုက်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ဆိုနေတဲ့ Taste မျိုးတော့ မဟုတ်ဘူးပေါ့နော်။

Voice : မကြာသေးခင်က ပြန်ဆိုတေး ဂယက်ပြန်ထလာတာလည်း တွေ့ရတယ်။ တချို့ပရိသတ်တွေက ပြန်ဆိုတေးထက် မူရင်းအဆိုတော်အသံကိုပဲ လက်ခံကြတယ်။ အဲ့ဒါကရော ဘာကြောင့်လို့ထင်လဲဗျ။
ZWH : ပြန်ဆိုတေးတွေကတော့ ပြန်တော့ဆိုနေကြမှာပါပဲ။ ဒီလိုဆိုတဲ့သဘောကလည်း သီချင်းတွေကို လက်ဆင့်ကမ်းသယ်ဆောင်တဲ့သဘောပါပဲ။ တစ်ခါတလေကျတော့လည်း လက်ဆင့်ကမ်းတဲ့ပုံမပေါက် ဘဲနဲ့ အလုအယက်ဆိုကြတဲ့ပုံစံမျိုး မပေါက်ဖို့လိုတာပေါ့နော်။ ပြန်ဆိုတယ်ဆိုကတည်းက Tribute လုပ်တာပဲလေ။ ရှေ့ကသီချင်းကို လေးစားလို့ဆိုတာ၊ ရှေ့က ဖန်တီးခဲ့တဲ့သူတွေကို လေးစားတဲ့စိတ်နဲ့ဆိုတာပဲ ဖြစ်ရမှာပေါ့နော်။ သီချင်းကိုလည်း လေးလေးစားစားနဲ့ ဆိုဖို့လိုတယ်။ ကိုယ့်သီချင်းကိုတော့ ကိုယ့်ပါးစပ်ထဲမှာ ကြိုက်သလို ဆိုလို့ရတယ်။ ကိုယ့်ဟာကိုယ် ရေချိုးခန်းထဲမှာ အော်နေလည်း ဘာမှမဖြစ်ဘူး။ သူများတွေလုပ်ထားတဲ့သီချင်းကို ဆိုမယ်ဆိုရင်၊ ပြန်တီးမယ်ဆိုရင် ရှေ့ကလူတွေ ဖန်တီးခဲ့တဲ့စံနှုန်းက ကောင်းချင်မှ ကောင်းနိုင်ပေမယ့် သူတို့က အော်ရဂျင်နယ်ဖြစ်တယ်ဆိုတာတော့ မမေ့ဖို့လိုတာပေါ့။ 

Voice : ကိုယ်တိုင်ရော သူများဆိုခဲ့တဲ့သီချင်း ပြန်ဆိုရရင် ဘယ်လိုခံစားချက်နဲ့ဆိုဖြစ်လဲ။
ZWH : ပြန်ဆိုတေးကတော့ ကျွန်တော်က ကိုသန်းနိုင်သီချင်းတွေ တအားကြိုက်တော့ သူ့သီချင်းတွေ ပြန်ဆိုဖူးတယ်။ နောက်ပိုင်းကျတော့ ကိုခင်မောင်တိုး အမှတ်တရတုန်းက ဆိုပေးဖူးတယ်။ ကိုစောဘွဲ့မှူး အမှတ်တရတုန်းကလည်း ဆိုပေးဖူးတယ်။ ဒါပေမဲ့ ကျွန်တော်က တကယ့်ကို Tribute ပုံစံမျိုးနဲ့ ဝင်ဆိုပေးတာပါ။ အဲ့ဒီသီချင်းတွေကို ကျွန်တော့်ရှိုးပွဲတွေမှာ ယူလည်းမဆိုဘူး။ ကျွန်တော့်ရဲ့သီချင်းလို့လည်း မသတ်မှတ်ဘူးပေါ့နော်။ ကိုယ့်ပါးစပ်ထဲရောက်တာနဲ့ ကိုယ့်သီချင်းဖြစ်တယ်လို့လည်း ပြောလို့မရဘူး။ မှားတဲ့ဘက်မှာတို့ ဘာတို့ဆို ပရိသတ်ကြိုက်ခဲ့တာပဲလေ။ ကျွန်တော်က သူများသီချင်း ပြန်ဆိုရင် သူတို့ကို လုံးဝဂုဏ်ပြုတဲ့ပုံစံမျိုးနဲ့ပဲ ဆိုပါတယ်။

Voice : တချို့အဆိုတော်ကြီးတွေက သူတို့နဲ့လက်တွဲနေကျ တေးရေးဆရာတွေက သီချင်းတွေ အရေးကျဲသွားရင် သူတို့ပါ သီချင်းသစ်ထွက်တာ ကျဲသွားတယ်။ ကိုယ်တိုင်ရော အဲ့ဒီလိုမျိုး ကြုံဖူးလား။
ZWH : ကျွန်တော့်ကို သီချင်းရေးပေးတဲ့အထဲမှာ အသက်အငယ်ဆုံးကတော့ ဆောင်းဦးလှိုင်ပေါ့နော်။ ဆောင်းဦးလှိုင်ထက်ငယ်တဲ့သူ ရေးတာတော့ မဆိုခဲ့ဖူးဘူး။ ဒါပေမဲ့ ကျားပေါက်ရေးပေးတဲ့ သီချင်းတစ်ပုဒ်တော့ ဆိုဖူးတယ်။ များသောအားဖြင့် ကျွန်တော်ဆိုတဲ့သီချင်းကို ရေးပေးတဲ့သူတွေက ကျွန်တော်နဲ့စိတ်တူ ကိုယ်တူရှိတဲ့သူတွေများပါတယ်။ ကိုဝင်းလှိုင်ဆိုရင် ကျွန်တော်နဲ့အတူသွား၊ အတူလာ၊ ကျွန်တော့်အိမ်မှာ အတူအိပ်ပြီး တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီးတော့မှ သီချင်းတွေ ရေးပေးတာပါ။ ကိုသုခမိန်လှိုင်၊ ကိုဝင်းမင်းထွေးတို့ဆိုရင် သူတို့ကြုံခဲ့တဲ့ လောကဓံက ကျွန်တော့်ထက် ပိုများပါတယ်။ သူတို့ကြောင့် အရွယ်နဲ့မမျှတဲ့ သီချင်းမျိုးတွေ ကျွန်တော်ဆိုနိုင်ခဲ့တာပေါ့။ ရာဇဝင်သီချင်းဆိုရင် အဲ့ဒီတုန်းက အဲ့ဒီလောက် ဖြတ်သန်းမှု အတွေ့အကြုံမရှိသေးဘဲနဲ့ ဆိုနိုင်ခဲ့တာပေါ့နော်။ အဲ့ဒီနောက်ပိုင်း ပါးစပ်ကအကျင့်ပါသွားတော့ သိပ်နုတဲ့သီချင်းတွေ ဆိုလို့မရတော့ဘူး။ ကိုယ်လည်း အရွယ်တစ်ခုရောက်လာပြီဆိုတော့ အရင်လူတွေနဲ့ပေါင်းပြီး သီချင်းတွေကို ပုံစံပြောင်းပြီး ဖန်တီးဖို့ရှိပါတယ်။

သန့်ဇင်ဦး